ရုရှားပြည်၌ တော်လှန်ရေးခေတ် အခါတွင် ဖြစ်ပါသည်။ ၎င်းတိုင်းပြည်ရှိ လူများစွာတို့သည် အစာ ငတ်မွတ်ခေါင်းပါးသဖြင့် သေဆုံး ပျက်စီးရရှာပေသည်။ အလွန်ချမ်းသာကြွယ်ဝသော သူများသည်လည်း သူတောင်းစား အဖြစ်သို့ သက်ရောက်ကြ ပါတော့သည်။ ထိုသူတို့အဖို့ ငိုရုံမှ တစ်ပါး ဘာမှ မတတ်နိုင်ကြပေ။
ထိုအခါ၌ မိသားစုတစ်ခုတွင် အလွန်ခက်ခဲသော ဘေးဒုက္ခနှင့် ရင်ဆိုင်နေရ လေသည်။ ဖခင်မှာ အသတ်ခံရ၍ မိခင်ဖြစ်သူမှာ သေဆုံးပြီးနောက် ကလေးသုံးယောက်မှာ အဖွားဖြစ်သူနှင့် နေကြရရှာသည်။ တစ်ချိန်က အလွန်လှပသော အိမ်ကြီးတွင် နေရလျက် ကောင်းမွန်သောအစာများမှာ စားပွဲပေါ်တွင် အစဉ် ရှိနေခဲ့သော်လည်း ယခုမူ၊ တဲကုပ်လေးတစ်ခုတွင် နေကြရှာသည်။
အဖွားဖြစ်သူမှာ ကလေးများ အသက်ရှင်နိုင်ရေးအတွက် ပင်ပန်းစွာဇာထိုးခြင်း လုပ်ငန်း အားဖြင့် ကြိုးစားရရှာသည်။ တစ်နေ့တာ လုပ်ငန်းပြီးဆုံးသည်နှင့် မိမိတို့ မည်သို့ အသက်မွေးရမည်ကို မစဉ်းစား ၀ံ့သလောက် ဖြစ်ရလေသည်။ အကြောင်းမှာ အစာအနည်းငယ်သာ ရှိသောကြောင့် ပင်တည်း။
တစ်နေ့သောအခါ နောက်ဆုံးအစာကို စားသောက်ရလေသည်။ နေ့လည်စာအတွက် မုန့်အကြွင်း အကျန် အစအန ကလေးများကို စားသုံးပြီးသော် ပေါင်မုန့်ဂျိုးကလေးများပင် မကျန်တော့ပေ။ အဖွား ဖြစ်သူမှာ အလွန်ဝမ်းနည်းမိ လေသည်။ နောက်ဆုံး ကလေးသူငယ်များကို ခေါ်၍ မိမိတို့ ရင်ဆိုင်နေရသော ဘေးဒုက္ခကို ပြောပြလေသည်။ ထိုနောက်တွင်ကား ဒူးထောက်လျက် ဆုတောင်းကြသည်။ ဘုရားသခင် မကယ်မပါ လျှင် မိမိတို့သည်လည်း အခြားသူများ ကဲ့သို့ အစာငတ်မွတ်၍ သေရတော့မည်ကို သိကြ လေသည်။