Sunday, May 24, 2015

ယုံကြည်ခြင်း

           ရုရှားပြည်၌ တော်လှန်ရေးခေတ်အခါတွင် ဖြစ်ပါသည်။ ၎င်းတိုင်းပြည်ရှိ လူများစွာတို့သည် အစာငတ်မွတ် ခေါင်းပါးသဖြင့် သေဆုံးပျက်စီးကြရရှာ ပေသည်။ အလွန်ချမ်းသာကြွယ်ဝသော သူများသည် လည်း သူတောင်းစားအဖြစ်သို့ သက်ရောက်ကြပါတော့သည်။ ထိုသူတို့အဖို့ ငိုရုံမှတစ်ပါး ဘာမှမတတ်နိုင် ကြပေ။
             ထိုအခါ၌ မိသားစုတစ်ခုတွင် အလွန်ခက်ခဲသော ဘေးဒုက္ခနှင့် ရင်ဆိုင်နေရလေသည်။ ဖခင်မှာ အသတ်ခံရ၍ မိခင်ဖြစ်သူမှာ သေဆုံးပြီးနောက် ကလေးသုံးယောက်မှာ အဖွားဖြစ်သူနှင့် နေကြရရှာသည်။ ထိုအချိန်တွင် အလွန်လှပသော အိမ်ကြီးတွင် နေရလျက်ကောင်းမွန်သောအစာများမှာ စားပွဲပေါ်တွင် အစဉ်ရှိခဲ့သော်လည်း ယခုမူ၊ တဲကုပ်လေးတစ်ခုတွင် နေကြရရှာသည်။


              အဖွားဖြစ်သူမှာ ကလေးများအသက်ရှင် နိုင်ရေးအတွက် ပင်ပန်းစွာဇာထိုးခြင်း လုပ်ငန်းအားဖြင့် ကြိုးစားရရှာသည်။ တစ်နေ့တာလုပ်ငန်း ပြီးစီးသည်နှင့် မိမိတို့မည်သို့အသက်မွေးရမည်ကို မစဉ်းစားဝံ့ သလောက် ဖြစ်ရလေသည်။ အကြောင်းမှာ အစာအနည်းငယ်သာ ရှိသောကြောင့် ပင်တည်း။
             တစ်နေ့သောအခါ နောက်ဆုံးသောအစာကို စားသောက်ရလေသည်။ နေ့လည်စာအတွက် မုန့်အကြွင်းအကျန် အစအနလေး များကို စားသုံးပြီးသော်၊ ပေါင်မုန့်ဂျိုးကလေးများပင် မကျန်တော့ပေ။ အဖွား ဖြစ်သူမှာ အလွန်ဝမ်းနည်းမိလေသည်။ နောက်ဆုံး ကလေးငယ်များကို ခေါ်၍မိမိတို့ ရင်ဆိုင်နေ ရသော ဘေးဒုက္ခကို ပြောပြလေသည်။ ထိုနောက်တွင်ကား ဒူးထောက်လျက် ဆုတောင်း ကြ၏။ ဘုရား သခင် မကယ်မ ပါလျှင် မိမိတို့သည်လည်း အခြားသူများကဲ့သို့ပင် အစာငတ်မွတ်၍ သေရတော့ မည်ကို သိကြလေသည်။

               အားလုံး ဆုတောင်းကြသည့် အထဲတွင် မိန်းကလေးငယ်၏ ဆုတောင်းသံမှာ “အိုအဘ၊ ကျွန်ုပ် တို့အတွက် ညစာစားသောက်ကြရန် ပေါင်မုန့်တစ်လုံးကိုလည်း ပေးသနားတော်မူပါ” ဟူ၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပေါင်မုန့်တစ်ခုလုံးအား ရက်ပေါင်းများစွာကပင် မမြင်ခဲ့ရသောကြောင့် ဖြစ် ပါသည်။
              ညစာစားချိန်ကား ရောက်လေပြီ။ သို့သော် စားစရာ တစ်စုံတစ်ခုမျှ မရှိပေ။ “အဖွား၊ ဘာဖြစ်လို့ မုန့်လှီးဓားကို မသွေးတာလဲ” လို့ မိန်းကလေးက မေးလိုက်သည်။ အကြောင်းမှာ သူမသည် မိမိ၏ ဆုတောင်းခြင်းမှာ ဧကန်ပြည့်စုံမည်ဟု စွဲမြဲစွာယုံကြည်ထားသောကြောင့် ဖြစ်ပါသည်။ ညနေ ကား ကျော်လွန် ခဲ့လေပြီ။ အအေးဒဏ်နှင့် ဆာလောင်ခြင်းဒဏ်ကြောင့် ကလေးများလည်း အိပ်ယာသို့ ဝင်ခဲ့လေပြီ။ ထိုအချိန်တွင် တံခါးခေါက်သံကို ကြားရလေသည်။ နှင်းများဖုံးလွှမ်းနေသော လူတစ်ယောက် သည် အပြင်မှာ ရပ်နေသည်ကို တွေ့ရသည်။ ထိုသူသည် တစ်နေ့လုံး မိုင်ပေါင်းနှစ်ဆယ်မျှ ရောက်ခဲ့ရ သည်။ ထိုသူမှာ ၎င်းမိသားစု၏ မိတ်ဆွေဟောင်း ဖြစ်သဖြင့် အထဲသို့ ဖိတ်ခေါ်လိုက်သည်။
               “ဘယ်လိုအကြောင်းကများ မင်းကိုဒီကိုလာစေတာလဲ” ဟု မေးမြန်းလိုက်သည်တွင် မိတ်ဆွေက “ဒီနေ့၊ နေ့ခင်းအချိန်မှာ တစ်စုံတစ်ယောက်က ကျွန်ုပ်ကို တိုက်တွန်းနေသလိုပဲ။ မိတ်ဆွေတို့ဟာ အလွန် ကြီးမားတဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေကြတဲ့အတွက် ကျွန်ုပ်မင်းတို့ဆီ ချက်ချင်းလာရမယ်လို့ စိတ်ထဲမှာ ဖြစ်ပေါ်နေ တယ်” ဟု ပြန်ပြောလျက် ကလေးများအား 
              “ဒါနဲ့ မင်းတို့ဦးဦး ဘာကို ယူခဲ့သလဲဆိုတာကို မှန်းဆနိုင်မှာ မဟုတ်ဘူးနော်” ဟူ၍ မေးလိုက်စဉ် ဆုတောင်းထားသော မိန်းကလေးက “ဦးဦးယူခဲ့တာ ပေါင်မုန့်ကြီးကြီးတစ်လုံးပါပဲ” ဟုပြောလိုက်သည် ။ထိုသူကလည်း အထုတ်တစ်ခုအား ဆွဲထုတ်လိုက်ရင်း “မင်းဘယ်လိုကြောင့် သိတာလဲကွယ်” ဟု မေးမြန် လိုက်သည်တွင် သူတို့သည်လည်း မိမိတို့သည် အဖဘုရားသခင်ထံမှာ ဘယ်ကဲ့သို့ဆုတောင်း ခဲ့ကြောင်း ပြောပြပြီးနောက် အားလုံးဒူးထောက်ကာ အဘဘုရားသခင်သည် မိမိအား ယုံကြည်သော သူ အပေါင်းတို့ကို အံ့သြဖွယ်ရာ လိုအင်ဆန္ဒပြည့်စုံ တော်မူကြောင်း ကျေးဇူးတင်စွာဖြင့် ဆုတောင်း လျက် ကျေးဇူးတော်ကို ချီးမွမ်းကြလေသည်။ 
             ကျွန်ုပ်တို့အား ခရစ်တော်ဘုရား ဟောကြားတော်မူသည်မှာ......

             သင်တို့သည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်းသမျှတို့ကို ရကြလိမ့်မည်။ ဟူ၍ ပင်ဖြစ်သည်။ ထိုနည်းတူစွာ ကျွန်ုပ်တို့သည်လည်း ထိုမိန်းကလေးငယ်ကဲ့သို့ ယုံကြည်ခြင်း တိုက်မြစ်ကို ပိုမို၍ ခိုင်မြဲရန် ကြိုးစားကြပါကုန်စို့။

                                                                             မီမီ (ပြည်)

No comments:

Post a Comment