အပေါင်းအသင်းဆန့်၍ လူကိုမြတ်နိုးတတ်သောပုဂ္ဂိုလ်
ယေရှုသည် လူအစုအဝေးကိုရှောင်၍ ရသေ့တစ်ပါးကဲ့သို့ တရားကျင့်နေသူ မဟုတ်ပါ။ သူသည် အပေါင်းအဖော်များ အပေါ်တွင် အမှီပြု ခြင်း၊ တမန်တော် များ ရွေးကောက်ခဲ့ခြင်း အပေါ်၌ ပေါ်လွင် နေသည်။ (မာကု ၃း၁၄)၊။ ကိုယ်တော်သည် ပျော်ရွှင်စွာ ပေါင်းသင်း ဆက်ဆံခြင်း ကို နှစ်သက်မြတ်နိုးသည်။ (လု ၅း၃၃၊ မသဲ ၁၁း၁၉)။ ယုဒလူမျိုးများ နည်းတူ ကိုယ်တော်သည် ကလေးသူငယ်များကို အရေးကြီးသည်ဟု ယူဆပါသည်။ ကောင်းကင်နိုင်ငံ၏ စံပြနိုင်ငံသားများအဖြစ် ချီးမြှင့်မြှောက်စားခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ကလေးငယ်တို့သည် ငယ်ရွယ်နုနယ်ခြင်း၊ အခြားသူကို မှီခိုအားကိုးခြင်း၊ စိတ်နှိမ့်ချမှုရှိခြင်း အစရှိ သော အရည်အချင်းများကြောင့်ဖြစ်သည်။
ကိုယ်တော်သည်ကလေးများအပေါ် သဘာဝကျကျ မြင်တတ်၍ ထိုကလေးသူငယ် များကို စိတ်ဓာတ်ခိုင်မာသော ဣသရေလလူမျိုးများနှင့် နှိုင်းယှဉ်ထားသည်။ (လု ၇း၃၁-၃၅၊ မ ၁၁း၁၆-၁၉)။ အဘယ်ကြောင့်ဆိုသော် ကလေးငယ်များသည် တစ်ခါတစ်ရံ အချင်းချင်းစိတ်ကောက် တတ်၍ နားထောင်ရန်ငြင်းဆို တတ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ယေရှုသည် ကလေးသူငယ်များ အပေါ်၌ အလွန်ကောင်းသော စိတ်သဘောထား ရှိသည်။
ယေရှုသည် အခွန်ခံများနှင့် သော်လည်းကောင်း (လု ၁၉း၁-၁၀၊ မာကု ၂း၁၄-၁၇)၊ ဖာရိရှဲများနှင့် လည်းကောင်း (လု ၇း၃၆-၅၀)၊ အမျိုးသမီးများနှင့် သော်လည်းကောင်း အဆင့်အတန်း မရွေး ပေါင်းသင်းဆက်ဆံ တတ်သည်။ (လု ၈း၂၊ လု ၁၀း၃၈-၄၂)။ ဤဖော်ရွေခြင်းသည် ကိုယ်တော် ၏ မေတ္တာကို ထူးခြားစွာ ဖော်ပြသည်။ ချစ်စရာကောင်းသောသူ သာမက ချစ်စရာ မကောင်း သောသူနှင့် စွန့်ပစ်ခြင်းခံရသော သူတို့အပေါ် ၌လည်း ချစ်ခြင်းမေတ္တာကို ပြပါသည်။ အခွန်ခံများ၊ အပြစ်သား များ၊ ပြည့်တန်ဆာများနှင့်လည်း အပေါင်းအဖော်ပြုလုပ်ခြင်းကြောင့် ဝေဖန်ပြစ်တင် မှုများကို ခံရပါသည်။ သု့သော်ကိုယ်တော်သည် စိတ်ဝင်စားမှုမရှိဘဲ စွန့်ပစ်ခြင်းခံရသူများကို ချစ်ခြင်း၊ လက်ခံခြင်းများ ရှိ၍ သူတို့အပေါ်တွင် စိတ်ဝင်စားခဲ့ကြောင်း တွေ့ရှိရသည်။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် အပြစ်လွှတ်ခြင်း အကြောင်းများကို ကြေညာ၍ သူကိုယ်တိုင် ဟောပြောသော သတင်းစကားများ၌လည်း ထည့်သွင်းဟောပြောခဲ့သည်။ ချစ်ခြင်းမေတ္တာ သည် ကိုယ်တော်အတွက် စိတ်လှုပ်ရှားမှုသာ မဟုတ်ဘဲ စေတနာထားခြင်း၊ ခင်မင် ရင်းနှီးခြင်း၊ မေတ္တာပြ ခြင်းဖြစ်၍ လူတန်းစားအားလုံးအပေါ် ပျော်ရွှင်စွာ ပေါင်းသင်းနိုင်ခြင်း ဖြစ်သည်။ ကိုယ်တော်သည်ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသူ တစ်ဦးနှင့် တွေ့ဆုံရာတွင် ထိုသူကိုကြည့်ရှုလျက် ချစ်သောစိတ်ရှိ၍ (မာကု ၁၀း၂၁) ဟူသော အချက်ကို ကြည့်ခြင်းဖြင့် လူကိုမေတ္တာထားသော သူဖြစ်ကြောင်း သိရသည်။ ဆရာတစ်ယောက် အနေဖြင့် သခင်ယေရှုသည် တပည့်များနှင့် ပေါင်းသင်းဆက်ဆံရာ၌ ကျွမ်းကျင်လိမ္မာ ပါးနပ်သူဖြစ်၍ မိတ်ဆွေဖွဲ့ တတ်သော ကိုယ်ပိုင်အရည်အသွေး များစွာရှိသည်။ အထူးသဖြင့် တပည့်တော်အချင်းချင်းကို ခေါ်ရာတွင် ညီအစ်ကို (သို့) သင်၏ညီအစ်ကို ဟူသော အသုံးအနှုံးသည် မိတ်ဆွေဖွဲ့တတ်သော သခင်ယေရှု အဖြစ် တွေ့ရပါသည်။
သခင်ယေရှု၏ ကိုယ်ပိုင်အရည်အသွေးများမှာ လူတစ်ဦးစီ၏ စိတ်ခံစားချက်ကို နားလည်သော အရည်အချင်းရှိသူ ဖြစ်ခြင်း (မာကု ၅း၃၆)၊ လူတစ်ဦးစီနှင့်ဆိုင်သော အသေးအဖွဲ ကိစ္စရပ် များ၌ ကိုယ်တော်သည် အစဉ်ဂရုစိုက်တတ်ခြင်း (မာ ၆း၃၁)၊ မိမိနှင့် ပေါင်းသင်းသောမိတ်ဆွေများ တပည့်တော် တစ်ဦးစီ၏ ကိုယ်ရည်ကိုယ်သွေးကို လေးစားသောပုဂ္ဂိုလ်ဖြစ်ခြင်း (လု ၂၂း၃၂) အစရှိသည် တို့သည် မိတ်ဆွေဖွဲ့ရာတွင် လိုအပ်သောကိုယ်ပိုင် အရည်အသွးများဖြစ်သည်။
သခင်ယေရှုသည် မိတ်ဆွေအပေါင်းအသင်း ဆန့်သည်သာမက မိမိတပည့်တော် နောက်လိုက်များကိုလည်း ယုံကြည်စိတ်ချသော သူဖြစ်သည်။ ဤသို့ ယုံကြည်စိတ်ချသော သူဖြစ်သည့်အလျောက် ဆရာကောင်းပီသစွာဖြင့် နက်နဲသော အကြောင်းအရာများကို ပြောပြခဲ့သည်။ ထိုပြင် မိမိကိုယ်တိုင် ကြီးမြတ်သောအမှုတော် မြတ်လုပ်ငန်းအတွက် ဆက်ကပ်ထားသူ ဖြစ်ကြောင်းနှင့် ထိုအမှုတော်လုပ်ငန်းအတွက် လည်း နောက်တော်လိုက် မိတ်ဆွေတပည့်များကို အားကိုးခြင်း၊ ယုံကြည် စိတ်ချခြင်း ရှိသူဖြစ်ကြောင်း တွေ့ရသည်။ (မ ၁၆း၁၃-၂၃)။ ထိုပြင် သင်တို့သည် ဤလောက၏အလင်း၊ ဤလောက၏ဆား ဖြစ်ကြသည်ဟု (မ ၅း၁၄) အသိအမှတ်ပြု ခြင်းသည် မိတ်ဆွေတပည့်တော်များကို စိတ်ချယုံကြည်ခြင်း ရှိသူဖြစ်ကြောင်း ဖော်ပြသည်။
မိတ်ဆွေဖွဲ့ရာတွင် လိမ္မာရေးခြားရှိသော ကိုယ်တော်၏အရည်အသွေး တစ်ခုမှာ တပည့်တော်များကို လွတ်လွတ်လပ်လပ် လုပ်ကိုင်စေသည့် နည်းဖြစ်သည်။ ဥပမာ ဂါလိလဲအိုင်ကို ဖြတ်စဉ် တပည့်တော်များ ကိုယ်တိုင်လှေလှော်စေပြီး ကိုယ်တော်အိပ်စက် အနားယူခြင်း (မာ ၄း၃၈)၊ တပည့်တော် များကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ရန် အခွင့်အရေးပေးသော ဆရာတစ်ဦး ဖြစ်ကြောင်း တွေ့ရသည်။ မိတ်ဆွေဖွဲ့ရာတွင် လိမ္မာရေးခြားရှိသော အခြားအရည်အချင်း တစ်ခုမှာ တပည့်တော်များကို ရင်းရင်းနှီးနှီး ခေါ်ဝေါ်သော စကားအသုံးအနှုံး ကြွယ်ဝခြင်း ဖြစ်သည်။ ဥပမာ “သိုးစုငယ် မကြောက်နှင့်” (လုကာ ၁၂း၃၂)၊ “ငါ့သားတို့” (မာ ၁၀း၂၄)၊ “မိုးကြို သား” (မာ ၃း၁၇) ဟူသော အသုံးအနှုံးများသည် လူတစ်ဦးစီကို ဂရုစိုက်ပေါင်းသင်း ဆက်ဆံတတ်သော သူဖြစ်ကြောင်းနှင့် တပည့်များ၏ ခင်မင်မှုကို ရယူနိုင်သော အရည်အချင်းဖြစ်သည်။
ဤသို့အားဖြင့် သခင်ယေရှုသည် မိတ်ဆွေဖွဲ့တတ်သော ကိုယ်ပိုင်အရည်အသွေးများ ရှိ၍ တပည့်တော်များအပြင် မိတ်ဆွေအားလုံးတို့၏ ချစ်ခင်လေးစားမှုကို ရယူနိုင်လောက်အောင် လိမ္မာရေး ခြားရှိသော ဆရာကောင်းတစ်ဦးဖြစ်သည်။
သနားကြင်နာတတ်သော ပုဂ္ဂိုလ်
ကိုယ်တော်သည် ကြီးမားသောအမှုတော်များကို ဆောင်ရွက်နိုင်သော တန်ခိုး ရှိသည်။ သို့ရာတွင် ကိုယ်တော်သည် ထိုတန်ခိုးတော်ဖြင့် ဆောင်ရွက်သောအမှုတော် အလုံးစုံတို့၌ မိမိကိုယ်တိုင် ထင်ပေါ် ကျော်ကြားမှုအတွက် အသုံးပြု ခဲ့ခြင်းမရှိပါ။ ခရစ်ဝင်ကျမ်းသုံးကျမ်း (မသဲ၊ မာကု၊ လုကာ) တို့တွင် ကိုယ်တော်သည် လူနာများကို ရောဂါကုသပျောက်ကင်းစေရာ၌ လူနာကို သနားကြင် နာ သော ကြောင့် ဖြစ်သည်ဟု ဖော်ပြထားသည်။ (မာကု ၁း၄၀-၄၁၊ ၁၀း၄၆-၅၂)။ ထိုအပြင် ယေရှုသည် အုပ်ထိန်းသူမရှိ ပစ်ပယ်ထားသော သိုးစုကဲ့သို့ မိမိနောက်သို့ လိုက်နေသော လူတိုင်းအပေါ်၌လည်း သနားကြင်နာစိတ်များ ရှိခဲ့သည်။ (မာကု ၆း၃၄)
ပျော်ရွှင်တတ်သော သခင်ယေရှု
ခရစ်ဝင်ကျမ်းများ၌ သခင်ယေရှုသည် ပြုံးခြင်း၊ ရယ်မောခြင်း အစရှိသော အချက်အလက် များကို ဖော်ပြမထားခြင်းကြောင့် ကိုယ်တော်သည် မပြုံး မရယ်တတ်သော ပုဂ္ဂိုလ် ဟူ၍ ယူဆတတ်ကြသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ဒုက္ခဝေဒနာများကို ခံစားရသော၊ ပူပင်သောကနှင့် ပြည့်ဝသော ကိုယ်တော် ဟူ၍ အများအားဖြင့် ထင်ကြပါသည်။ တည်ကြည်သော ပုဂ္ဂိုလ် တစ်ဦးဖြစ်သည် မှန်သော်လည်း ပျော်ရွှင်မှုရှိသော သဘောကို ဆောင်ပါသည်။ သို့သော် ကိုယ်တော်၌ရှိသော ပျော်ရွှင်မှုကို အများအားဖြင့် ဂရုမပြု မိချေ။ သခင်ယေရှု ဖော်ပြသော ဥပမာတော်များ စကားပုံများ၊ သူတစ်ပါးနှင့် ပြောဆိုသော စကားများတို့ တွင် ပျော်ရွင်စရာ စကားများဟု ထင်ရသော်လည်း အဓိပ္ပာယ် ရှိရှိနှင့် ပြောဆိုနေသည်ကို တွေ့ရပါသည်။
ထိုအချက်ကို ရှုရိဖိနိတ်ပြည်သူနှင့် စကားအခြေအတင်ပြောဆိုသော အကြောင်းတွင် တွေ့ရ သည်။ (မာကု ၇း၂၄-၃၀)။ သူမသည် ခြေတော်ရင်း၌ ပြပ်ဝပ်လျက် မိမိသမီးကို ၀င်ပူးသောနတ်ဆိုး ကို နှင်ထုတ်ရန် တောင်းပန်လေသည်။ သခင်ယေရှုကလည်း သူမကိုစလို၍ (သို့) နောက်ပြောင်သော သဘောဖြင့် အစားအစာများကို သားများအား ဦးစွာကျွေးသင့်သည်။ ခွေးများအား မချကျွေးသင့်ချေ ဟု ပြောပါသည်။ သူမကလည်း ဟုတ်ပါ၏ အရှင် ခွေးတို့သည်လည်း သားတို့၏ စားပွဲအောက်တွင် ကျနေသော စားကြွင်းစားကျန်ကို စားလေ့ရှိပါသည်ဟု ပြန်လည်ချေပ ပါသည်။ အမှန်မှာ တစ်ဖက်မှ ကြည့်လျှင် ထိုမိန်းမအား နောက်ပြောင်သော သခင်ယေရှု၏ စကားသည် တစ်ဖက်သားအတွက် အလွန်ပင် ခံရခက်ပါသည်။ သို့သော် ထိုမိန်းမသည် သခင်ယေရှု၏ နောက်ပြောင်ခြင်းကို သိခြင်းကြောင့် သဘောထားကြီးစွာ ပြန်လည်ချေ ပခြင်းဖြစ်သည်။ ကိုယ်တော်ပြောခဲ့သော စကားအားလုံးကို ရေးသား ထားသောစကားအတိုင်း အဓိပ္ပာယ်ယူရသည် မဟုတ်ပါ။ ကိုယ်တော်ပြောဆိုနေသော ပျော်ရွှင်စရာ စကားတို့သည် အဖြစ်မှန်ထက် ပိုနေသည်ကို တွေ့ရပါသည်။
ရယ်ရွှင်ဖွယ်ဖြစ်သော အကြောင်းအရာများကို အနည်းငယ် ရှင်းလင်းရေးသား ထားပါသည်။
ဥပမာကား........
(က) မျက်စိထဲတွင် တံကျင်(သစ်တုံး) ရှိသော လူတစ်ယောက်သည် သူတစ်ပါး၏ မျက်စိထဲတွင် ညှောင့်ငယ်ကို ကြိုးစား၍ ဖယ်ရှားခြင်း (မဿဲ ၇း၁-၅)
မိမိမျက်စိထဲမှ လေးလံသောသစ်တုံး တွဲလောင်းရှိနေလျက်နဲ့ အခြားသူ၏ မျက်စိ၌ သေးငယ်သော ညှောင့်ငယ်ကို သွား၍ဖယ်ရှားသောသူသည် အင်မတန်အသိဥာဏ် နည်း၍ ရယ်စရာကောင်းသော သူတစ်ယောက် ဖြစ်ပါသည်။
(ခ) ကုလားအုတ်သည် အပ်နဖားကိုလျှို ခြင်း (မဿဲ ၁၉း၂၄၊ မာကု ၁၀း၂၅)
သေးငယ်ကျဉ်းမြောက်သော အပ်နဖားထဲသို့ ကြီးမားသော ကုလားအုတ်ကြီး တိုးဝင်သွားခြင်း။
(ဂ) ခြင်ကိုစစ်၍ ကုလားအုပ်ကို မျို ခြင်း (မဿဲ ၂၃း၂၄)
သေးငယ်သောခြင်း (သို့) ပိုးလောက်လန်းကို စစ်၍ ကြီးမားသော ကုလားအုတ်ကို ပါးစပ် ထဲသို့ ဦးခေါင်း၊ ဘို့၊ ခြေထောက်များကို လည်ပင်းရှည်ထွက်လာအောင် ကြိုးစားသိပ်ထည့်၍ မျို ခြင်း။
(ဃ) လူသေတို့သည် မိမိလူသေကို သဂြိုလ်စေခြင်း (မဿဲ ၈း၂၂၊ လု ၉း၆၀)
သေဆုံး၍ တောင့်တောင့်လျောင်းဆန့် လျက်ရှိသော အသေကောင် များသည် သူတို့အချင်းချင်း လိုက်လံ ပိုဆောင် သဂြိင်္ုလ်စေခြင်း။
(င) လူကန်းတို့အား လမ်းပြသောလူကန်း (မဿဲ ၁၅း၁၄)
မျက်စိကန်းသော လူတစ်ယောက်သည် အခြားမျက်စိကန်းသော သူတစ်ယောက်အား လမ်းပြပေးလျှင် ဟိုဟိုဒီဒီ စမ်းတစ်ဝါးဝါးနဲ့ တွင်းထဲသို့ ဂျွမ်းထိုမှောက်ခုံ၊ နှစ်ယောက်စလုံးကျရန်သာရှိသည်။
(စ) ဖလား၊ လင်ပန်းကို အပြင်၌ ဆေးကြောခြင်း (မဿဲ ၂၃း၂၅)
အစားအစာ စားသောက်သောခွက်ဖလား၊ လင်ပန်းတို့ကို အပြင်ဘက် တွင် ပြောင်လက် နေအောင် တိုက်ချွတ်ဆေးကြော သော်လည်း၊ အတွင်းဘက်၌ ကားညစ်ပတ် ပေးရေ၍ ရွံစရာကောင်းလောက်အောင် ထားရှိခြင်း။
ရှိမုန်ကို ပေတရုသို့ နာမည်ပြောင်းလဲပေးခြင်းသည် ရယ်ရွှင်ဖွယ်ရာ ဖြစ်ပါသည်။ လက်တင်စကား ပေတရုဆိုသည့် အဓိပ္ပာယ်မှာ အာရမိစကားအရ ကေဖဖြစ်သည်။ ကေဖ၏ အဓိပ္ပာယ် မှာ ကျောက်ဖြစ်သည်။ မတည်မငြိမ် စိတ်ပြောင်းလွယ်သော ပေတရုကို ဦးကျောက်ခဲ အမည် ပြောင်း လဲပေးခြင်းဖြစ်သည်။ နောက်ဆုံးတွင် ရှိမုန်သည် သူ၏နာမည်သစ်နှင့် ထိုက်တန်လျော်ညီစွာ ဆက်လက်အသက် ရှင်နေသည်ကို တွေ့ရသည်။
ပျော်ရွှင်မှုနှင့် ပြည့်ဝသော သခင်ယေရှု၏ စကားတော်တို့သည် သူတစ်ပါးအတွက် ပျော်ရွှင်မှု သက်သက်သာ မဟုတ်ဘဲ အပေါ်ယံအသေးအဖွဲ ကိစ္စများကိုသာ အလေးထားပြီး ကြီးမားသည့် အတွင်း စိတ်ဝိညာဉ်ကို အလေးအနက်မထား တတ်ပုံကို နားလည်စေပြီး ဆွဲဆောင်မှုရှိသော ရယ်ရွှင်ဖွယ် များ ဖြစ်သည်။ (ဖာရိရှဲ၊ ဇဒ္ဒု ကဲများ၊ ကျမ်းပြု ဆရာများကို ဆိုလိုသည်)
သခင်ယေရှု အသက်ရှင်စဉ်တွင် ရှိသော ဘာသာရေးခေါင်းဆောင် တို့သည် အလွန်ကြီးကျယ် သောသူများ၊ မိမိကိုယ်ကို ကျေနပ်အားရ သောသူများ ဖြစ်သည်။ သခင်ယေရှုသည် သူတို့၏ နေထိုင်ပြု မူပုံကို ကြည့်၍ မပြောဆို၊ မဆုံးမဘဲ မနေနိုင်ပါ။ ထိုကြောင့် သူတို့ကို အရွဲတိုက်သော သဘော (သို့) ခနဲ့တဲ့တဲ့သဘော နှင့် ပျော်ရွှင်မှုပါသော စကားဖြင့် ဆုံးမနေသည်ကို တွေ့ရပါသည်။
တန်ခိုးသြဇာနှင့်ပြည်ဝ၍ မိမိကိုယ်ကို ယုံကြည်စိတ်ချသည့် တည်ငြိမ်သော ပုဂ္ဂို လ်
ယေရှုသည် စတောအိတ် (Stoic) အတွေးအခေါ် ပညာရှင်မဟုတ်ပါ။ စတောအိတ် ပညာရှင်များသည် စိတ်ခံစား လှုပ်ရှားမှုများကို အပြင်သို့ ဖော်ထုတ်ပြသခြင်း မရှိပါ။ ဥပမာ အမျက်ထွက်ခြင်း၊ ၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ မုန်းတီးခြင်း၊ သည်းမခံနိုင်ခြင်း အစရှိသည် တို့ဖြစ်သည်။ သို့သော် ခရစ်ဝင်ကျမ်းများတွင် ဖော်ပြချက်အရ သခင်ယေရှုသည် အမျက်ထွက်ခြင်း၊ သည်းမခံနိုင်ခြင်း၊ ချစ်ခြင်း၊ ၀မ်းနည်းခြင်း များကို ဖော်ပြသော်လည်း အများအားဖြင့် မိမိကိုယ်ကို ထိန်းချုပ်နိုင်၍ တည်ငြိမ်သော ပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။
သခင်ယေရှုသည် ဗိမာန်တော်သို့ သွားရောက်ပြီး ဗိမာန်တော်တစ်ဝိုက်၌ ချိုးငှက်၊ ယဇ်ကောင် များကို ရောင်းဝယ်ဖောက်ကား နေသူများ၊ ငွေအလဲအလှယ် ပြုလုပ်နေသူများကို ကြိုးထုံးဖြင့် ရိုက်နှက် နှင်ထုတ်လျက်၊ ငွေလဲသူများ၏ ခုံများကိုလည်းကောင်း၊ ချိုးငှက်ရောင်းသူ၏ ထိုင်ရာနေရာ ကို လည်းကောင်း တွန်းလှဲပစ်တော်မူ၏။ (မာ ၁၁း၁၅-၁၆)
တပည့်တော်တို့သည် လှေထဲသို့ဝင်ပြီး ကမ်းတစ်ဖက်သို့ ကူးစဉ် လှေပေါ်တွင် မုန့်တစ်လုံး သာရှိကြောင်း အချင်းချင်းပြောဆိုနေသည်ကို သိသောအခါ တပည့်တော်များ၏ နားမလည်ခြင်း၊ သခင်၏ လုပ်ဆောင်ချက်ကို မသိ၊ မမြင်၊ မကြား၊ နှလုံးမသွင်းနိုင်ခြင်း ကို သည်းမခံနိုင်ဘဲ ပြောဆိုခဲ့သည်။ (မာ ၈း၁၇-၁၈)
ဇေဗေဒဲ၏သား ယာကုပ်နျင့်ယောဟန်တို့သည် ယေရှုထံသို့ ဆုကျေးဇူးများတောင်းခံသည့်အခါ အခြားသော တပည့်တော်တို့သည် အမျက်ထွက်လျက် အငြင်းအခုံ ဖြစ်စဉ် သခင်ယေရှုသည် အကဲအမှူး ပြုလိုသောသူသည် အစေခံဖြစ်ရမည် ဟု တည်ငြိမ်သော စိတ်သဘောနှင့် သွန်သင်ခဲ့သည်။ (မာ ၁၀း၄၁-၄၄)။ မိမိထံသို့ လာသောသူများကို ဆက်ဆံရာ၌ မိမိစိတ်၏ တည်ငြိမ်မှုကို ဖော်ပြခဲ့၏။ အရေးကြီးသော ပြဿ နာများ ပေါ်လာသောအခါ၌ လည်းကောင်း ဖာရိရှဲအချို့ တို့သည် ကိုယ်တော်အား ဟေရုဒ်မင်းကြီးက သတ်မည်အကြံရှိသည်ဟု သတိပေးသော အခါ၌လည်းကောင်း တုန်လှုပ်ခြင်း မရှိဘဲ ကိုယ်တော်က သုံးရက်မြောက်သော နေ့၌ စုံလင်ခြင်းသို့ ရောက်မည့် အရာကို ထိုမြေခွေးအား ပြောကြားလော့။ (လု ၁၃း၃၁-၃၂)။ ဟု ပြန်လည်ပြောဆိုခြင်းသည် တည်ငြိမ်သော လက္ခဏာကို ဖော်ပြသည်။
ထိုအပြင် ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် အငြင်းအခုံဖြစ်နေသောအခါ တွင် ဖာရိရှဲ များအား မှန်ကန်ပြတ်သားစွာ မိမိကိုယ်ကို ယုံကြည်စိတ်ချလျက် မကြောက်မရွံ လူမျက်နှာကို မထောက်ဘဲ ဘုရားသခင်၏ တရားလမ်းကို မှန်ကန်စွာ ပြသပြောဆို၏။ (မာ ၁၂း၁၄)။ နောက်ဆုံး၌ ယုဒတရား လွှတ်တော်နှင့် ပိလတ်မင်းကြီးရှေ့ တွင် ရောက်သောအခါ နှိပ်စက်ညှင်းပန်းခြင်းကို ခံရမည်ဟု သိရှိ သော်လည်း မတုန်မလှုပ် တည်ငြိမ်စွာ ရင်ဆိုင်ခဲ့သည်။ မိမိကိုယ်ကို တည်ငြိမ်စိတ်ချမှုနှင့် တန်ခိုးသြဇာ ရှိခြင်းသည် အစဉ်သဖြင့် ဆုံးခန်းတိုင်ပြောင်းလဲခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် မိမိ၏ ပြုမှုချက်များ အပေါ်တွင် သတ္တိရှိလျက် အမှန်တရားကို ဖော်ပြခြင်းကြောင့် ဖြစ်သည်။
အထက်ဖော်ပြပါ အကြောင်းအရာများသည် သခင်ယေရှု၏ သြဇာတိက္ကမ နှင့် မိမိကိုယ်ကို ယုံကြည်စိတ်ချခြင်း ကို ဖော်ပြခဲ့သည့် အပြင်သွန်သင်ဆုံးမ သြ၀ါဒ ပေးသောအခါ၌ လည်း သြဇာအာဏာ ရှိစွာဖြင့် လူတိုင်း အံ့သြတွေဝေသည် အထိ သွန်သင်ခဲ့သည်။ (မာ ၁း၂၂)။ အဘယ်ကြောင့်ဆိုသော် ကျမ်းတတ်ပုဂ္ဂိုလ်များ နည်းတူ သွန်သင်ခြင်း မဟုတ်။ ကျမ်းတတ်ပုဂ္ဂိုလ် များသည် သွန်သင်သြ၀ါဒ ပေးသော အခါ၌ ရှေးယုဒဆရာကြီး များ၏ ကျမ်းအနက်ဖွင့်ချက်များကိုသာ အမှီပြု ရသည်။ သို့သော် သခင်ယေရှုသည် မည်သည့်သွန်သင်ချက် အပေါ်မှ အမှီမပြု ဘဲ တန်ခိုးအာဏာ ရှိသူတစ်ဦးကဲ့သို့ သွန်သင်သြဝါဒ ပေးသည်။
ယေရှုသည် မောရှေ၏ ပညတ်စကားကို အနက်ဖွင့်ရာတွင် ငါ့ပညတ်သည်ကား ဟု အသုံးပြု ခြင်းသည် သြဇာတိက္ကမနှင့် ပြည့်ဝ၏။ (မ ၅း၂၁-၄၄)။ ပရောဖက် ဟေရှာယသည် ဘုရားသခင်၏ စကားကို မြွက်ဆိုသော အခါ၌ ထာဝရဘုရား မိန့်တော်မူသည်ကား ဟု ဆိုခဲ့သည်။ သို့သော် ယေရှုကား ထိုကဲ့သို့မဟုတ် တန်ခိုးအာဏာရှိစွာဖြင့် ငါ့ပညတ်သည်ကား ဟု ပိုင်ပိုင်နိုင်နိုင် ထုတ်ဖော်ပြောဆို၏။ ဤကဲ့သို့ သြဇာအာဏာ ရှိခြင်းသည် ဘုရားသခင်၏ အလိုတော်ကို နက်နဲစွာနှင့် အစဉ်မပြတ် ရှာဖွေ သောကြောင့် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်း ရှိခြင်းအပေါ် မူတည်၏။
နိဂုံး
ယေရှု၏ ကိုယ်ရည်ကိုယ်သွေးအရ မိမိနှင့်ထိတွေ့ ပေါင်းသင်းဆက်ဆံ သောသူများအပေါ် သြဇာတိက္ကမ သက်ရောက်ခဲ့သည့် အကြောင်းများကို မည်သည့်အခါမျှ ချန်ထား၍ မရနိုင်ပါ။ ဘုရားသခင်၏ နိုင်ငံတော် သတင်းစကားကို ကြေညာ၍ ဆောင်ရွက်ရမည့် အမှုတော်လုပ်ငန်း၌ မိမိကိုယ်ကို လုံးဝဆက်ကပ် အပ်နှံခဲ့သော သခင်ယေရှု၏ အသက်တာသည် လူတိုင်း၏စိတ်တွင် စွဲထင်လျက် ရှိနေမည်ဖြစ်သည်။
ဤကဲ့သို့ မိမိကိုယ်ကို ဆက်ကပ်အပ်နှံပြီး ဘုရားသခင်၏နိုင်ငံတော် နှင့်ဆိုင်သော ကြီးမြတ် သည့်အမှုတော် လုပ်ငန်းကို ဆောင်ရွက်ခြင်းတွင် လောကီစည်းစိမ်နှင့် ထင်ပေါ်ကျော်ကြားမှုကြောင့် မဟုတ်ဘဲ မိမိဆောင်ရွက်ရမည့် အမှုတော်လုပ်ငန်းကိုသာလျှင် အာရုံစိုက်၍ အမှုတော်ဆောင်ရွက် ခဲ့ခြင်းဖြစ်၏။
ကိုယ်တော်သည် မိမိ၏တပည့်တော်များနှင့် လှည့်လည်တရားဟော ရာ၌လည်းကောင်း၊ တစ်ကျိပ်နှစ်ပါး သော တပည့်တော်များကို စေလွှတ်ရာ၌ လည်းကောင်း၊ ရွှေ၊ ငွေကြေးများကို မသိုမှီးရန် လမ်းခရီးဖို့ လွယ်အိတ် အကျီင်္နှစ်ထည် ခြေနင်း၊ တောင်ဝှေးများကို ယူဆောင်ရန် (မ ၁၀း၉-၁၀) ရှိသမျှနှင့် ရောင့်ရဲတင်းတိမ် ကျေနပ်ရန် သွန်သင်ခဲ့သည်။ ယေရှု၏ အသက်တာဘ၀သည် ဘုရားတရားကို ကြည်ညို၍ သဘာဝလောကတရားတွင် နှစ်သက်ကြည်နူး ပျော်ရွှင်သောသူ အဖြစ် အသက်ရှင်နေထိုင် ခဲ့သော ပုဂ္ဂိုလ်ဖြစ်ကြောင်း တွေ့ရသည်။
သခင်ယေရှုသည် အဖဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း မှာအပ ကျန်အချိန်များတွင် မည့်သည့်အခါမျှ တစ်ဦးတည်းမနေ အခြားသူများနှင့် ပေါင်းသင်းဆက်ဆံ နေထိုင်စားသောက်လျက် ရှိသည်ကို တွေ့ရသည်။ ယေရှုသည် မိတ်ဆွေဖွဲ့လျက် အများနှင့်ဖော်ဖော် ရွေရွေ နေတတ်ပြီး သနားကြင်နာ တတ်သောသူလည်း ဖြစ်သည်။ ခရစ်ဝင်ကျမ်းများအရ ယခင်ယေရှုသည် ပြုံးခြင်း၊ ရယ်မောခြင်းကို ဖော်ပြထားခြင်း မရှိ သော်လည်း ရယ်မောပြုံးရွှင် တတ်သူဖြစ်ကြောင်းကို ယုံမှားသံသယ မရှိပါ။ အကြောင်းမှာ သူပြောသော စကားများကို ကြည့်ခြင်း အားဖြင့် ရယ်ရွှင်တတ်သော သူ ဖြစ်ကြောင်းကို ဖော်ပြသည်။
နိဂုံးချုပ် ပြောရသော် သခင်ယေရှုသည် မိမိကိုယ်ကို ယုံကြည်စိတ်ချ၍ သြဇာ တိက္ကမနှင့် ပြည့်ဝခြင်း၊ အရေးကြုံ လာသောကာလ၌ တည်ငြိမ်မှုရှိခြင်းနှင့် မိမိ၏ ဆက်ကပ်အသက် ရှင်မှု၌ အစဉ် သစ္စာရှိသောသူ ဖြစ်သည်။ ဤအချက်များသည် ခရစ်ယာန်ညီအစ်ကို မောင်နှမများ အတွက် ခွန်အားအဖြစ်နှင့် လည်းကောင်း၊ တွန်းအားအဖြစ်နှင့် လည်းကောင်း ခံယူ၍ ပြည့်စုံသော ကိုယ်တော်၏ ကိုယ်ရည်ကိုယ်သွေးကဲ့သို့ လိုက်လျှောက် အသက်ရှင်သင့်သည်။ သခင်ယေရှုသည် ခမည်းတော်၌ တည်၍ ခမည်းတော်ဘုရား၏ အလိုတော်နှင့် အကြံအစည်းတော်ကို အစဉ်ရှာဖွေ အသက်ရှင်နေထိုင် သည့်အတွက် ကြောင့် သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေးသည် အစစ်အမှန်ဖြစ်လျက် ကိုယ်၊ စိတ်၊ ၀ိညာဉ် အတွက် ခွန်အားနှင့် ပြည့်စုံလျက် ရှိသည်။
ဒေါက်တာ အယ်ဝါး

No comments:
Post a Comment