Thursday, April 30, 2015

မျက်မမြင်များထံမှ ရသောသင်ခန်းစာ

             ရန်ကုန်မျက်မမြင်ကျောင်းမှ မိသားစုများ ကျိုက္ခမီအသင်းတော်တွင်(၂)ရက်တာ Family Camp အစီအစဉ်ကို ၂၀၁၅ခု၊ ဧပြီလ (၂၇-၂၈)ရက်တွင် ပြုလုပ်သွားခဲ့ကြပါတယ်။ (၂)ရက်တာသူတို့နှင့် ရင်းနှီးကျွမ်းဝင်ခဲ့ရတဲ့အခါ သူတို့၏ ရင်ဆိုရသောအခက်အခဲများ၊ ကြိုးစားအားထုတ်မှုများကို သနားကြင်နာစွာ လေ့လာ တွေ့ရှိခဲ့ရပါတယ်။


    (၂၈)ရက်နေ့ နံနက်ဝတ်တွင် တရားဟောသောဆရာက ပင်လယ်ကမ်းနားသို့ အလည်ရောက်ခဲ့ကြောင်း ပြောပြပါတယ်။ သူအားခေါ်သွားသည့် ပုဂ္ဂိုလ်မှ ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးကို ကြည့်ကာ “ သြော်.... ပင်လယ်ပြင်ကြီးက ကမ်းမမြင် လမ်းမမြင်အောင် ကျယ်ပြောလှ ပါလား” ဟု ရေရွတ်သံကို ကြားရကြောင်း ဖော်ပြပါတယ်။ သာမန်လူတွေ အတွက် ပင်လယ်ပြင် ကာဆီးမှာ သာ ကမ်းမမြင် လမ်းမမြင် ရောက်ရပေမဲ့...... ။ “ကျွန်တော့်အတွက်တော့ နေ့စဉ်ရက်တိုင်း ကမ်းမမြင် လမ်းမမြင်ပါပဲ” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ခရစ်တော်အားဖြင့် မျှော်လင့်ရာဖြစ်စေကြောင်း၊ ခွန်အားယူလျက် ရှေ့ဆက်နေကြောင်း သက်သေခံသွားပါတယ်။

                     ကျွန်တော်တို့    သာမန်လူပင်  စိတ်ဓာတ်ကျတဲ့အခါ    ယူကြုံးမရဖြစ်ရသည်။ ကျွန်တော်
တို့ထက် လောကဓံကို ကြံကြံခံ ရင်ဆိုင်လျက် ခရီးဆက်နေသူများရှိနေကြောင်း ဆင်ခြင်မိပါသည်။ 

          ထမင်းစားသည့်အခါတွင်လည်း မျက်စိမြင်သောသူများမှ တစ်ဝိုင်းတွင် တစ်ဦးကျ ထိုင်ပေးကာ သူတို့စားဖို့ ဟင်းများခူးခပ်ပေး ရကြောင်းကိုလည်း တွေ့မြင်ရပါသည်။ တစ်ခုသောဝိုင်းတွင် ပါဝင်ရသော ဘိုဖြူ လို သားငယ်လေးတစ်ဦးက စက္ကုအလင်း အနည်းငယ်ရရှိသေးပါသဖြင့် ကျန်သူများကို ဦးဆောင်ကာ ဟင်းများထည့် ပေးရသူဖြစ်ရလေသည်။ ထမင်းစားသည့်အခါ သူက သူငယ်ချင်းပန်းကန်ထဲ ဟင်းများကို သူကိုယ်တိုင် အရင်ခူးခပ် ထည့်ပေးပြီးမှ သူ့ပန်းကန်ထဲကို ထည့်တာတွေ့ရပါတယ်။ သြော်... တစ်ပါးသူကို ဦးစားပေးခြင်းဟာ သူတို့ရဲ့ စိတ်ထဲမှာ စီးဆင်းနေပါလား..... လို့ တွေးမိပါတယ်။

             ဒီလိုပဲ ထမင်းစားကြသည့်အခါ ရေခွက်တစ်ခွက်စီကိုလည်း နဘေးမှာ အသီးသီး ချထားပေးရ ပါတယ်။ ဒီလိုစားနေရင်းနဲ့ တစ်ယောက်က မိမိခွက်ကိုစမ်းရင်နဲ့ နဘေးကသူငယ်ချင်း ခွက်ကို တိုက်မိသလို ဖြစ်သွားပါတယ်။ ဒါနဲ့ သူ့သူငယ်ချင်းက ဟေး... မတိုးနဲ့လေ။ ငါ့ခွက်မှောက်ကျမယ် ...လို့ ပြောလိုက်တဲ့အခါ ပထမလူက “အေး... ငါ့အမှား.... ငါ့အမှား... ဆိုပြီး မဆိုင်းမတွ ပြန်တောင်းပန်သံ ကို ကြားလိုက်ရတယ်။ အင်မတန်မှာ ချစ်ခင်လေးစားဖွယ်ရာ အပြုအမူများပင်ဖြစ်လေသည်။

             ကျွန်တော်တို့လို အားလုံးပြီးပြည့်စုံနေတဲ့ လူတွေဟာ ရိုင်းစိုင်းမှု၊ မောက်မာမှု၊ နိုင်လိုမင်းထက်ပြု မှု တွေကို တွေ့ရတဲ့အခါ ဘ၀မှာ မပြည့်စုံပေမဲ့ ဘယ်သူ့ကိုမှ အပြစ်မမြင်ဘဲ တကယ့်နှိပ်ချစိတ်နဲ့ အသက်ရှင် နေကြတဲ့ သူတို့လေးတွေ ရဲ့ ဘ၀ကို မြင်တွေ့ရတဲ့အခါ ကိုယ်တို့ထက် အများကြီး သာပါလား လို့ ဆင်ခြင်မိပါတယ်။









No comments:

Post a Comment