Sunday, May 3, 2015

သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး ၎

သခင်ယေရှု၏ ထူးခြားသောအမှုအရာနှင့် သွင်ပြင်လက္ခဏာများ

                   လူတစ်ဦးနှင့်စပ်ဆိုင်သော အရည်အသွေးတို့မှာ ထိုသူ၏ ထူးခြားသောအမူအရာနှင့် သွင်ပြင် လက္ခဏာ များတို့ပင်ဖြစ်သည်။ ၎င်းတို့မှာ စိတ်လှုပ်ရှားခြင်းနျင့်ဆိုင်သော အမူအရာများ၊ ကျင့်ဝတ် တရားနှင့်ဆိုင်သော အကျင့်စာရိတ္ထ များ၊ ထက်မြက်သောဥာဏ်ပညာနှင့် ပေါင်းသင်းဆက်ဆံမှုများ ဖြစ် သည်။ ခရစ်တော်သည် အလွန်စိတ်အား တက်ကြွသူတစ်ဦး ဖြစ်ပြီး အလွန်ဖြတ်လတ်သူတစ်ဦးလည်း ဖြစ် သည်။ ကိုယ်တော်၏ စိတ်လှုပ်ရှားမှုများနှင့်တကွ အပြောအဆိုတို့၌ လည်းကောင်း၊ ပြန်လည်ချေပ ပြော ဆိုခြင်းများ၌ လည်းကောင်း၊ ဥာဏ်ပညာ ထက်မြက်မှုကို များစွာ တွေ့ရသည်။
                    ဧကန်စင်စစ် သူသည် အလွန်ထူးခြား၍ မြင့်မားသော အဆင့်၌ ရပ်တည်လျက်ရှိသည်။ သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေး နှင့်ဆိုင်၍ ဆန်းစစ်ရာတွင် အခက်အခဲ များစွာရှိသည်။ အဘယ်ကြောင့် ဆိုသော် ခရစ်တော်၏ ကိုယ်ရည်ကိုယ်သွေးနှင့် ဆိုင်၍ သခင်ယေရှု၏ နှုတ်ထွက်တော် စကားများမှလည်း အစဦး ခရစ်ယာန်များက မိမိတို့မှတ်မိ သတိရနိုင်သမျှ တစ်ဆင့်ပြီး တစ်ဆင့် ပြောကြား ချက်များဖြစ်သည့် အတွက်ကြောင့် သခင်ယေရှု၏ ကိုယ်ရည်ကိုယ်သွေးကို ဝေဖန်သုံးသပ်ရာတွင် အခက်အခဲ ရှိခြင်းဖြစ်သည်။ 
                 ကျွန်ုပ်တို့သည် ရှေးဦးခရစ်ယာန်များ မြတ်နိုးလှစွာ မှတ်သားထားသော ကိုယ်တော်၏နှုတ်ထွက် စကားများအားဖြင့်ကိုယ်တော်၏ အကျင့်စာရိတ္ထကို မှန်းဆနိုင်သည်။ ကိုယ်တော်၏ ကျင့်ဝတ်တရားနှင့် ဆိုင်သော ခွန်အား၊သတ္တိ၊ ဘာသာရေးနှင့်ဆိုင်သော ထိုးထွင်းအသိဥာဏ် နှင့် ကိုယ်တော်၏ ပင်ကိုယ်ဥာဏ်ကို နက်နဲစွာ သိမြင်နားလည်၍ လူအပေါင်းတို့အပေါ်၌ ထားရှိသော မေတ္တာ တော်သည် ယခုထက်တိုင် ထင်ရှားပေါ်လွင်လျက်ရှိသည်။ ကိုယ်တော်၌ သွက်လက်၍ ထူးခြားပေါ်လွင်သော အရည်အချင်း ရှိသည်။


 
                           ကိုယ်တော်သည် မိမိထင်မြင်ယူဆချက်များကို ဖော်ထုတ်ဖို့ ရဲစွမ်းသတ္တိရှိသဖြင့် ယုံကြည်လောက်သော သူတစ်ဦးဖြစ်သည်။ ကိုယ်တော်သည် အပေါ်ယံအရာများကို ပမာဏမပြုဘဲ၊ လူအများလက်ခံ ထားသော်လည်း ကန့်ကွက်သင့်သော အရာများကိုလည်း လက်မခံတတ်ချေ။ ခရစ်ဝင်ကျမ်းများသည် ခရစ်တော်၏ အကြောင်းကို ပြည့်ပြည့်စုံစုံမဟုတ်ဘဲ အပိုင်းအစလေးများ ကဲ့သို့ ဖော်ပြထားသည်။ သူတို့၏ ဖော်ပြချက်များ အားဖြင့် ကိုယ်တော်သည် လူအပေါင်းတို့ထက် သာလွန် တင့်တယ် လျောက်ပတ်မှုရှိ၍ ခွန်အားကြီးသူ တစ်ယောက်ဖြစ်ကြောင်း တွေ့နိုင်သည်။ ထိုမျှမက ဧကန်ပင် သူရဲကောင်းတို့၏ အရည်အသွေးနှင့် ပြည့်စုံသူတစ်ဦးဖြစ်ကြောင်း ကျွန်ုပ်တို့သိမြင် နားလည်ရသည်။

၁။               သခင်ယေရှုသည် ဘုရားတရားကြည်ညိုသော သူတစ်ဦးဖြစ်သည်။

              ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်း အလေ့အကျင့်ကို ကိုယ်တော်သည် မည့်သည့်အခါမျှ မပျက်ကွက်စေ ခဲ့ပါ။ (မာ ၁း၃၅) တွင် ကိုယ်တော်သည် ဆုတောင်း၍ဘုရားတရားကို အာရုံပြုရန် လူအပေါင်းတို့ ထံမှ လည်းကောင်း၊ အသက်တာ၏လှုပ်ရှားမှုများမှ လည်းကောင်း၊ ဖယ်ရှား၍ သဘာဝ၏ ဆိတ်ငြိမ်ရာအရပ်သို့ ထွက်သွားတတ်ကြောင်း ဖော်ပြထားသည်။ ကိုယ်တော်၏ တမန်တော် များကိုလည်း ထိုသို့ပြုရန် တိုက်တွန်းအားပေး တော်မူကြောင်း (မာ ၆း၃၁) တွင် တွေ့ရသည်။ ကိုယ်တော်၏ အသက်ရှင် မှုတွင် ဘုရားဝတ်၌မွေ့လျော်ခြင်း တည်းဟူသော အသွင်အပြင်သည် ကိုယ်၏အသက်တာ၌ ခါးပန်းကဲ့သို့ ခိုင်မြဲစွာ စည်းထားသောအရာ ပင်ဖြစ်သည်။ ကိုယ်တော်သည် ဤအလေ့အထကို အသက်ကြီးမှ ရရှိ လာသည် မဟုတ်ဘဲ ငယ်ရွယ်စဉ်ကတည်းကပင် ရရှိခဲ့ဟန်ရှိသည်။
                 ယုဒလူမျိုး တို့သည် ဘုရားတရား ကြည်ညို ကိုင်းရှိုင်းသူများ ဖြစ်ကြသော်လည်း သူတို့၏ ဘုရားတရား ကြည်ညို မှုသည် အပြင်လက္ခဏာအနေဖြင့် လည်းကောင်း၊ အပေါ်ယံမျှသာ ကောင်းမြတ်ခြင်း အဖြစ်သို့ လည်းကောင်း ရွေ့လျော့သွားခဲ့သည်။ (မ ၆း၁-၁၈) တွင် သခင်ယေရှုအား ဘုရားတရား ကြည်ညိုသော ယုဒလူမျိုး များနှင့် နှိုင်းယှဉ်ကြည့်သောအခါ ကိုယ်တော်သည် ယုံကြည်စိတ်ချလောက် သူတစ်ဦးဖြစ်သည်။ အကြောင်းမှာ ကိုယ်တော်သည် ပြင်ပလက္ခဏာကို လည်းကောင်း၊ လူတို့၏ ချီးမွမ်းမှု များကိုလည်းကောင်း၊ ဂရုမစိုက်ခဲ့ချေ။ ကိုယ်တော်သည် အဘယ်ကြောင့် ဘုရားတရား ကြည်ညို ခဲ့သနည်း ဆိုသော် ကိုယ်တော်သည် အဖခမည်းတော်နှင့် တစ်လုံးတစ်ဝတည်း  ဖြစ်ဖို့ရန် အလွန်ပင် အရေးကြီး ကြောင်း သိနားလည်တော်မူသောကြောင့် ဖြစ်သည်။


                  ကိုယ်တော်သည် မိမိ၏အဖခမည်းတော်ကို သိကျွမ်းသည့် အသိပညာသည် မပေါ်ယံမဟုတ်၊ အဖနှင့် သားသဖွယ် အလွန်ရင်းနှီးစွာ နာရီပေါင်းများစွာ မိတ်သဟာယဖွဲ့ ဆုတောင်းအာရုံပြု ခြင်းဖြစ်သည်။ ကိုယတော်သည် အဖခမည်းတော်အား “အဗ္ဗ” အဖ ဟုခေါ်ဝေါ်သကဲ့သို့ မိမိနောက်လိုက်များအား ထိုကဲ့သို့ ခေါ်ရန် သွန်သင်သည်။ ဤကဲ့သို့ခေါ်ဝေါ်ခြင်းသည် အဖဘုရားအား မည်မျှသိကျွမ်းကြောင်း၊ ရင်းနှီးမှုရှိကြောင်း သိနိုင်၏။ ကိုယ်တော်သည် မိမိအဖ ခမည်းတော်အား ခေါ်ဝေါ်ရာ၌ ယနေ့ကလေးများက မိမိတို့ ဖခင်ကို အဖေ၊ အဖေဟု ခေါ်သကဲ့သို့ မိမိကိုယ်ကို ခမည်းတော်၏ သားတော်ဖြစ်ကြောင်းကို သက်သေခံခြင်း ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်းဖော်ပြသည်။

၂။                ပင်ကိုယ်အရည်အသွေးနှင့် ပြည့်စုံသော ယုဒဆရာတစ်ပါး

                 ကျွန်ုပ်တို့ နားလည်သမျှဆိုလျှင် သခင်ယေရှုသည် သူ၏ခေတ်ကာလ ဒေသတွင် ပေါ်ထွန်း လာခဲ့သော သူတစ်ဦးဖြစ်သည်။ ထိုသို့ဆိုရာ၌ ကိုယ်တော်သည် ပါလတိနပြည်ရှိ ယုဒလူမျိုး တစ်ဦးပင် ဖြစ်သည်။ ခရစ်ဝင် သုံးကျမ်းသည် ယခုထက်တိုင် အတွေးအခေါ်အားဖြင့် လည်းကောင်း၊ စကားအသုံးအနှုံးအားဖြင့် လည်းကောင်း၊ ပါလတိနပြည် ဓလေ့ထုံးစံဖြင့် ပြည့်နှက်လျက်ရှိသည်။ ခရစ်ဝင် ကျမ်းများကို ရေးသားပြု စုသော ကျမ်းပြု ဆရာတို့အတွက် ရုပ်တုဆင်းတု ကိုးကွယ်ခြင်းကို စွန့်လွှတ်လျက် မှန်ကန်၍ အသက်ရှင်သော ဘုရားကို အစေခံဖို့ရန် ဘာမျှအခက်အခဲ မရှိခဲ့ပါ။ ခရစ်ဝင် သုံကျမ်းတွင်ပါဝင် သော အတွေးအခေါ်နှင့် စကားလုံးအသုံးအနှုံး တို့သည် အများအားဖြင့် ရဗ္ဗိဆရာတို့၏ လမ်းညွှန်ချက် များကို အမှီပြုလျက် ရှိသည်။ ယုဒလူမျိုး တို့၏ စိတ်နေသဘောထားကို ခရစ်ဝင်ကျမ်း တို့တွင် ရေးသားထားသော စကားအသုံးအနှုံး တို့ဖြင့် ထင်ရှားစွာ သိမြင်နိုင်သည်။ ထိုသို့သော စကားလုံး အသုံးအအနှုံး များသည် သခင်ယေရှု၏ ခေတ်မဆန်သော စိတ်ထားကို သတိရစေသည်။ တပ်မက်သော မျက်စိဆိုရာတွင် ယုဒလူမျိုးတို့၏ စိတ်ကူးအယူအဆ အားဖြင့် ကပ်စေးနည်း တိုထွာခြင်းကို ဆိုလိုသည်။ ရိုးဖြောင့် သန့်ရှင်းသော မျက်စိဆိုရာတွင် ပေးလှူ ရာတွင် ရက်ရောခြင်းကို ဆိုလိုသည်။
                    ဥပမာဆိုလျှင် ခရစ်ဝင်ကျမ်းများတွင် တွေ့ရသော ကုလားအုတ်ဟူသည့် ပြင်းထန်သော စကားအသုံးအနှုံး များသည် ရဗ္ဗိဆရာတို့၏ စာပေ အသုံးအနှုံးများနှင့် တူညီလျက်ရှိသည်။ အခြားဥပမာ များမှာ ကုလားအုတ်သည် အပ်နဖားကိုလျှို လွယ်၏။ (မ ၁၉း၂၄) နှင့် ကုလားအုတ်ကို မျို၏ (မ ၂၃း၂၄) ဟူသော အသုံးအနှုံး များဖြစ်သည်။ သခင်ယေရှု၏ စကားအသုံးအနှုံး များသည် ယုဒဓမ္မသတ် ကျမ်းစာတွင် ပါရှိသော စကားအသုံးအနှုံးများနှင့် တူညီမှု ရှိသည်။ ဥပမာများကို အသုံးပြုတော်မူရာ၌ ယုဒလူမျိုး တို့၏ နေ့စဉ်အသက်တာနှင့် သူတို့၏ ပတ်ဝန်းကျင်၌ တွေ့မြင်ရသော အရာများကို ထိမိအောင် အသုံးပြု တော်မူသည်။
               ဥပမာဆိုရလျှင် ဘုရားသခင်သည် တောမြက်ပင်ကို ထိုသို့သော အ၀တ်နှင့် ဖုံးလွှမ်းတော်မူလျှင် ....... ၊ စာငှက်တစ်ကောင်ကို နှစ်ပြားအဖိုးနှင့် ၀ယ်ရသည် မဟုတ်လော ..... ဟုသော စာပိုဒ်များ ဖြစ်သည်။ ဤစာပိုဒ်များသည် ယုဒလူမျိုးတို့၏ ပတ်ဝန်းကျင်ရှိ အကြောင်းအရာများနှင့် သူတို့နားလည်မှုကို ထိမိစွာ ဖမ်းယူနိုင်သည်။ ရှင်ပေါလု ရေးသားချက်များသည်ပင်လျှင် ရဗ္ဗိဆရာတို့ ၏ ရေးသားချက် များနှင့် အလွန်တူညီလျက် ရှိသည်။ ထိုကြောင့် ပါလတိနပြည်သား ဖြစ်သော သခင်ယေရှုသည် ယုဒလူမျိုး တို့၏ စိတ်ကူးများနှင့် အသက်ရှင်ပုံနည်းများ ဘက်သို့ ယိမ်းယိုင် ညွတ်ပြောင်းလျက် ရှိသည်မှာ ငြင်းဖွယ်ရာ မရှိပါ။
                    သခင်ယေရှု၏ စိတ်ကူးအတွေးအခေါ်များသည် ယုဒလူမျိုး တစ်ဦး၏ အတွေးအခေါ်ကဲ့သို့ လက်တွေ့ကျကျ အကျင်စာရိတ္ထ နှင့်ဆိုင်သည့်အရာများ ဖြစ်သည်။ ထိုကြောင့် သခင်ယေရှု၏ သွန်သင်ချက် များသည် ရဗ္ဗိဆရာများကဲ့သို့ ဥပမာတော်ကို အသုံးပြု ၍ လူများတို့အား သွန်သင်သည်။ တစ်နည်းအားဖြင့် ခရစ်ဝင်ကျမ်းများသည် ခရစ်တော်ယေရှုဘုရား၏ အကြောင်းကို အစောဆုံး မှတ်တမ်းတင်ခဲ့ ကြပါသည်။
                   ရဗ္ဗိဆရာများတွင် တပည့်များ ရှိသကဲ့သို့ သခင်ယေရှုတွင်လည်း နောက်လိုက် တပည့်များ ရှိသည်။ ထိုတပည့်တော်များကို သေချာစွာ သင်ကြားခံယူစေပြီးနောက် အခြားသူများကို ဆင့်ပွားသင်ကြား ရန် စေလွှတ်တော်မူသည်။ ဆရာတစ်ဦး အနေဖြင့် သခင်ယေရှုသည် ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ကို အဓိကထား၍ သွန်သင်ဟောကြားသည်။ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းမှာ ယုဒလူမျိုး အတွက် သဘောတရား အသစ်မဟုတ်ပါ။ ထိုအကြောင်းကို ယုဒလူမျိုးတိုင်း သိနားလည်ကြသည်။


                သခင်ယေရှု၏ သွန်သင်ချက်အားလုံး တို့သည် ယုဒရဗ္ဗိ ဆရာတို့၏ အသုံးအနှုံး၊ အတွေးအခေါ်၊ သင်ကြားပုံ၊ သင်ကြားနည်းတို့နှင့် တူညီလျက်ရှိသည်။ သို့သော်လည်း ထူးခြားချက်မှာ ရဗ္ဗိဆရာတို့သည် ယုဒတရားဇရပ်များတွင်သာ သင်ကြားပို့ချလျက်ရှိပြီး၊ သခင်ယေရှုမှာမူ နေရာဒေသမရွေး၊ အချိန်အခါမရွေး အခါအားလျော်စွာ လူအများတို့အား တရားတော်ကို သွန်သင်ဟောကြားတော်မူသည်။ (ဥပမာ  တရားဇရပ်၊ တောင်ကုန်း၊ မြေပြန့်၊ ပင်လယ်ကမ်းနား အစရှိသောနေရာ)
                        လူတို့ကို သွန်သင်ရာ၌ ရဗ္ဗိဆရာများနှင့် ကွာခြားသော အခြားအချက်တစ်ခုမှာ ပင်ကိုယ် အရည်အသွေးနှင့် ပြည့်စုံသော ဆရာတစ်ပါးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူတို့ကို သွန်သင်ရာ၌ စိတ်ရောကိုယ်ပါ လှိုက်လှိုက်လှဲလှဲ ရှိသည်။ ဥပမာ- ရန်သူကို ရန်တုံ့မမူရန် ဆိုသည့်အချက် ကို ယုဒရဗ္ဗိဆရာများ၊ စတော်အိတ် (Stoic) ပညာရှင်များ က လက်ခံကြသည်။ သခင်ယေရှု သွန်သင်ရာတွင် ထိုမျှမကဘဲ ပါးတစ်ဖက်ကို ရိုက်လျှင်ကျန်သော တစ်ဖက်ကိုပါ လှည့်ပေးရန် သွန်သင်သည်။ ခရီးတစ်တိုင် သွားလိုသူအား နှစ်တိုင်သွားခိုင်းသည်။ ရန်သူကိုချစ်ရမည်။ အနှောက်အယှက် ပြုသူ၊ ညှင်းဆဲသူတို့အတွက် ဆုတောင်းရမည်။ ကောင်းသော ရှမာရိ၏ လှိုက်လှဲစွာ လူနာကို ကူညီမစမှု စသည်တို့ဖြစ်သည်။

၃။              သဘာဝကို နှစ်သက်သောပုဂ္ဂိုလ်

                ကိုယ်တော်၏ သြ၀ါဒနှင့် ဥပမာတော်များသည် သဘာဝကို သိနားလည်သောပုဂ္ဂို လ်ဖြစ်ကြောင်း ပေါ်လွင် ထင်ရှားစေသည်။ ကိုယ်တော်သည် နာဇရက်ရွာတွင် ကြီးပြင်းလာသူ တစ်ဦး ဖြစ်သည့်အလျောက် တောသဘာဝကို အလွန်စိတ်ဝင်စား သူဖြစ်ပေသည်။ ဤအချက်တွင် သခင်ယေရှုနှင့် ရှင်ပေါလုတို့၏ အတွေးအခေါ်နှင့် စိတ်နေသဘောထားမှာ တစ်ဦးနှင့် တစ်ဦး ခြား နားကြောင်း ကို တွေ့ရမည်။ ရှင်ပေါလုသည် လူနေထူထပ်သော တာရှု (Tarsus) မြို့မှာ ကြီးပြင်း လာသူဖြစ်သည့်အလျောက် မြို့ကြီးများ၏ ကြီးကျယ်ခမ်းနားသော အိမ်တွင် ပျော်ရွှင်စွာ နေထိုင် ရ သောပုဂ္ဂိုလ် ဖြစ်သည်။ သူသည် တောတောင်သဘာဝကို စိတ်ဝင်စားမှု မရှိကြောင်း သူရေးသားခဲ့သော စာစောင်များအရ လေ့လာတွေ့ရှိ ရသည်။
                     တောတောင်သဘာဝကို ငြီးငွေ့သည်သာမက ထိုသဘာဝ၏ ဆင်းရဲခြင်းဝေဒနာနှင့် ကျိန်ဆဲခြင်းများမှ လွတ်မြောက်ရန် မျှော်လင့်လျက် ရှိသည်ဟု ခံယူသည်။ (ရောမ ၈း၁၉-၂၄)။ သခင်ယေရှု အတွက်မူ ထိုတောတောင်ရေမြေ သဘာဝသည် ပျော်ရွှင်ဖွယ်ကောင်းခြင်း နှင့် သဘာဝ ကို နှစ်သက်ခြင်း ကြောင့် လွတ်လပ်ပျော်ရွှင်သော ပုဂ္ဂိုလ်ဖြစ်ကြောင်း တွေ့မြင်ရသည်။ ကိုယ်တော်ရှင် သည် သဘာဝအပင်များ၏ ရှင်သန်ကြီးထွားပုံ (မာကု ၄း၂၈)၊ ငှက်များ မိမိတို့အသိုက်သို့ ပြန် သွာခြင်း၊ မြေခွေးများ မိမိတို့ တွင်းထဲသို့ တွားသွားခြင်း (လုကာ ၉း၅၈)၊ လင်းတများ တို့သည် လူတို့၏ အလောင်းပေါ်မှာ စုဝေးခြင်း (လု ၁၇း၃၇)၊ ငှက်များ (မ ၆း၂၆)၊ ပန်းပင်များ (မ ၆း၂၉)၊ မြက်ပင်များ (မ ၆း၃၀) စသည်တို့ကို နီးနီးကပ်ကပ် ကြည့်ရှုလေ့လာ ခဲ့ဟန်ရှိသည်။



                                                                           ဒေါက်တာ အယ်ဝါး


No comments:

Post a Comment