သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေးနှင့် လူမှုပေါင်းသင်းဆက်ဆံမှု
လူမှုပေါင်းသင်းဆက်ဆံမှု
လူမှုပေါင်းသင်းဆက်ဆံမှုနှင့်ပတ်သက်၍ သခင်ယေရှု၏ အစအဦး အသက်တာသည် လူအမျိုးမျိုး၊ အဆင့်အတန်းအမျိုးမျိုးနှင့် ထိတွေ့ပေါင်းသင်းခြင်း ရှိနိုင်တာကို ကျွန်ုပ်တို့မငြင်း နိုင်ပါ။ သခင်ယေရှု၏ အသက်ရှင်ကြီးထွားခဲ့ရသည့် လူမှုပတ်ဝန်းကျင်တွင် နေ့စဉ်အသက်မွေးဝမ်းကျောင်း လုပ်ငန်းနှင့်ဆိုင်၍ လူမှုရေး လုပ်ငန်းတွင် လူတိုင်းနှင့် ထိတွေ့ဆက်ဆံလျက်ရှိပေမည်။ အိမ်ထောင်မိသားစု ညီအစ်ကို မောင်နှမများနှင့် သာမက နာဇရက်မြို့ ပတ်ဝန်းကျင်နေရာ များ၊ ပါလတိနပြည်အတွင်းရှိ လူမှုရေး နယ်ပယ်အထိ ကျယ်ပြန့်စွာ လူမှုရေး ပေါင်းသင်းဆက်ဆံမှု အတွေ့အကြုံကို ရရှိသူဟူ၍ တိုးချဲ့ စဉ်းစားနိုင်သည်။
ထိုကြောင့် အသက်(၁၂)နှစ် နှင့် (၃၀)နျစ်အကြား နှစ်များတွင် သခင်ယေရှု မည်သို့အသက်ရှင် နေထိုင်သွားလာ လှုပ်ရှားနေသနည်း ဟူသော မေးခွန်းအပေါ်၌ ကျွန်ုပ်တို့ သတိထား ဆင်ခြင်နိုင်သည့် အချက်မှာ သခင်ယေရှု၏ လူမှုရေးအတွေ့အကြုံ သည် နာဇရက်မြို့သား ယေရှုအဖြစ် နာဇရက်မြို့ ၌သာ လူမှုရေးအတွေ့အကြုံ ရှိသူ ဟူ၍ တစ်ထစ်ချ မှတ်ယူ၍မရပေ။ ပါလတိနပြည် အတွင်းရှိ လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ်အထိ ကိုယ်တော်သည် အတွေ့အကြုံ ရှိနိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားရမည်။
အများအားဖြင့် သခင်ယေရှုကို နာဇရက်မြို့သား ယေရှုဟူ၍ ကျွန်ုပ်တို့ ခေါ်ဝေါ်ကြသည်။ ဤသို့ခေါ်ဝေါ်ရာတွင် နာဇရက်မြို့သားသည် တောတောင်များနှင့် ဖုံးကွယ်၍ တောတောင်များနောက်တွင် မထင်မရှား တည်ရှိသောနေရာ အဖြစ်သတ်မှတ်ပြီး သခင်ယေရှုကိုလည်း ထိုသို့သတ်မှတ်ထားသည့် နေရာ၌သာ တိုးတက်ကြီးထွား အသက်ရှင်သူဟူ၍ စဉ်းစားမိတတ်သည်။ အမှန်စင်စစ် နာဇရက်မြို့သည် ပတ်ဝန်းကျင်အရပ်ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေး လွယ်ကူပြီး ပတ်ဝန်းကျင်ရှိ မြို့ရွာ များနှင့် အဆက်အသွယ်ရှိသော မြို့ဖြစ်သည် ဟူ၍ကား မစဉ်းစားမိကြပေ။ နာဇရက် မြို့သည် ဂါလိလဲပြည်နယ်တွင် အကြီးဆုံးမြို့ ဖြစ်သည်။ ရှက်ဖောရိ (Seppharis) နှင့် နာရီပိုင်းအတွင်း ခြေလျင်ခရီးဖြင့် ရောက်ရှိနိုင်ပြီး ဂါလိလဲနယ်မှ သြဒနယ်သို့ သွားရာလမ်းပေါ်၌ ရှိသော ယေဖက်မှ နာရီဝက်အတွင်း ရှက်ဖောရိမြို့သို့ ရောက်ရှိနိုင်သည်။ ထိုကြောင့် နာဇရက်မြို့သည် ပတ်ဝန်းကျင်ရှိ မြို့ရွာများသို့ လွယ်လွယ်ကူကူ သွားလာနိုင်သည်ကို တွေ့ရသည်။
ထိုကြောင့် သခင်ယေရှု၏ ငယ်စဉ်လူငယ်ဘ၀နှင့် အသက်သုံးဆယ် မတိုင်မီ ဘ၀သည် နာဇရက်မြို့နှင့် အသွားအလာ လွယ်ကူသော ပတ်ဝန်းကျင်မြို့ရွာ များသို့ သွားရောက်လေ့လာ လည်ပတ်နိုင် သောအခွင့်အရေး များစွာရရှိနိုင်သည်ကို တွေးထင်ယူဆနိုင်သည်။ ထိုကြောင့် ပါလတိနပြည် တွင် ယေရုရှလင်မြို့ပြီးလျှင် ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့် ရှက်ဖောရိမြို့၏ စီးပွါးရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ယဉ်ကျေးမှုများ သာမက လူအမျိုးမျိုးအကြောင်းများကိုလည်း လေ့လာသိရှိ နားလည် နိုင်သူတစ်ဦး ဖြစ်ကြောင်း မှန်းဆနိုင်ပေသည်။
သခင်ယေရှုအမှု တော်ထမ်းရွက်ခဲ့သော အသက်တာ ဘ၀တစ်လျှောက်လုံးကို ကြည့်မည် ဆိုလျှင်လည်း လူတိုင်းနှင့် ပေါင်းသင်းဆက်ဆံမှု၊ သင်ကြားမှု၊ သွန်သင်မှု၊ အစရှိသည်တို့ကို ကြည့်ခြင်းအား ဖြင့် သခင်ယေရှုသည် လူမှုပေါင်းသင်းဆက်ဆံရေး၌ အတွေ့အကြုံ များစွာ ရင့်ကျက်သူ တစ်ဦးဖြစ်ကြောင်း တွေ့ရပေမည်။ ထိုကြောင့် သခင်ယေရှုကြီးပြင်းရာ နာဇရက်မြို့ တည်းဟူသော ကျဉ်မြောင်းလှသော လူမှုရေးအတွေ့အကြုံကိုသာ ရရှိသူဟူ၍ သခင်ယေရှု၏ လူမှုပေါင်းသင်းဆက်ဆံမှု ဘ၀ကို သတ်မှတ်၍ မရနိုင်ပေ။
လူတိုင်းနှင့် လွတ်လပ်စွာ ပေါင်းသင်းဆက်ဆံခြင်းကို ကြည့်ခြင်းအားဖြင့် သခင်ယေရှု၏ သဘောထားကြီးမြတ်ပုံကို ဖော်ပြလျက်ရှိသည်။ အထူးသဖြင့် တိုင်းတပါးသားများနှင့် ဆက်ဆံရာတွင် လည်းကောင်း၊ လူ့အသိုင်းအ၀ိုင်းမှ စွန့်ပစ်ထားသော အပယ်ခံလူများနှင့် ဆက်ဆံရာ၌ လည်းကောင်း၊ သခင်ယေရှု၏ စိတ်သဘောထား ကြီးမြတ်မှုသည် ကျယ်ပြန့်လှသော လူမှုရေး ပေါင်းသင်းဆက်ဆံမှု အတွေ့အကြုံများ ရှိသူအဖြစ် ဖော်ပြနေပါသည်။
ထိုပြင် သခင်ယေရှုသည် ရှက်ဖောရိနှင့် တုဖက်မြို့ရှိ ယုဒလူမျိုး အပေါင်းအသင်းများနှင့် ဆက်ဆံမှု အတွေ့အကြုံ အရလည်းကောင်း၊ လမ်းအသွယ်သွယ်၊ ဈေးဆိုင်းအဖုံဖုံ တို့မှ လူအများနှင့် ထိတွေ့ ရရှိခဲ့သော အတွေ့အကြုံ ကြောင့်လည်းကောင်း၊ လူတို့၏ စိတ်နေသဘောထား အမျိုးမျိုးကို သိရှိနားလည် နိုင်သည်။ (မဿဲ ၁၁း၁၉) တွင် အခွန်ခံသောသူ၊ ဆိုးသောသူနှင့် မိတ်ဖွဲ့နေထိုင် သူတစ်ဦး ဟူ၍ အမှုတော်ဆောင်ရွက်စဉ် အချိန်တွင် ကဲ့ရဲ့ပြစ်တင်ခြင်း ခံခဲ့ရသည့် အဖြစ်အပျက်ကို ကြည့်လျှင် သခင်ယေရှု၏ နှိမ့်ချသည်းခံ၊ စိတ်ရှည်တတ်သော သဘောကို နားလည်နိုင်ပေသည်။
အမှုတော်ဆောင်ရွက် ချိန်များတွင် တစ်ခါတရံ တမန်တော်၊ တပည့်တော်များနှင့် လူသူ ကင်းဝေးသော နေရာအရပ်ဒေသ အချို့သို့ သီးသန့်ရွေးချယ်၍ ကိုယ်၊စိတ်၊၀ိညာဉ် အတွက် ခွန်အားယူရန် လည်းကောင်း၊ ဖြောင့်မတ်တည်ကြည်သော အသက်တာအားဖြင့် အသက်ရှင်ရန်လည်ကောင်း၊ ရည်ရွယ်၍ ဆုတောင်းပဌာနာပြုခဲ့သော အဖြစ်အပျက်များ ရှိခဲ့ပါသည်။ ဤအဖြစ်အပျက်များအရ ကိုယ်တော်သည် သီးခြား တစ်ကိုယ်တည်း နေလိုသောစိတ်ရှိသည်ဟူ၍ မသတ်မှတ်နိုင်ပါ။ အမှုတော်ဆောင် သက်တမ်း တစ်လျှောက်လုံးတွင် ကိုယ်တော်သည် လူအများနှင့် နေ့စဉ်ပေါင်းသင်းဆက်ဆံလျက်ရှိသောအရှင်သခင် တစ်ဦးဖြစ်သည်။ သခင်ယေရှု၏ သွန်သင်သော ဥပမာတော်များအရ ကြည့်လျှင်လည်း လူသားတို့ လှုပ်ရှား ပါဝင်သော လူ့ဘ၀မြင်ကွင်းကို ကျယ်ပြန့် နက်ရှိုင်းစွာ ထိုးဖော်သိရှိ နားလည်သူတစ်ဦး အဖြစ် တွေ့ရပြန်သည်။
ဥပမာ - မြတ်သောပုလဲကို ရှာသော ကုန်သည် (မဿဲ ၁၃း၄၅-၄၆)၊ မျိုးစေ့ကို လယ်၌ ကြဲသောသူ အကြောင်း (မဿဲ ၁၃း၉)၊ စပျစ်ဥယျာဉ်ပိုင်ရှင်နှင့် လုပ်သားများ (မဿဲ ၂၀း၁-၁၆)၊ မရိုးသား သောဘဏ္ဍာထိန်း အကြောင်း (မဿဲ ၂၄း၄၅-၅၁)၊ မင်္ဂလာလက်ထပ်ပွဲများ၊ ဒေနာရိ (၁၀)ပြား ပိုင်သော မိန်းမ (လုကာ ၁၅း၈-၉)၊ သိုးထိန်းအကြောင်း (လုကာ ၁၅း၃-၆) စရှိသော ဥပမာတော်များသည် ပါလတိနပြည်ရှိ လူများနေ့စဉ် အသက်ရှင်လှုပ်ရှား လျက်ရှိသော ဘ၀အသက်ရှင်မှု အတွေ့အကြုံ နှင့် ဆက်နွယ်လျက်ရှိသော ဥပမာတော်များဖြစ်သည်။ ထိုကြောင့် သခင်ယေရှုသည် ဤဥပမာတော် အသုံးပြု ခြင်းကို ကြည့်ခြင်းအားဖြင့် လူနှင့် လူ့အဖွဲ့အစည်းအကြောင်း ကျယ်ပြန့်စွာ လေ့လာသိရှိ နားလည် သော သူတစ်ဦးဖြစ်ကြောင်း သိနိုင်ပါသည်။
ဘာသာရေးနောက်ခံ
သခင်ယေရှုအချိန်အခါ၌ ဘာသာရေးဂိုဏ်း များစွာရှိသည်။ ထိုဂိုဏ်းများထဲမှ ဖာရိရှဲနှင့် ကျမ်းပြုဆရာ များသည် သာမန်ယုဒများနှင့် မရောဘဲ သီးသန့်နေထိုင် ကြသည်။ သူတို့သည် ပညတ္တိ ကျမ်းများ လေ့လာခြင်းအမှု၌ နှစ်မြှပ်ထားကြသည်။ ထိုမှ တစ်ဖန် ပညတ္တိကျမ်းကို လူတို့ နေ့စဉ် အသက်ရှင် မှု တွင် လိုက်နာစေချင်သည်။ ယုဒလူမျိုး အဖွဲ့အစည်း အတွင်းတွင် ကျမ်းပြုဆရာနှင့် ဖာရိရှဲ တို့သည် “ညီအစ်ကို အသင်းအဖြစ်” ဖွဲ့စည်းထားကြသည်။
ဖာရိရှဲတို့နှင့် ဆန့်ကျင်လျက်ရှိပြီး ရှေးဟောင်းအစဉ်အလာကို ထိန်းသိမ်း ကာကွယ်သူများ မှာ ဇဒ္ဒု ကဲများဖြစ်သည်။ သူတို့သည် ချမ်းသာကြွယ်ဝသော အမျိုး အနွယ်များ ဖြစ်ပြီး၊ အများအားဖြင့် သူတို့သည် ယဇ်ပရောဟိတ် များဖြစ်ကြသည်။ သို့သော် ယဇ်ပရောဟိတ်တိုင်းသည် ဇဒ္ဒုကဲ များမဟုတ်ချေ။
ယုဒလူမျိုး အဖွဲ့အစည်းတွင် ဇေလုတ်ဟူသော အဖွဲ့အစည်းသည် အကြမ်းဖက်အမှုတွင် နာမည်ကြီးသော အဖွဲ့အစည်းတစ်ခုပင် ဖြစ်သည်။ သူတို့သည် ရောမအစိုးရတို့၏ အဓိကရန်သူ များဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အပြည့်အ၀ လှုပ်ရှား နိုင်သော သူများဖြစ် ပြီး၊ ရောမအစိုးရ ကို တော်လှန်သောသူများ ဖြစ်သည်။ ဟေရုဒ်မင်းကြီး သေဆုံး သောအချိန် ၌ တော်လှန်မှု အနည်းငယ် ဖြစ်ပွားပြီး၊ အထူးသဖြင့် ရောမလူမျိုးတို့သည် ယုဒပြည်ကို တိုက်ခိုက် အုပ်စိုးချိန်မှ အစပြု ကာ တော်လှန်ပုန်ကန်မှုကြီးကို ပြုလုပ်ကြသည်။ ခရစ်သက္ကရာဇ် (၇၀) ခုနှစ်၌ ရောမဗိုလ်ချုပ်ကြီး တိတု သည် ယေရုရှလင်မြို့သို့ ၀င်ရောက်ပြီး ဗိမာန်တော်ကို ဖျက်ဆီးချိန်၌ တော်လှန်ပုန်ကန်မှု ကြီးသည် ပြီးဆုံးသွားတော့သည်။
အထက်ဖော်ပြပါ ဘာသာရေး အဖွဲ့အစည်းများအပြင် ရှမာရိလူစု လည်းရှိသည်။ သူတို့သည် ရှမာရိပြည်၌ နေထိုင်ပြီး ဘာသာရေးအရ ယုဒလူမျိုးများ ဖြစ်ကြသည်။ သို့သော် ဂါလိလဲနယ်များ ကဲ့သို့ ယုဒလူမျိုးများ အဖွဲ့အစည်းတွင် အသိအမှတ်ပြုခြင်း မခံရချေ။ အကြောင်းရင်းမှာ ရှမာရိလူမျိုးသည် ဂါလိလဲနယ်သားများ ကဲ့သို့ ယေရုရှလင်ဗိမာန်တော်ကို အသိအမှတ်ပြုကြသော သူများ မဟုတ်ချေ။ မိမိတို့ ၀တ်ပြုကိုးကွယ်ရာ နေရာအဖြစ် ဂေရဇိန်တောင်၌ ၀တ်ပြုပြီး ယေရုရှလင်မြို့ဗိမာန်တော်၌ ၀တ်ပြုကြသူများ မဟုတ်ချေ။
ခရစ်ဝင်ကျမ်း (မဿဲ ၊ မာကု၊ လုကာ) သုံးကျမ်း၌ ဖော်ပြသည့် အတိုင်း သခင်ယေရှု သည် နှစ်ခြင်းဆရာ ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သည်။ နှစ်ခြင်းဆရာ ယောဟန် သည် အထက်ဖော်ပြပါ လူစုများနှင့်မတူ ထူးခြားစွာ အသက်ရှင်ခဲ့သည်။ တောမရှိသော ယောဒန်မြေညီ ကွင်းပြင်၊ ကျူ ပင်နှင့် ပုပျပ်သော အပင်များပေါက်ရောက်ရာ ယော်ဒန်မြစ်၏ တစ်ဖက်တစ်ချက် တောင်ပိုင်း ချိုင့် ၀ှမ်းကြမ်းပြင် တစ်လျှောက်တွင် ရှင်ယောဟန်ဟု အမည်တွင်သော ရသေ့တစ်ပါးသည် တစ်ကိုယ် တည်း နေထိုင်လျက်ရျိသသည်။ ပရောဖက် ဧလိကဲ့သို့ ကုလားအုတ်မွေးနျင့်ယက်သော ဖျင်ကြီးကို ၀တ်ကာ သားရေးခါးပန်း စီးလျက်ရှိသည်။ သူ၏ အစားအစာမှာ မြေညီကွင်းပြင်တွင် တွေ့ရသော အရာများ ပင်ဖြစ်သည်။ ဤကဲ့သို့ ၀တ်စားဆင်ယင်ခြင်းအားဖြင့် ယဉ်ကျေးမှုထွန်းကားသည့် မြို့ရွာများတွင် ရျိသည့် လူများနှင့် ဆန့်ကျင်နေပုံ ရသည်။ အထူးသဖြင့် ဂရိတို့၏ ယဉ်ကျေးမှု လွှမ်းမိုးရာ နန်းတော်ကို ဆန့်ကျင်ပုံ ရသည်။ ထိုရသေ့၏ အသက်တာသည် ထိုရက်အချိန်အခါ များတွင်မူ ပြိုင်ဘက်မရှိ ထူးခြားလှပါသည်။ ဤပုဂ္ဂိုလ်၏ ဟောပြောနေခြင်းနှင့် နှစ်ခြင်းမင်္ဂလာပေးခြင်း အမှုသည် ဆန်းပြားသစ်လွင် လှပါသည်။
ယော်ဒန်မြစ်၌ တရားဟောချက်များကို ကြားနာဖို့ရန် လာရောက်စုဝေးကြသော ပရိသတ်များ သူသည် ဟောပြောကြေညာချက်မှာ ပရောဖက်များ၏ ဟောပြောချက် ပြည့်စုံရမည့် အချိန်အခါ ရောက်လုနီးပြီ၊ တရားစီရင်မည့် ဘုရားသခင်၏ နေ့ရက်သည် လည်း ဘုရားတရားကြည် ညိုသူ နှင့် မကြည်ညိုသူများအပေါ် တွင် ကျရောက်တော့မည်။ တရားစီရင်ခြင်း အမှုကို ပြုမည့် ပုဂ္ဂိုလ်သည် ဂျုံ စပါးကို အဖျင်းမှ ခွဲခြားမည်ဖြစ်ပြီး၊ တရားဟောချက်များကို ပြည့်စုံစေမည့် သူဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ကြီးမြတ်သည့်အတွက် သူ၏ခြေနင်းကြိုး ကိုမျှ ဖြေခြင်းငှာ မိမိ(ယောဟန်) သည် မထိုက်တန်ပေ။ ဤ အမျက်တော် ထွက်ရာ နေ့နှင့် ရင်ဆိုင်အသက်ရှင်ကြသော သူများအတွက် တစ်ခုတည်သော လွတ်မြောက်ရာ လမ်းမှာ နောင်တရခြင်းနှင့် နှစ်ခြင်းမင်္ဂလာကို ခံယူခြင်း ပင်ဖြစ် ကြောင်း နှစ်ခြင်းဆရာ ယောဟန်က ပြောကြားပါသည်။
နောင်တရကြလော့ဟု ရှင်ယောဟန်ဆိုရာတွင် ဘာသာရေးဆိုင်ရာ ထုံးတမ်းစဉ်လာများ နှင့် အစာရှောင်ခြင်း၊ လျှော်တေအ၀တ်ကို ၀တ်ခြင်း၊ ပြာမှုန့်လူးခြင်း စသည်ဖြင့် မိမိကိုယ်ကို စည်းကမ်းတကျ ချုပ်တည်းခြင်းကို မဆိုလိုပေ။ အဓိပ္ပာယ်မှာ သန့်ရှင်းသော ဘုရားသခင် ၏ ရှေ့မှောက်တွင် မသန့်ရှင်းမှုကို ဖယ်ရှားပြီး မိမိအသက်တာတစ်ခုလုံးကို ဘုရားသခင်၏ထံ တော်ပါးသို့ တိုးဝင်ချဉ်းကပ်ခြင်း ပင်ဖြစ်သည်။ နှစ်ခြင်းမင်္ဂလာသည် သာသနာပလူ တစ်ဦးက ယုဒဘာသာဝင်သည့် အတွက် ပြုလုပ်ရမည့် လိုအပ်ချက် တစ်ခုဖြစ်သည့် ရေချိုးခြင်း ထုံးတမ်းစဉ်လာ တစ်ခုလည်း မဟုတ်ပါ။ ထိုအရာသည် ဆန်းသစ်ပြီး ကြားဖူးနားဝ မရှိသော လက္ခဏာ တစ်ခုပင်ဖြစ်သည်။ ထိုသို့မဟုတ်ပါမူ ရှင်ယောဟန်သည် နှစ်ခြင်းဆရာ ဟူ၍ ခေါ်ဆိုခြင်း ခံရမည်မဟုတ် ချေ။ ရှင်ယောဟန်၏ နှစ်ခြင်းသည် လူတစ်ဦးစီ၏ အသက်တာနှင့် သက်ဆိုင်သော အကြောင်းအရာ တစ်ခုပင်ဖြစ်သည်။ သို့မဟုတ်ပါမူ လူတစ်ဦးတစ်ယောက်သည် မိမိကိုယ်ကို နှစ်ခြင်းဆရာ ယောဟန်ထံတွင် နှစ်ခြင်းခံယူမည် မဟုတ်ပါ။ မိမိကိုယ်ကို နှစ်ခြင်းခံယူ စေခြင်းဖြင့် ကျရောက်လာမည့် အမျက်ဒေါသ မှ လွတ်မြောက်မည် ဟု မျှော်လင့်ခြင်း ဖြစ်သည်။ အမှန်တကယ် နောင်တရသောသူကို သာလျှင် လွတ်မြောက်မည်ဟု ကတိပေးခြင်း သာလျှင် ဖြစ်သည်။ နှစ်ခြင်းခံယူခြင်း အားဖြင့် ဘုရားသခင်နှင့် မိတ်သဟာယ ဖွဲ့နိုင်သော လက္ခဏာဖြစ်သည်။
ပါလတိနရှိ မြို့ရွာများမှ ယော်ဒန်ချိုင့်ဝှမ်း တိုင်အောင် နှစ်ခြင်းခံယူရန် လာရောက်ကြသော သူများထဲတွင် ဂါလိလဲပြည်မှ သခင်ယေရှုလည်း အပါအ၀င်ဖြစ်သည်။ နှစ်ခြင်းဆရာ ယောဟန်၏ လှုပ်ရှား မှုနှင့် သခင်ယေရှု၏ ဆက်ဆံမှုမှာ အရေးကြီးသော တွေ့ဆုံမှု တစ်ရပ်ပင်ဖြစ်သည်။ ထိုကြောင့် နောက်ပိုင်း တွင် သခင်ယေရှုသည် နှစ်ခြင်းဆရာယောဟန်အား မိန်းမမွေးသော သူတို့တွင် အကြီးမြတ်ဆုံးသော သူဖြစ်ကြောင်း (မဿဲ ၁၁း၁၁) တွင် သက်သေခံ အတည်ပြု သွားပါသည်။
သခင်ယေရှုနှင့် နှစ်ခြင်းဆရာ ယောဟန်တို့၏ ဆက်ဆံမှုမှာ မည်သည့်အချိန်အခါထိ ကြာညောင်းခဲ့ သည်ကို မသိရချေ။ သို့သော် သူတို့နှစ်ဦးသည် တူညီသောသတင်းစကား နှစ်ခုမှာ နောင်တ ရခြင်နှင့် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းပင်ဖြစ်သည်။ သူတို့နှစ်ဦးအကြား မတူညီသည့် အချက်မှာ ရှင်ယောဟန်သည် နိုင်ငံတော်အကြောင်း ဟောပြောရာ၌ နောင်တမရလျှင် တရားစီရင်ခြင်း ခံရမည် ဟု ဟောပြောပြီး၊ သခင်ယေရှုမှာမူ ဘုရားသခင်၏ နိုင်ငံတော်သို့ ၀င်ရောက်နိုင်ရန် ဘုရားသခင်သည် ဖခင်ကဲ့သို့ စောင့်မျှော်လျက်၊ ပျောက်သောသိုးများကို ရှာဖွေလျက်၊ အပြစ်သားများအား အပြစ်လွှတ်နိုင်သော ဘုရားဖြစ်ကြောင်း အပြုသဘော ဆောင်သော သင်ကြားခြင်း အမှုကို အဓိက ထားသည်။
သခင်ယေရှုသည် ပါလတိနပြည်၏ ယုဒဘာသာရေးဂိုဏ်းဂဏ များနှင့် အဖွဲ့အစည်းများ အကြောင်းကို နားလည်ပြီး၊ ယုဒဘာသာရေးအဖွဲ့အစည်းများ ဖြစ်သည့် ဖာရိရှဲ၊ ဇဒ္ဒုကဲ၊ ဇေလုတ်များ၊ ရှမာရိ လူမျိုးများနှင့် အဆက်အသွယ် ရှိခဲ့သည်။ ထိုအပ်ြင် သခင်ယေရှု သည် နှစ်ခြင်း ဆရာ ယောဟန် ဟောကြားသော သတင်းစကားဖြစ်သည့် ဘုရားသခင်၏ နိုင်ငံ တော်အကြောင်းကို ဆက်လက်၍ ဟောကြားခဲ့သည်ကို ကြည့်လျှင် နှစ်ခြင်းဆရာ ယောဟန်နှင့် ဆက်သွယ်မှု ရျိကြောင်း ကို ဖော်ပြသည်။ သို့သော် သခင်ယေရှု၏ အသက်ရှင်မှုနှင့် နှစ်ခြင်းဆရာယောဟန်၏ အသက်ရှင်မှုမှာ ကွာခြားလှသည်။ နှစ်ခြင်းဆရာယောဟန် သည် ရသေ့ကဲ့သို့ အသက်ရှင်ခဲ့သည်။ သခင်ယေရှု မှာမူ လူသားများနှင့် ရောယှက်ပါဝင် ပေါင်းသင်း နေထိုင်ခဲ့သည်။
နိဂုံးချုပ်အနေဖြင့် သခင်ယေရှု၏ ပင်ကိုယ်စရိုက် အကျင့်လက္ခဏာ များနှင့် ပတ်သက်၍ သူ့ခေတ်၊ သူ့အချိန်တွင် တည်ရှိခဲ့သော အခြေအနေအရပ်ရပ် တို့ကို ထည့်သွင်းစဉ်းစားရပေမည်။ ယင်းတို့ မှာ သူအသက်ရှင် ကြီးပြင်းခဲ့ရသော အိမ်ထောင်မိသားစုအခြေအနေ၊ ပညာရေးနှင့် ဆက်နွယ်လျက်ရှိသော တရားဇရပ်၊ လူမှုရေး ထိတွေ့ဆက်ဆံမှုများနှင့် လူမှုရေးပေါင်းသင်းဆက်ဆံမှုများပင်ဖြစ်သည်။ ထိုအပြင် ထိုခေတ်ထိုအချိန်က နိုင်ငံရေးအခြေအနေ များသည်လည်းလူတစ်ယောက် ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန် အရေးပါသော အခန်းဂဏ္ဍမှ ပါဝင်သောကြောင့် နိုင်ငံရေး အခြေအနေများကိုလည်း ထည့်သွင်းစဉ်စား ရပေမည်။
(လုကာ ၃း၂၃) အရ သခင်ယေရှုသည် အသက်(၃၀)အရွယ်တွင် စတင်၍ အမှုတော်မြတ်ကို ထမ်းရွက်ကြောင်း ရေးသားထားသည်။ အမှုတော်ထမ်းဆောင်သော ကာလသက်တမ်းသည် မဿဲ ၊ မာကု၊ လုကာ၊ ခရစ်ဝင်ကျမ်းများအရ တစ်နှစ်ဟူ၍ တွေ့ရပြီး၊ ရှင်ယောဟန်ကျမ်းအရ(၃)နှစ် ဟူ၍ဖော်ပြထားသည်။ အမှုတော်ထမ်းဆောင်သည့် သက်တမ်းမှာ တိုတောင်းလှပေသည်။ သို့သော် တိုတောင်းသော သက်တမ်းအတွင်း ဆောင်ရွက်ခဲ့သော အမှုတော်လုပ်ငန်းကြီးသည် ပါလတိနပြည် တစ်ခု အတွက်သာမက တဖြည်းဖြည်း ကမ္ဘာလောကတစ်ခုလုံး အတွက် တိုးတက်ကျယ်ပြန့်လာသည်ကို အံ့သြ ဖွယ်ရာ တွေ့ရဥည်။ သိမ်ငယ်သော ရွာဇနပုဒ်မှ ရိုးရိုးသာမန် လက်သမားတစ်ယောက်၏ ဘ၀အသက်တာ အဖြစ်လည်းကောင်း၊ မြင့်မြတ်သန့်ရှင်းစုံလင် တော်မူသော ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်လှုပ်ရှား ကြွေးကြော်ခဲ့သော စကားများသည် လည်းကောင်း၊ အမှုတော်ဆောင်ရွက် ချက်များ သည်လည်းကောင်း၊ ထိုခေတ် ထိုကာလ အသက်ရှင်ခဲ့ကြသော ယုဒဘာသာရေး ခေါင်းဆောင်များ အတွက် ရေးကြီးခွင်ကျယ် တန်ဖိုးရှိသည်ဟု ထင်မြင်ခြင်း မခံရရှာပေ။ ယုဒဘာသာကို နှောက်ယှက်ပြုသူ တစ်ဦး ဟူ၍လည်းကောင်း၊ ရိုးရိုးသာမန် လူတစ်ဥိးအနေဖြင့်သာ မြင်ခဲ့ကြသည်။ သို့သော် ရိုးရိုး သာမန် လူတစ်ဥိးအနေဖြင့် သတ်မှတ်ခံရရှာသော သခင်ယေရှုကို အလေးအမြတ် တန်ဖိုးထားပြီး၊ ယုံကြည်ခြင်း နှင့်အတူ နောက်တော်ကို လိုက်ခဲ့ကြသော နောက်လိုက်များ အတွက်မူ လူတကာနှင့်မတူ၊ တစ်မူထူးခြား၍ အံ့ဖွယ်ရှင်တစ်ပါးအဖြစ် မြင်တွေ့ခဲ့ကြသည်။ ထိုကြောင့် ခရစ်သက္ကရာဇ် ပထမရာစု ခရစ်ယာန်ညီအစ်ကို များတို့သည် သခင်ယေရှုကို နှစ်သက်မြတ်နိုးစိတ်၊ ဦးညွတ်ကိုးကွယ်လိုသောစိတ်၊ ချစ်သောစိတ်နှင့် ဆက်ကပ်အပ်နှံ အသက်ရှင်ခဲ့ကြသည် သာမက မိမိတို့ ကိုးကွယ်သောအရှင်သခင်သည် လူသားတိုင်းနှင့် ရင်းနှီးခင်မင် အကျွမ်းဝင် ပေါင်းသင်းဆက်ဆံသူ တစ်ဦးအဖြစ်လည်းကောင်း၊ မေတ္တာတော် အရှင်အဖြစ် လည်းကောင်း၊ အသိအမှတ်ပြုခဲံကြသည်။
ထိုကြောင့် သခင်ယေရှုသည် မည်ကဲ့သို့သော ပုဂ္ဂိုလ်ဖြစ်သနည်း။ သူ၏ ကိုယ်ရည်ကိုယ်သွေး များကား အဘယ်သို့နည်း ဟူသော အကြောင်းများကို သိမြင်လိုစိတ်၊ နားလည်ချင်သော စိတ်နှင့် လေ့လာမှု ပြုနိုင်လျှင် တန်ဖိုးမဖြတ်နိုင်သော မြင့်မြတ်သော အကျိုးကျေးဇူးကို ကျွန်ုပ်တို့အတွက် ဧကန်အမှန်ရရှိနိုင်ပါသည်။ ဆက်လက်၍လည်း ကြိုးစား၍လေ့လာရပေမည်။
ဒေါက်တာ အယ်ဝါး
No comments:
Post a Comment