လေ့လာရန်ကျမ်းချက် ။ ။ လုကာ (၁၀း၂၅-၃၇)
ဤလောကတွင် လူအချင်းချင်း တစ်ဦးနှင့်တစ်ဦး အဆင့်အတန်းချင်း ကွာခြားမှုရှိကြသည်။ ချစ်သာသောသူများ သာ၍ချမ်းသာပြီး၊ ဆင်းရဲသောသူများ ကုန်းကောက်စရာမရှိအောင် ဆင်းရဲကြသည်။ တစ်ဖက်တွင် ပညာတတ်သူများက ဘွဲ့ဒီဂရီ မရေတွက်နိုင်အောင် များပြားနေသကဲ့သို့ အခြားတစ်ဖက် တွင် သေစာ၊ ရှင်စာပင် မတတ်သူများ ဒုနဲ့ဒေးပင် ရှိပါသည်။ အချို့ မှာမူ လက်ညှိုးညွှန် ရာ ရေဖြစ်နေသူများရှိကြပြီး မိမိသောက်ရေအိုးပင် ဖြည့်တင်းနိုင်စွမ်း မရှိသူများလည်း ရှိနေသည်။
လူအချင်းချင်း ဘ၀အကျိုးပေးကြောင့် အဆင့်အတန်း ကွာခြားမှု၊ စွမ်းရည်ကွာခြားမှုများ ရှိလေရာ ပစ္စည်းရှိသူများက ပစ္စည်းမဲ့သူအပေါ်တွင် လည်းကောင်း၊ ပညာတတ်သူက ပညာမဲ့သူ အပေါ် တွင် သော်လည်းကောင်း၊ လက်ညှိုးညွှန်ရာရေဖြစ်သူက ဘာမှမရှိသူအပေါ် ကိုယ်ချင်းစာတရား မထားနိုင် ဘဲ နိုင်ထက်ပြု မည်ဆိုပါက ဤလောကသည် များစွာအကျည်းတန် နေမည်ဖြစ်သည်။ ထိုကြောင့် လောက ကြီး တစ်ခုလုံး ငြိမ်းချမ်းပြီး သာယာဖို့ဆိုလျှင် လူတိုင်း ကိုယ်ချင်းစာတရား လက်ကိုင် ထားရန် လိုအပ်သည်။
ကိုယ်ချင်းစာတရား ဆိုသည်မှာ လူတစ်ယောက်သည် အခြားသူတစ်ယောက် အပေါ် ပြုမူပြောဆို ဆက်ဆံရာတွင် ထိုသူအား အခြားသူတစ်ယောက်အပေါ် မပြုမိစေရန် စောင့်ထိန်းရန် လိုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် ကိုယ်ချင်းစာတရားအား ကျင့်သုံးရာ ရောက်ပေသည်။ လူတိုင်း ကိုယ်ချင်းစာတရား လက်ကိုင်ထားမည် ဆိုပါက ဤလောကကြီးသည် မုချပင် သာယာလှပ လာမည်ဖြစ် သည်။ သခင်ယေရှုကိုယ်တိုင် “သင်တို့သည် ကိုယ်၌ သူတစ်ပါးပြုစေလိုသည့်အတိုင်း သူတစ်ပါး ၌ ပြုကြလော့။ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်း တို့၏ အချုပ်အခြာပင် ဖြစ်သတည်း” (မ ၇း၁၂) ဟု မိန့်တော်မူခဲ့သည်။
ကမ္ဘာ့လူသားချင်း စာနာမှုနေ့
(၁၉ သြဂုတ်လ ၂၀၁၀) နေ့ကို လူသားချင်းစာနာမှုနေ့ အဖြစ် သတ်မှတ်ရန် ၂၀၀၈ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အတည်ပြု ပြဌာန်း ခဲ့သည်။ လူသားချင်းစာနာမှုနေ့ကို သတ်မှတ်ရခြင်း ရည်ရွယ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကမ္ဘာတစ်လွှား၌ လူသားချင်းစာနာမှု အထောက်အကူပြု လုပ်ငန်းများ လိုအပ်လျက်ရှိနေသည်ကို လူအများ အာရုံပြု မိစေရန်
(၂) အဆိုပါ လုပ်ငန်းတို့၏ သဘောသဘာဝကို ပြည့်ပြည့်ဝဝ နားလည်သိရှိလာစေရန်
(၃) လူသားချင်းစာနာမှု လုပ်ငန်းများ ဆောင်ရွက်ရင်း အသက်ဆုံးရှုံး ခဲ့ရသူတို့ကို အမှတ်ရကြစေရန်
သဘာဝဘေး ကျရောက်သည့် နေရာများတွင် သွားလာရခက်ခဲသည့် စစ် ပွဲ၊ လူလုပ် သည့် ဘေးများကျရောက်ရာ နေရာများသည် ကယ်ဆယ်ရေးသမားတို့ အတွက် အနှောက်အယှက် အဟန့်အတား ကြီးမားသည်။ အချို့ဒေသများတွင် အချို့ ပုဂ္ဂိုလ်များက ကယ်ဆယ်ရေးသမားများ ရန်သူ သဖွယ် သဘောထားကာ လုပ်ကြံသတ်ဖြတ် သည့်အထိ ပြုလုပ်လာကြသည်။ ထိုကြောင့်လည်း လူသားချင်း စာနာမှု လုပ်ငန်းများကို ဆောင်ရွက်ရင်း အသက်ဆုံးရှုံးသူ များပြားလာခြင်း ဖြစ်သည်။ ထိုအထဲတွင် အဆိုးဝါးဆုံးမှာ ၂၀၀၃ခုနှစ်၊ သြဂုတ်လ (၁၉)ရက်နေ့က အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့၊ ကင်နယ်ဟိုတယ်၌ ဗုံးဖောက်ခွဲမှုကြောင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ဆာဂျီရို ဒီမဲရိုး (Sergio vieira de bello) အပါအ၀င် ပုဂ္ဂိုလ် (၂၂)ဦး ထိခိုက်သေဆုံး ခဲ့ရသည်။
ထိုကြောင့် ထိုနေ့ရက်က ဆုံးရှုံးခဲ့သည့် သူများ၊ ထိုနေ့မတိုင်ခင်ကနှင့် ထိုနေ့နောက်ပိုင်း ယနေ့အချိန်အထိ ကမ္ဘာအရပ်ရပ်ရှိ ဘေးဒုက္ခကျရောက်ရာ နေရာများတွင် လူသားချင်း စာနာမှုလုပ်ငန်း များ ဆောင်ရွက်ရင်း အသက်ပေးသွားကြ သူများကို ဂုဏ်ပြု သောအားဖြင့်လည်းကောင်း၊ ၎င်းတို့၏ လုပ်ငန်းများ အရေးပါမှု မရှိမဖြစ် လိုအပ်မှုကို အသိအမှတ်ပြုကြရန် နှင့် ကမ္ဘာအရပ်ရပ် ဘေးဒုက္ခ ကျရောက်သူတို့အတွက် စာနာထောက်ထားစိတ်များ ပေါ်ပေါက်လာစေခြင်း အလို့ငှါ ကမ္ဘာ့ လူသားချင်း စာနာမှုနေ့ ဟူ၍ ဖော်ဆောင်ကျင်းပခြင်း ဖြစ်ပါသည်။
ထိုဂရုဏာတရား(သို့) ကိုယ်ချင်းစာတရားသည် ကမ္ဘာပေါ်တွင် ကောင်းသောဘက် သို့ ပြောင်းလဲရန် အစဉ် တွန်းပို့ မောင်းနှင်လျက် ရှိသည်။ ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းခြင်း၊ ကလေးသူငယ် များအား အလုပ်စေခိုင်းမှု၊ လူကုန်ကူမှု ပိတ်ပင် တားမြစ်ခြင်းတို့သည် ကရုဏာတရားကြောင့် စခဲ့ သည့် ကောင်းကျိုးပြု လုပ်ငန်းများ ဖြစ်သည်။ ထိုစိတ်ဓာတ်တရားကြောင့် ဟင်နရီးဒူးနန့်၊ ဖလော့ ရင့် နိုက်တင်ဂေး၊ မာသာထရီဇာ ကဲ့သို့ စေတနာရှင် သူတော်စင်အမြောက်အမြားကို ပေါ်ပေါက် လာစေ ပါသည်။
ကရုဏာတရားသည် သူတစ်ပါးအတွက် သာမက၊ ကရုဏာထားသူ ကာယကံရှင် ကိုယ်တိုင်၌လည်း လက်ငင်း အကျိုးတရား ကိုယ်တိုင်ခံစားရစေသော တရားဖြစ်သည်။ လူတိုင်း၏ အသက်တာတွင် ကရုဏာတရား (သို့) ကိုယ်ချင်းစာတရား ရှိနေသော အရာပင် ဖြစ်သည်။ ထိုအရာသည် မိမိ၏ စိတ်နှလုံးထဲ၌ သာမက အခြားသူများ ဆီသို့ ရောက်ရှိရန် လုပ်ဆောင်ပေးရန် လိုအပ်သည်။ အခြား သူများ ဒုက္ခ ရောက်သောအခါ သနားကြင်နာမှု စိတ်ထဲ၌ ဖြစ်ပေါ်မိသော်လည်း အကြောင်း အမျိးမျိုးကြောင့် လက်တွေ့ဘ၀မှာ မကူညီ ဖြစ်ခဲ့ကြပါ။
မကူညီဖြစ်ရခြင်းအကြောင်းမှာ (မိမိ၏ မိသားစု၊ ဆွေမျိုးသားချင်း၊ မိမိလူမျိုး၊ မိမိဘာသာဝင်) မဟုတ်ခဲ့သောကြောင့် ဖြစ်သည်။ လူတစ်ယောက် ဒုက္ခရောက်လျှင် ထိုအရာများကို မကြည့်ဘဲ လူကို လူကဲ့သို့ မြင်ပြီး လူပီသစွာ ကူညီရန်သာ အရေးကြီးသည်။ ကျမ်းစာတွင် အကောင်းဆုံး ကူညီခဲ့သည့် အဖြစ် အပျက်မှာ (လုကာ ၁၀း၃-၃၇) တွင် တွေ့ရှိရသည်။
ကောင်းသော ရှမာရိ ဥပမာတွင် လေဝိနှင့် ယဇ်ပရောဟိတ် တို့သည် လူနာ ကို တွေ့သောအခါ သနားသောစိတ် ဖြစ်ပေါ်မိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မကူညီခဲ့ခြင်း သာ ဖြစ်သည်။ လူအများစုသည် ထိုကဲ့သို့ပင် ဖြစ်တတ်သည်။ လူနာကို ကူညီခဲ့သော ရှမာရိ၏ စိတ်ဓာတ် မှာ လူနာကို တွေ့သောအခါ ကရုဏာစိတ် ရှိသည်ဟု ဖော်ပြခဲ့သည်။
ရှမာရိ၏ ကရုဏာစိတ်ဓာတ်ကို အောက်ပါအတိုင်း တွေ့ရှိရသည်။
(၁) ရှမာရိသည် ကိုယ်ချင်းစာစိတ် ရှိခဲ့သူ ဖြစ်သည်။
ရှမာရိလူသည် လူနာကိုတွေ့သောအခါ ကူညီရသည့် အဓိကအကြောင်းမှာ ကိုယ်ချင်စာ စိတ် ကြောင့်ဖြစ်သည်။ အကြောင်းမှာ ထိုလမ်းပေါ်တွင် သူကိုယ်တိုင် ဓမြတိုက်ခံရသော အတွေ့အကြုံ ရှိခဲ့ဖူးသူ ဖြစ်သောကြောင့်ချက်ချင်း ကူညီခဲ့ခြင်း ဖြစ်သည်။ လူတစ်ယောက် ဒုက္ခမရောက်ဖူးပါက ဒုက္ခရောက်သောသူကို တွေ့သောအခါ ကူညီလိုသောစိတ် ဖြစ်ပေါ်လာခြင်း မရှိပါ။ လေဝိနှင့် ယဇ်ပရော ဟိတ်သည် ဓမြတိုက်ခံရသော အတွေ့အကြုံ မရှိခဲ့ခြင်းကြောင့် လွဲရှောင် သွားခြင်းပင်ဖြစ်သည်။
ရှမာရိလူသည် ဒဏ်ရာနှင့်လဲနေသော လူကို တွေ့သောအခါ မိမိကိုယ်တိုင် ဒဏ်ရာဖြင့် လဲနေသကဲ့သို့ ကိုယ်ချင်းစာ မိပါသည်။ ငါ့ကိစ္စမဟုတ်၊ ငါနှင့်မဆိုင်၊ သွားပတ်သက်မိရင် ငါပါပြဿ နာ တက်လိမ့်မယ်ဟု ခံယူမိလျှင် လေဝိ၊ ယဇ်ပရောဟိတ်ကဲ့သို့ လဲနေသူ အနီးသို့ မသွားဘဲ ရှောင်သွားလိမ့် မည်။ ငါ့ကိစ္စ ငါနှင့်ဆိုင်သည်ဟု ခံစားရသဖြင့် ပြဿ နာ အန္တရာယ်ကို မတွေးတောဘဲ ကူညီရန် လူနာအနီး သို့ ချဉ်းကပ် ခဲ့ခြင်းပင်ဖြစ်သည်။ လူတိုင်း ရှမာရိကဲ့သို့ ကိုယ်ချင်းစာစိတ်ဓာတ်ကို လက်တွေ့ဘ၀တွင် အကောင်အထည်ဖော်သွားရန် တာဝန်ရှိပေသည်။ အကြောင်းမူကား လူတိုင်း တစ်နေ့မဟုတ်တစ်နေ့ ဒုက္ခ ရောက်နိုင်သောကြောင့် ဒုက္ခရောက်သောသူကို ကူညီလျှင် မိမိဒုက္ခရောက်သောအခါ ကူညီသော တုံ့ပြန်မှုကို အမြဲခံစာရမည် ဖြစ်သည်။
(၂) ရှမာရိလူသည် သတ္တိရှိသောသူ ဖြစ်သည်။
ဒဏ်ရာဖြင့် လဲနေသောသူကို မြင်လျှင် ဘေးမှကွေ့ရှောင် သွားသောသူ အားလုံးသည် (လေဝိ၊ ယဇ်ပရောဟိတ်) သနားကြင်နာစိတ် ကင်းမဲ့နေကြသူများ မဟုတ်ကြချေ။ လူနာကို မြင်သောအခါ သနားကြင်နာစိတ် နှလုံးသားထဲက ဖြစ်ပေါ်လာကြမည် ဖြစ်သည်။ သို့ရာတွင် လက်တွေ့မကူညီ ဖြစ်ရခြင်း မှာ အကြောင်းများစွာထဲမှ တစ်ခုမှာ ထိုကိစ္စသည် အမှုအခင်းဖြစ်သောကြောင့် သက်ဆိုင်ရာ တာဝန်ရှိ သူများ၏ စစ်ဆေးမေးမြန်းခြင်းကို မခံချင်သောကြောင့် လွဲရှောင်သွားခြင်းပင် ဖြစ်သည်။ အမှန်တရား တစ်ခု ပေါ်ထွက်ရန် ကူညီသောသူသည် သတ္တိရှိသောသူ ဖြစ်ရမည်။ မကူညီကြသော သူများသည် ဘာမှန်းမသိသော ကိစ္စတစ်ခုတွင် ပါဝင်ပတ်သက်ရမည်ကို ကြောက်ကြသည်။ ထိုကြောင့် စိုးရိမ်ပူပန်မှု များက တားဆီးထားသဖြင့် သူတို့စိတ်ထဲ၌ ဖြစ်ပေါ်လာသော သနားခြင်းသည် ကူညီသော အဆင့်သို့ မရောက်ဘဲ ပျက်ပြယ်သွားခဲ့ခြင်း ပင်ဖြစ်သည်။
(၃) ရှမာရိလူ၏ ကူညီတတ်သော အလေ့အကျင့်သည် နဂိုကတည်းက ရှိထားပြီးသူဖြစ်သည်။
လမ်းဘေး၌ ဒဏ်ရာနှင့် လဲနေသူတစ်ယောက်အား မဆိုင်းမတွ ကူညီသူ ရှမာရိသည် ထိုလူနာကို တွေ့သောအခါမှ ရုတ်တရက် ကူညီခဲ့ခြင်းမျိုး မဟုတ်ပါ။ ထိုလူနာနှင့် မတွေ့မီအချိန် ကတည်းက သူ့ဘ၀တွင် ကူညီသော အလေ့အကျင့် နဂိုကတည်းက ရှိထားပြီးသူ ဖြစ်သည်။ ရောက်လေရာ နေရာ၌ လူတကာကို ကူညီသောသူ ဖြစ်သည်။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် တစ်ဦးတစ်ယောက်က ခိုင်းစေခြင်းမျိုး မဟုတ်ဘဲ မိမိအသိစိတ်ဓာတ်ဖြင့် လမ်းပေါ်မှ ကျောက်တုံးများကို ဘေးသို့ ဖယ်ရှားပေးခဲ့သူ၊ သက်ကြီး ရွယ်အိုများကို တွေ့လျှင် ဖေးမကူညီသူများသည် ရှမာရိ၏ စိတ်ဓာတ်ပင်ဖြစ်သည်။ ရှမာရိသည် အသေးအဖွဲ များကို ကူညီလေ့ရှိသူ ဖြစ်သောကြောင့် လူနာကို တွေ့သောအခါ ချက်ချင်းကူညီ ခဲ့ခြင်းပင် ဖြစ်သည်။
(၄) ရှမာရိလူသည် ကိုယ်ကျိုးစွန့် အနစ်နာခံသောသူ ဖြစ်သည်။
ကောင်းသောရှမာရိသည် ထိုလူနာကို မြင်သောအခါ ကရုဏာစိတ်ရှိသဖြင့် လူနာအား မိမိ၌ ပါလာသော ဆီ၊ စပျစ်ရည် ဖြင့် သွေးတိတ်အောင် ကုသပြီး ဇရပ်တစ်ခုသို့ ဆောင်သွားကာ ဇရပ်ရှင် အားထိုလူနာကို ကြည့်ရှုရန် အပ်နှံခဲ့သည်။ သူပြန်လာလျှင် ကုန်ကျစာရိတ်ကို ပေးမည်ဟု ကတိပြု ခဲ့သည်။ သူတစ်ပါးကို ကူညီသောသူ အားလုံးသည် မိမိကိုယ်တိုင် အနစ်နာခံ ပေးဆပ်သူများ ဖြစ်သည်။ လူအများစု က မိမိရှေ့၌ ဒုက္ခရောက်နေသော သူများကို တွေ့ရှိကြ သော်လည်း မကူညီဖြစ်သော အကြောင်းရင်း မှာ ပေးဆပ် အနစ်နာခံလိုသော စိတ်ဓာတ် ခေါင်းပါးနေသောကြောင့် ပင်ဖြစ်သည်။
(၅) ရှမာရိလူသည် လူပီသစွာ ကူညီခဲ့ခြင်း ဖြစ်သည်။
ကျမ်းရေးသူ ရှင်လုကာသည် ထိုလူနာ၏ အမည်နှင့် လူမျိုးကို ဖော်ပြထားခြင်း မရှိပါ။ အကယ်၍ လူနာသည် ရှမာရိလူမျိုး ဖြစ်လျှင် မိမိလူမျိုးကို ချစ်သောစိတ်ကြောင့် ရှမာရိလူသည် ကူညီခဲ့ခြင်း ဖြစ်မည်။ ထိုလူနာသည် ယုဒလူမျိုးလည်း မဟုတ်သကဲ့သို့ ရှမာရိလူမျိုးလည်း မဟုတ်ပါ။ လူတစ်ယောက် ဒုက္ခရောက်နေသည်ဟု မြင်ပြီး ကူညီရန်သာ အဓိကထား ဖော်ပြခြင်း ဖြစ်သည်။ အများစု က ကူညီသည့်အခါ (မိမိလူမျိုး၊ ဘာသာ၊ နိုင်ငံသား) စသည်ဖြင့် ကြည့်တတ်သည့် အစွဲများ ရှိသော ကြောင့် မကူညီဖြစ်ခြင်း ပင်ဖြစ်သည်။ လူကိုလူကဲ့သို့ မြင်ပြီး ရှမာရိစိတ်ဓါတ်ကဲ့သို့ ကူညီရန် စာရေးသူက သတိပေးထား ပါသည်။
ထိုကြောင့် ဒုက္ခရောက်သူအပေါ် ကိုယ်ချင်းစာတတ်သော စိတ်ဓာတ်၊ လုပ်စရာရှိသည်ကို ရဲဝံ့စွာလုပ်ဆောင်တတ်သည့် သတ္တိ၊ ကူညီတတ်သော အလေ့အထတို့သည် ကောင်းသောရှမာရိ စိတ်ဓာတ် ပင်ဖြစ်သည်။ ထိုစိတ်ဓာတ်သည် အလွန်ထူးချွန်သော သူ၌သာရှိသော ရှားပါးသော အရာများ မဟုတ်ပါ။ လူတိုင်း၌ ထိုအရည်အချင်း အနည်းနှင့်အများ ရှိနေကြသည်။ ထိုရှိထားသော အရာများကို တိုးပွားအောင် ကျင့်ကြံလုပ်ဆောင်လျှင် လူတိုင်း ရှမာရိကဲ့သို့ ကရုဏာရှင်များ ဖြစ်လာနိုင်သည်။ ထိုကရုဏာရှင်များ နေထိုင်သော ပတ်ဝန်းကျင်သည် ငြိမ်းချမ်းသာယာသော လူ့ဘောင်အဖွဲ့အစည်းကို ခံစားရမည် ဖြစ်သည်။
ထိုကြောင့် ကရုဏာလွှမ်းမိုးသော ပတ်ဝန်းကျင်ဖြစ်ပေါ် လာရန်အတွက် မိမိကစ၍ ကရုဏာစိတ် မွေးမြူ ဖြန့်ချီပါ။ ကူညီတတ်သော အလေ့အထကို ပြုစု ပျိုးထောင်ပါ။ ကရုဏာစိတ်သည် သင့်အား ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကျန်းမာခြင်း ဖြစ်စေပါလိမ့်မည်။ ထိုအပြင် လူအများအား ကရုဏာထား ကူညီလျှင် လူအများ၏ ကရုဏာနှင့် ကူညီမှုကို သင်ပြန်လည်ခံစား ရလိမ့်မည်။ ကရုဏာစိတ်သည် ပျံ့နှံ့ပွားများတတ်သော သဘောရှိ၍ ထိုရှမာရိစိတ်ဓာတ်ကို စာဖတ်သူ ယခုပင် လုပ်ဆောင်ပါမည် ဟု မေတ္တာဖြင့် ဆန္ဒပြု ရင်း နိဂုံးချုပ်လိုက်ပါသည်။
Rev. စောထွန်းထွန်းလင်း (S S K B M S)
အဆင့်မြင့်လူသား
အဆင့်မြင့်လူသားဆိုသည်မှာ
သူဌေးသူကြွယ်တွေလည်းမဟုတ်
အာဏာရှိသူများလည်းမဟုတ်
ကမ္ဘာခေါင်းဆောင်တွေလည်းမဟုတ်
ပညာရှိများလည်းမဟုတ်
အနုပညာရှင်များလည်းမဟုတ်
စာရေးဆရာ၊ ကဗျာဆရာများလည်းမဟုတ်
အဆင့်မြင့်လူသားဆိုသည်မှာ
စိတ်ထားလှပကြသူများသာတဲ့။
(မောင်ဒီ)
(ကျွန်ုပ်၏မိခင်အသင်တော်ဖြစ်သောထားဝယ်မြန်မာနှစ်ခြင်းအသင်းတော်၊ငယ်စဉ်လူငယ်ဘ၀လှုပ်ရှား
ခဲ့သောလူငယ်ကြိုးစားခြင်းအသင်းမှာ ထားဝယ်မြို့ရှိ မီးဘေးသင့်ပြည်သူများအား ကူညီပံ့ပိုးမှု
ပြုလုပ်ခဲ့ကြောင်း ကြားသိရတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူရင်း ဤတရားဟောချက်ကို ဖော်ပြအပ်ပါသည်။)
No comments:
Post a Comment