“ဒိန်ချဉ်” ဆိုသည်မှာ မည်သည့်နို့တိုက်သတ္တ၀ါရဲ့ နို့ကိုမဆို အချဉ်ဖောက်ထားတာကို ဒိန်ချဉ်လို့ ခေါ်ပါတယ်။ များသောအားဖြင့် နွားနို့ကို အချဉ်ဖောက်ပြီး ရလာတဲ့ ဒိန်ချဉ်ကို စားသုံးကြတာ များပါတယ်။ ဒိန်ချဉ်ကို “Yogurt” လို့ခေါ်ပါတယ်။ အချို့က Yoghurt လို့ရေးလေ့ရှိတယ်။ တကယ်တော့ နို့အချဉ်ဖောက်ထား တာဖြစ်ပါတယ်။ ယနေ့ကာလများမှာတော့ ဒိန်ချဉ် မစားသုံး တဲ့ နိုင်ငံရယ် လို့ ကမ္ဘာမှာ မရှိသလောက် ခေတ်စားတဲ့ အစားအသောက် ဖြစ်လာပါပြီ။ ဒိန်ချဉ်အစ ဘူလ်ဂေးရီးယားနိုင်ငံ (Bulgaria) ကဖြစ်ပါတယ်။
ဒိန်ချဉ်ဟာ လူနဲ့တည့်တယ်လို့ ပြောလေ့ပြောထရှိပါတယ်။ ငယ်ငယ်တုန်းက အတွေးနဲ့ တွေးကြည့်ရင်ချဉ်နေတဲ့နို့ဟာ လူကိုဥပဒ် ပေးမှာပဲ။ ၀မ်းလျှောစေမှာပဲလို့ ထင်မိပါတယ်။ တကယ်လည်း ဒိန်ချဉ်လုပ်မယ့် နို့ဟာ ရောဂါမရှိတဲ့ နွားရဲ့နို့ ဖြစ်သင့်ပါတယ်။ နွားရဲ့ နို့အုံမှာ အနာရှိနေ ရင် နို့ထဲရောဂါပိုးတွေ ပါလာရင် ဒိန်ချဉ်ပျက်စီး နိုင်ပါတယ်။ လတ်ဆတ်တဲ့ နို့နဲ့လုပ်တဲ့ ဒိန်ချဉ်မှသာ အရသာကောင်းပြီး အန္တရာယ်ကင်းမှာဖြစ်ပါတယ်။ ရက်ကြာနို့ဆိုရင် မကောင်းပါဘူး။ နွားနို့ ဟာအခြား ဘက်တီးရီးယားပိုးတွေ နည်းနိုင်သလောက် နည်းရပါမယ်။ ပဋိဇီဝဆေး တွေလည်း ကင်းစင်ရ မှာ ဖြစ်ပါတယ်။ ဓာတုပစ္စည်းနဲ့ ကြာရှည်ခံပစ္စည်း (Preservative) ကင်းမှသာ ဒိန်ချဉ်လုပ်လို့ ရပါတယ်။
ဒိန်ချဉ်ရဲ့ ချဉ်ရခြင်းအကြောင်းအရာင်းက နို့ထဲမှာပါတဲ့ Lactose လို့ခေါ်တဲ့ သကြားဓါတ်ကို လက်တိုဘက်စီလပ် (Lactose bacillus) လို့ခေါ်တဲ့ ဘက်တီးရီးယားကနေ ထုတ်လိုက်တဲ့ လက်တိုအင်ဇိုင်း (Lactose enzyme) တွေကနေ လက်တစ်အက်စစ် (Lactic Acid) အဖြစ်ပြောင်းလိုက်လို့ ချဉ်သွား တာ ဖြစ်ပါတယ်။ အက်စီတစ်အက်စစ်၊ အက်စီတိုင်ဒီဟိုက်ဒြိုတ် နဲ့ ဒိုင်အက်စီတိုင် တွေလည်း ထုတ်ပေးတဲ့ အတွက် ချဉ်သွားရတာဖြစ်ပါတယ်။ ချဉ်ဖန်နှုန်း (pH) အားဖြင့် (၄)လောက်ပဲ ရှိပါတယ်။ ဒါတွေ အားလုံးဟာ ကျန်းမာရေးကို အထောက်အကူပြု တဲ့ပစ္စည်းတွေဖြစ်လို့ စားသုံးလို့ရတာ ဖြစ်ပါတယ်။ လက်တို ဘက်စီးလပ်ဟာ လူကိုအကျိုးပြုတဲ့ ဘက်တီးရီးယားတွေဖြစ်ပါတယ်။



