ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာစုတေရသော်အခွင့်ကို
ကိုယ်တော်သည် ယခုတွင် ပေးတော်မူ၏။ ဟုရင်လှိုက်သည်းပါ စကားဆို၍ ခေါ်တော်မူခြင်းကို ၀မ်း
မြောက်ဝမ်းသာဆီးကြို ခဲ့သောသူသည် လောကတွင် ရှိခဲ့ပါသည်။
ထိုသူသည် ယုံကြည်ခြင်းကိုမျှား အသွင်ဖြစ်စေပြီး၊ သမ္မာတရား၏လေးညှို့မှာ
တပ်ဆင်ကာ ဘုရားသခင်၏စီမံ ပစ်ခတ်ရာကို ဦးလှည့်မသုန်စိုင်းနှင်ခဲ့ပါသည်။ ဘုရားသခင်အတွက်
လူအများအတွက်ဆိုရင် ရွက်ကျပင်ပေါက်ပမာ ရေမြေမရွေးနေရာဒေသမရွေး ရောက်ရာ၊ ထားရာမှာ
ကျေနပ်ပျော်နေတတ်သလို ရွှေငွေဥစ္စာပကာသန တစ်စိုးတစ်စေ့မျှ လိုလားဟန်လည်းမရှိပါ။
ထိုသူသည် သူတတ်သိသမျှသော ဓမ္မပညာအလင်းဖြင့် လောကအမှောင်ကို ပယ်ခွင်း
ကာလူများအား အလင်းသို့ဆောင်ယှူရန် သာလောဘဇောသန်နေ၏။
ထိုသူ၏အမည်မှာ “ဂျော့ဒါနာဘို့ဒ်မန်” ဖြစ်ပါသည်။ ၁၈၀၁ခု၊ဖေဖော်ဝါရီလ ၈ ရက်တွင်
အမေရိကန်ပြည်၊ မိန်းနယ်မှာမွေးဖွားပြီး ဖခင်မှာ သင်းအုပ်ဆရာဖြစ်ပါသည်။ ဖခင်ခြေရာကိုနင်းရုံမဟုတ်
ဖခင်ထက်ခြေလှမ်းသာအောင် လှမ်းလျှောက်နိုင်သောသားဖြစ်သည်။ ၁၈၂၂ခုနှစ်တွင် တက္ကသိုလ်ဘွဲ့
ကိုရရှိပြီး သူသင်အံတတ်ခဲ့သော ကောလိပ်ကျောင်းတွင် ကျောင်းဆရာအဖြစ်ပြန်လည်ခန့်ထားခြင်းကို
လက်ခံကာနေထိုင်စဉ်၊ သတင်းစာတစ်စောင်၌ ၁၈၂၂ခုနှစ်၊ ဇွန်လလေးရက်နေ့တွင် အန္ဒိယပြည်
စစ်တကောင်းနယ်၊ ကော့ဘဇားအရပ်တွင်သာသနာပြုဆရာ ကိုးလ်မန် ခေါ်တော်မူခြင်းခံရကြောင်း
ဖတ်ရသောအခါ ဘို့ဒ်မန်၏စိတ်နှလုံး၌ ဆရာကိုးလ်မန် အမှုတော်ဆောင်သောမြန်မာနိုင်ငံ၊ ရခိုင်ပြည်
နယ်တွင် အမှုတော်ဆောင်နေရာ လစ်လပ်သွားပြီဟုတွေးမိသလို၊ သူ၏နေရာကိုဘယ်သူသွားမည်နည်း
ဟု မေးမိသည်။ သူ၏အမေးကို သူပင်ပြန်ဖြေသည်။
“ ငါသွားမည်”
အမှုတော်ဆောင်ခြင်းအိပ်မက်သည် သူ၏နှလုံးသာ၌ဖြစ်တည် ကိန်းဝပ်၍မြန်မာပြည်
သို့လာရောက်ရန် ထိုအချိန်မှစ၍ ရည်ရွယ်မျှော်လင့်နေ၏။ ၁၈၂၃ခု၊ မေလတွင်အမေရိကန်ပြည်၊ နှစ်ခြင်း
အဝေးသာသနာပြုအသင်းကြီးက ဘို့ဒ်မန်အား မြန်မာပြည်သာသနာပြု အမှုတော်ဆောင်အဖြစ် ရွေး
ချယ်ခန့်ထားသဖြင့် ၁၈၂၅ခု ဖေဖော်ဝါရီလ ၁၅ရက်တွင် ဓမ္မပညာကို သင်ကြားခံယူပြီး လက်တင်
မင်္ဂလာကိုခံယူသည်။
မြန်မာပြည်မှာ သာသနာပြုရန်စိတ်အားထက်သန်လှသော ဆရာဘို့ဒ်မန်သည် ၁၈၂၇
မတ်လ ၂၀ ရက်နေ့တွင် သူ၏အမျိုးသမီး ဆာရာဟောလ် နှင့်အတူ သင်္ဘောနှင့်ထွက်ခွါလာပြီး
ဧပြီလ၁၇ရက်နေ့တွက် ကျိုက္ခမီသို့ရောက်သည်။ ကျိုက္ခမီတွင် ဆရာယုဒဿန်၊မိတဆိုးသမီးကလေး
မာရီယာ၊ ဆရာဝိဒ်နှင့်ဇနီးတို့ကို တွေ့ရသည်။
ဆရာယုဒဿန်၊ဆရာဝိဒ်နှင့် ဆရာဘို့ဒ်မန်တို့ တိုင်ပင်ပြီး ဆရာဝိဒ်က ကျိုက္ခမီ
ဆရာဘို့ဒ်မန်ကို မော်လမြိုင်မြို့သို ခွဲဝေချထားပြီး ဆရာယုဒဿန်က ကျိုက္ခမီမှာနေထိုင်ကာ နှစ်မြို့
လုံးကို လှည့်လည်အမှုတော်ဆောင်ရန် ဆုံးဖြတ်သည်။ ဆရာဘို့ဒ်မန်နှင့်ဇနီးသည် မော်လမြိုင်မြို့
တွင် အင်္ဂလိပ်စစ်ဗိုလ်ချုပ်ကြီးပေးသောမြေကွက်တွင် ကျပ်(၂၅၀)တန် အိမ်တစ်လုံးဆောက်ကာ
နေထိုင်ပါသည်။ သူနေထိုင်ရာအနီးတစ်ဝိုက်တွင် ကျား၊ဆင် စသောသားရဲတိရိစ္ဆာန်များရှိပြီး၊ လူဆိုး
ဓမြများလည်းရှိရာ တစ်ညမှာဆရာဘို့ဒ်မန်တို့ အိပ်ပျော်နေစဉ် လူဆိုးများအိမ်ကိုဖောက်ထွင်းခိုးဝင်
ပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူသွားခြင်းခံရပါသည်။ စစ်ဗိုလ်ချုပ်ကြီးက စစ်တပ်ထဲတွင်လာရောက်
နေထိုင်ရန်ခေါ်ပါသော်လည်း တိုင်းရင်းသားများနှင့်မကင်းမကွာ နေပါမှအမှုတော်ကိုဆောင်ရွက်နိုင်
မည်ဟုဆိုကာ မပြောင်းရွေ့ဘဲ နေသည်။
လူဆိုး၊ ဓမြ၊ သားရဲတိရိစ္ဆာန် ပေါများဝန်ရံနေသော်လည်း ဆရာဘို့ဒ်မန်သည်
အန္တရာယ်ကို တွေးပူစိုးရွံခြင်းမရှိဘဲ ဧ၀ံဂေလိတရားကို ဟောကြားသည်။ စာသင်ကျောင်းများကိုတည်
ထောင်ဖွင့်လှစ်ပြီး လောကီ၊ လောကုတ္တရာ ပညာရပ်များကို သင်ကြားပေးသည်။ မော်လမြိုင်မြို့
တွင် နှစ်ခြင်းသာသနာအုပ်မြစ်ကို ခိုင်မာစွာချမှတ်နိုင်ခဲ့သည်။
မော်လမြိုင်မြို့ကို မြို့တော်အဖြစ် သတ်မှတ်လိုက်သောအခါ ကျိုက္ခမီသည် လူနေ
နည်းလာသဖြင့် ၁၈၂၇ခုနှစ် နိုဝင်ဘာလတွင် ဆရာယုဒဿန်နှင့် ဆရာဝိဒ်တို့သည် မော်လမြိုင်မြို့သို့
ပြောင်းရွေ့ကာ ဆရာဘို့ဒ်မန်နှင့် သာသနာဝင်းထဲမှာ အိမ်ဆောက်ပြီးအမှုတော်ကိုဆောင်ရွက်ကြသည်။
ဆရာဘို့ဒ်မန်သည် မော်လမြိုင်မြို့တွင်နှစ်ခြင်းသာသနာအုတ်မြစ်ကို ခိုင်မာစွာချထားနိုင်သည်ဖြစ်၍
၁၈၂၈ခုနှစ်တွင် ထားဝယ်မြို့သို့သွားရောက်ကာ သာသနာဖွင့်လှစ်ရန် ဆရာဘို့ဒ်မန်က အသင့်တော်
ဆုံးဖြစ်သည်ဟု ဆုံးဖြတ်ပြီး ဆရာယုဒဿန်သည် နှစ်ခြင်းမပေးရသေးသော သူ၏းတပည့် ကရင်
အမျိုးသား ကိုသာဖြူကို ထည့်ပေးလိုက်သည်။ (၁၈၂၈ခု၊ မေလ ၁၆ရက်နေ့တွင် ထားဝယ်မြို့ သာသနာ
အိမ်အနီးရှိ ရေကန်၌ ကိုသာဖြူအားနှစ်ခြင်းပေးသည်)
ကိုသာဖြူသည် ကရင်လူမျိုးများထဲ၌ ပထမဦးဆုံးခရစ်ယာန်ဖြစ်လာပြီး ဆရာဘို့ဒ်မန်
နှင့်အတူ ကရင်ရွာများကို ဧ၀ံဂေလိတရားများ ဟောပြောသည်။ ဆရာဘို့ဒ်မန်နှင့် ဇနီးသည် မော်လမြိုင်
မှာကဲ့သို့ပင် ထားဝယ်မြို့တွင် စာသင်ကျောင်းဖွင့်လှစ်သည်။ ထားဝယ်မြို့မှာလည်း အသင်းတော်
တစ်ပါးတည်ထောင်နိုင်ခဲ့သည်။ အသင်းသားအယောက်(၂၀)ရှိရာ (၁၅)ယောက်မှာ ကရင်လူမျိုးများ
ဖြစ်ကြသည်။
စိတ်အားထက်သန်၍ နားရန်တွေးပင်မတွေးဘဲ လုပ်ဆောင်ခဲ့သဖြင့် အလွန်ပင်ပန်း
ကာ ဆရာဘို့ဒ်မန်သည် အဆုတ်ရောဂါစွဲကပ် လာသည်။ ရောဂါစွဲကပ်လာသော်လည်း အနားမယူဘဲ
တိုး၍အလုပ်လုပ်သဖြင့် ဆရာဝန်လက်လျော့ရသည့်တိုင်အောင် ရောဂါဆိုးဝါးလာခဲ့လေသည်။ ၁၈၃၁
ခုနှစ် ဇန်န၀ါရီလ ၂၃ရက်နေ့တွင် ဆရာဘို့ဒ်မန်၏အလုပ်၌ အမှုတော်ဆောင်ဆရာ ဖရန်စမေဆင်
အမေရိကန်ပြည်မှရောက်လာသည်။ ကရင်အမျိုးသားအချို့သည် ဆရာဘို့ဒ်မန်အား သူတို့၏တောရွာ
သို့လိုက်ရ/န် လာခေါ်ကြသည်။ ဆရာဘို့ဒ်မန်သည် အိပ်ယာကပင်မထနိုင်ဖြစ်ရာ၊ ကရင်အမျိုးသားများ
ကဆရာ့ကို ထမ်းခေါ်မည်ဟုပြောကြသည်။ ဆရာဘို့ဒ်မန်ကလည်း လိုက်မည်ဟုပြောသဖြင့်၊ ဇနီးသည်
နှင့် သုံးနှစ်အရွယ်သားလေးနှင့်အတူ ဆရာမေစင်လည်း လိုက်ပါသွားကြသည်။
တစ်တောဝင်၊တစ်တောင်တက် ခဲယဉ်းပင်ပန်းစွာ (၃)ရက်ကြာမျှ သွားပြီးအလွန်သာ
ယာသောတောင်ခြေ ချောင်းကမ်းပါးရှိ ရွာကလေးကို ရောက်ခဲ့ကြသည်။ ရွာသားများသည် ဘုရားရှိခိုး
ကျောင်းကို ၀ါးဖြင့်ဆောက်လုပ်ထားသည်။ ဘုရားကျောင်းမှာပင် ဆရာဘို့ဒ်မန်တို့ဇနီးမောင်နှံကို
တစ်ခန်း ဆရာမေစင်ကိုတစ်ခန်းထားပြီး အမှုတော်ကိုဆောင်စေသည်။
ရက်အနည်းငယ်မျှကြာလာသောအခါ ဆရာဘို့ဒ်မန်က “ဤလူများကို နှစ်ခြင်းမပေး
ရဘဲ ငါမပြန်” ဟု ပြောသဖြင့် ဆက်နေရသည်။ ရွာသားများကလည်း ထားဝယ်မြို့သို့ပြန်ရန်သင့်
ပါသည်ဟုပြောကြသောအခါ ဆရာဘို့ဒ်မန်က နှစ်ခြင်းတောင်းသူများအထဲက အသက်ကြီးသူများကို
ဒီကနေ့ညနေမှာ နှစ်ခြင်းပေးပါက မနက်ဖြန်ကိုပြန်မည် ဟုပြောသဖြင့် ချောင်းကမ်းပါးသို့ ဆရာဘို့ဒ်မန်
ကိုထမ်းယူသွားကာ ချထားပြီး ကရင်အမျိုးသား၊အမျိုးသမီး သုံးယောက်ကို ဆရာမေစင်က သူ၏
ရှေ့မှောက်၌ နှစ်ခြင်းမင်္ဂလာကိုပေးသည်။
ရောဂါဝေဒနာကို သေအံ့မူးမူး ခံစားနေရသော်လည်း ဆရာဘို့ဒ်မန်သည် နှစ်ခြင်းမင်္ဂလာ
ပေးသည်ကို ကြည့်မြင်၍ ၀မ်းသာပျော်ရွှင်သွားသည်။ ပြီးတော့ .....
“ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်တို့သည် ငြိမ်ဝပ်စွာစုတေရသောအခွင့်ကို
ကိုယ်တော်သည် ယခုပင်ပေးတော်မူ၏”
ဟု သည်းလှိုက်ဝမ်းသာပြောကြားသည်။ နောက်တစ်နေ့ နံနက်တွင် ကရင်တပည့်တော်များသည် ဆရာဘို့ဒ်မန်ကိုထမ်း၍ ထားဝယ်မြို့သို့ပြန်ပို့ရာ ညနေစောင်းအချိန်တွင် မိုးရွာလေသည်။
တည်းခိုရန်နေရာမရှိ၍ မိုးများစိုလေသည်။ ရှေ့ဆက်သွားရာ ထားဝယ်အမျိုးသားတစ်ဦး၏အိမ်ကို
ရောက်သဖြင့်၊ တည်းခိုရာ အိမ်ရှင်ကခွင့်မပေးသဖြင့် အပြင်မှာ တစ်ညလုံး ဒုက္ခခံ၍ နေရလေသည်။
မိုးလင်းသောအခါ ဆရာဘို့ဒ်မန်အားလှေဖြင့်သယ်ရန် စီစဉ်ပြီး လှေဆိပ်သို့ချီယူ
လာကာ လှေပေါ်တင်ကြသည်။ ဇနီး၊သားငယ်နှင့်တပည့်တော်များရှေ့ လှေပေါ်မှာပင် ဆရာဘို့ဒ်မန်
ခေါ်တော်မူခြင်းကို ခံရသည်။ ထိုနေ့သည် ၁၈၃၁ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ဖြစ်ပါသည်။
ဆရာဘို့ဒ်မန်သည် ဤလောက၌ နှစ်သုံးဆယ်မျှသာအသက်ရှင်နေထိုင် သွားခဲ့ရ
သည်။ ၎င်းနှစ်များထဲတွင် လေးနှစ်သာမြန်မာပြည်တွင် အမှုတော်ဆောင်ခဲ့ရသည်။ အချို့စာစောင်
များတွင် အသက်ရာကျော်ရှည်သူများအကြောင်း ကျွန်တော်ဖတ်ဖူးရသည်။ သို့သော်လည်း ထိုသူတို့
၏လုပ်ဆောင်မှုများက မှတ်သားစံနမူနာယူစရာ ကောင်းလောက်အောင် မတွေ့ရပါ။
ဆရာဘို့ဒ်မန်က အသက်သုံးဆယ်မျှသာ ရှင်သန်နေခဲ့ရသော်လည်း ကရင်အမျိုးသား
များအဘို့ “တမန်တော်” ဟုသမုတ်ကြသည်အထိ ခရစ်တော်၏အလင်း ဘုရားသခင်၏သတင်းကို
လောကထဲသို့ ဖြန့်ဝေပို့ဆောင် နိုင်ခဲ့လေသည်။
“လူအများတို့ကို ဖြောင့်မတ်ခြင်းတရားလမ်းထဲသို့ သွင်းသောသူတို့သည် ကြယ်များ
ကဲ့သို့ အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။” ဒံယေလ (၁၂း၎)
No comments:
Post a Comment