ဗုဒ္ဓ၏ ဒုတိယဒေသနာသည် အနတ္တလက္ခဏာသုတ် ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် အရေးကြီးဆုံး နှင့် အခြားအနားဆုံးသော ဒေသနာ ဖြစ်သည်။
အနတ္တ၌ နနှင့် အတ္တ(န+အတ္တ) ဟုစကားနှစ်လုံး ရှိသည်။ နနှင့် အတ္တပေါင်းစပ်သော အခါ န+အတ္တ= နတ္တ ဖြစ်ရမယ့်အစား အဘယ်ကြောင့် အနတ္တ ဖြစ်ရသနည်း ဟူမူကား ပါဠိသဒ္ဒါ စည်းကမ်း(သရေအန်) အရ န+အ= အနဟု သတ်မှတ်ရသောကြောင့် ဖြစ်သည်။ အတ္တကို “ငါ” ဟု မြန်မာ မှုပြုထားပါသည်။ အန၏ အဓိပ္ပါယ်ကား မဟုတ်/မရှိဖြစ်သည်။ အနတ္တ ဟူသည် ငါမဟုတ်ဟု ဆိုလိုသည်။ အရှိ အဖြစ် တရားအားလုံး (ခန္ဓာငါးပါး ရုပ်နာမ်တရား) တို့ကို ငါ၊ ငါ့ဥစ္စာ ဟုမသတ်မှတ်ရ၊ မခံယူရ ဟု ဟောသောတရားကို အနတ္တလက္ခဏာသုတ် ဟုဆိုသည်။
အနတ္တလက္ခဏာသုတ်၌ ထင်ရှားပေါ်လွင်သော စာကြောင်းမှာ “ဧသော မေအတ္တာ နမေသော အတ္တာ” ဖြစ်ပါသည်။ ဤ၀ါကျတွင် ပါသော အတ္တနှင့် အကျဉ်းအားဖြင့် လေ့လာရန်ဖြစ်သည်။ အတ္တမံသည် (အနတ္တလက္ခဏာသုတ်) တွင်ဗုဒ္ဓရည်ညွှန်း ကိုးကားသော အတ္တဖြစ်သည်။ အတ္တမံသည် မွေးဖွားခြင်းမရှိ။ သေခြင်းမရှိ။ ထာဝရ တည်ရှိသည်။ အတ္တမံကိန်းအောင်းရာ ကိုယ်ခန္ဓာ မူကား မွေးခြင်း၊ သေခြင်းရှိ၍ ယာယီတဲ ဖြစ်သည်။ လူသည် အ၀တ်ဟောင်းကိုချွတ်၍ အ၀တ် သစ်လဲ သကဲ့သို့ ကိုယ်ခန္ဓာအတွင်းရှိ အတ္တမံသည် သေနေသော ကိုယ်ခန္ဓာကိုစွန့်၍ ခန္ဓာသစ်ကို ယူတင် ၀တ်ဆောင်သည်။ အသွင်းအမျိုးမျိုး ပြောင်းလဲတတ်သော အတ္တမံခေါ်သော “ကုတတ္ထ” ဟုလည်း အမည်ရသော ဘုရားဇာတိသည် မကြေပျောက် မပျက်စီးနိုင်။
လောကတွင် ပုရုသျှ (ခန္ဓာ) နှစ်မျိုးရှိသည်။ ရုပ်ခန္ဓာသည် ကြေပျောက်ပျက်စီး နိုင်သည်။ နာမ ခန္ဓာ(ဇီဝအသက်) သည် မကြေပျောက် မပျက်စီးနိုင်။ ထိုပုရုသျှ (ခန္ဓာ) နှစ်ပါးထက် ထူးကဲမြင့်မြတ်သော ပုရုသျှ တစ်ပါးရှိသေးသည်။ အမြင့်ဆုံးသော အတ္တ (မဟတ္တမ) ဟုခေါ်သည်။ ထိုပုဂ္ဂိုလ် ကား ပြောင်းလဲ ဖောက်ပြန်ခြင်းမရှိ၊ လောကသုံးပါး၌ ပျံ့နှံ့ တည်၏။
အနတ္တလက္ခဏာသုတ်၌ ခန္ဒာကို ရုပ်ခန္ဓာ၊ နာမ်ခန္ဓာ(ရူပက္ခန္ဓာ၊ နာမက္ခန္ဓာ) ဟူ၍ နှစ်မျိုး ခွဲပါသည်။ တစ်ဖန် နာမ်ခန္ဓာကို ဝေဒနာက္ခန္ဓာ(ခံစားမှုအစု)၊ သညာက္ခန္ဓာ(မှတ်သားမှုအစု)၊ သင်္ခါရက္ခန္ဓာ (ပြုပြင်စီမံမှုအစု)၊ ၀ိညာဏက္ခန္ဓာ (ကြံသိမှုအစု) ဟူ၍လေးမျိုး ခွဲပါသည်။ ဤသို့ဖြစ် ရူပခန္ဓာ၊ ဝေဒနာခန္ဓာ၊ သညာခန္ဓာ၊ သင်္ခါရခန္ဓာ၊ ၀ိညာဏခန္ဓာ ဟူသောခန္ဓာ ငါးပါးဖြစ်လာသည်။ စကြ၀ဠာတစ်ခွင်သည် ခန္ဓာငါးပါး တွင် အကျုံးဝင်သည်။ ထိုခန္ဓာငါးပါးသည် နိယာမ၊ ဥပဒေသများ အားဖြင့် အမြဲတစေ “ဖြစ်လိုက်၊ ပျက်လိုက်၊ ပြန်ဖြစ်လိုက်” “မွေးလိုက်၊ သေလိုက်၊ ပြန်မွေးလိုက်” ဖြင့် တြိဂံ သံသရာ စက်ဝိုင်းတစ်ခု တည်ဆောက်နေသည်။
ထိုကြောင့် အနတ္တလက္ခဏာသုတ်တွင် “ပုရုသျှအတ္တမ၊ မဟတ္တမ” ဟုခေါ်ဆိုအပ်သော ရုပ်နာမ် နှင့် ရုပ်နာမ်လွန် သဘောတရားကို အတ္တဟု သိမ်းကြုံးသတ်မှတ်၍ အတ္တလက္ခဏာကို ခွဲခြားဝေဖန် ပိုင်းခြားထားပါသည်။
ခန္ဓာငါးပါးကို လက္ခဏာအရေး သုံးပါးဖြင့် ရှုရန်
အတိတ်ခန္ဓာ၊ အနာဂါတ်ခန္ဓာ၊ ပစ္စုပ္ပန်ခန္ဓာ၊ အတွင်းခန္ဓာ၊ အပြင်ခန္ဓာ၊ အကြမ်းခန္ဓာ၊ အနုခန္ဓာ၊ အယုတ်ခန္ဓာ၊ အမြတ်ခန္ဓာ၊ အဝေးခန္ဓာ၊ အနီးခန္ဓာ ........ ခန္ဓာဟူသမျှ ရုပ်နာမ်နှစ်ဝသည် အမြဲတစေ ပြောင်းလဲ ဖောက်ပြန် ရွေ့လျားနေသောကြောင့် အနိစ္စ ပင်ဖြစ်သည်။ အနှစ်သာရ ထာဝရသုခ ရှာမရသောကြောင့် ဒုက္ခဖြစ်သည်။ လိုတမရ၊ လိုသမျှမရ၊ကြံတိုင်းမအောင်၊ ဆောင်တိုင်းမမြောက်၊ မဖြစ်ချင် တာဖြစ်ရ၊ ဖြစ်ချင်းတာ မဖြစ်ရ။ အနတ္တတည်း။ ထိုကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားကို ငါ၏ဥစ္စာ(ဧတံမမ) (ဧသောတမသ္မိ) ငါလိုတာရ- ငါ့အတ္တ (ဧသောမေ အတ္တာ) ဟု ဆို၍မရ၊ မဆိုရ။
ဤခက်ခဲနက်နဲသော အနတ္တသဘောတရားကို တန်ဖိုးနည်း ယဉ်ကျေးမှု အလွယ်တကူ ပြုကြသောအခါ ထုံးတမ်းစဉ်လာ ဘာဝနာဂါထာ တစ်ပုဒ် ဖြစ်လာတော့သည်။
အနတ္တဘာဝနာ
လူနတ်ဗြဟ္မာ ငါ သူ တစ်ပါး ယောင်္ကျား မိန်းမ မဟုတ်
ခန္ဒာငါးပါးကို အနစ္စ၊ ဒုက္ခ၊ အနတ္တဟု ဗုဒ္ဓဟောခြင်းမှာ သင်္ခါရတရားကိုဥပဒါန်း အစွဲမထား ရန်၊ ငါတည်းဟူသော အတ္တကိုရှေ့တန်းမတင်ရန် ဖြစ်ပါသည်။ လူ၊နတ်၊ဗြဟ္မာ၊ သူတစ်ပါး၊ င်္ယောကျား၊ မိန်းမ ဟု သမုတိသစ္စာဖြင့် မသတ်မှတ်ရဟု ဆိုခြင်းမဟုတ်ပါ။
ဗုဒ္ဓဟောသော အနတ္တသည် “ပိုင်ဆိုင်တတ်သောငါ မရှိ” ဟုဟောသော တရားဖြစ်သည်။ ဓမ္မစကြာသုတ် သစ္စာလေးပါး တရားသည် ဗုဒ္ဓ၏ ပထမဦးဆုံးသော တရားဒေသနာဖြစ်သည်။ ပထမသစ္စာ၌ ဥပါဒါနက္ခန္ဓာ ဟူသော စွဲလန်းမက်မော အပ်သော ခန္ဓာငါးပါးသည် ဒုက္ခဖြစ်ကြောင်း၊ ဒုတိယသစ္စာ၌ စွဲလန်းမက်မောမှု တဏှာသည် တရားခံဖြစ်ကြောင်း၊ တတိယသစ္စာ၌ ဒုက္ခငြိမ်းရာ နိဗ္ဗာန်ရှိကြောင်း၊ စတုတ္ထသစ္စာ၌ နိဗ္ဗာန်ရောက်ရန် မဂ္ဂင်ရှစ်ပါး ကျင့်စဉ်ရှိကြောင်း ဖြစ်သည်။ သစ္စာလေးပါး တရားသည် စွဲလန်းမှုဥပါဒါနက္ခန္ဓာ ဖြစ်သော ပိုင်ဆိုင်တတ်သောငါ အတ္တအစွဲအလန်းသည် ဒုက္ခ၏အကြောင်း ပင် ဖြစ်သည် ဟူသော တရားဖြစ်သည်။
အနတ္တလက္ခဏာသုတ်သည် ...... “ပိုင်ဆိုင်တတ်သောငါ” အတ္တမရှိခြင်း ဟောသော တရားဖြစ်သည်။ ပိုင်ဆိုင်တတ်သောငါ အတ္တသည် လူတို့၏ တဏှာလောဘ မာန်မာန ဖန်ဆင်း မှုပင် ဖြစ်သည်။ ဗုဒ္ဓဟောသော အနတ္တတရားသည် “စွဲလန်းတပ်မက်ခြင်း” အခြေပြုသော “ပိုင်ဆိုင်တတ်သောငါ” (အတ္တ) မရှိဟု ဟောခြင်းဖြစ်ကြောင်း “သိတတ်သောငါ” (အတ္တ) မရှိဟု ဟောခြင်းမဟုတ်ကြောင်း အလွယ်တကူ သိနိုင်ပေသည်။
ထိုကြောင့် ဗုဒ္ဓဘာသာ၌ “သိတတ်သောငါ” နှင့် “ပိုင်ဆိုင်တတ်သောငါ” အတ္တခွဲခြား ရန် လိုအပ်သည်။ ဓမ္မစကြာသုတ်မှ ဥပဒါနက္ခန္ဓာ ဟူသော ငါနှင့် အနတ္တလက္ခဏာသုတ်မှ ပဉ္စက္ခန္ဓာဟူသော အတ္တသည် “ပိုင်ဆိုင်တတ်သောငါ” (အတ္တ) သာလျှင်ဖြစ်သည်။ ငါအတ္တမရှိဟု ဆိုသောစကားသည်ပင် “သိတတ်သောငါ” (အတ္တ) ရှိကြောင်း အထောက်အထားဖြစ်သည်။ ဓမ္မစကြာသုတ် နားလည်ရန် အချက်သည် စွဲလန်းတပ်မက်မောသော “ဥပါဒါနက္ခန္ဓာ” ဟူသောစကားဖြစ်၏။ အနတ္တလက္ခဏာသုတ် ၌လည်း ခန္ဓာငါးပါးသည် “ငါ၊ ငါ့ဥစ္ဒာ ငါ့ဝိညာဏ်မဟုတ်” ဟုသာဟော၍ ငါအတ္တမရှိဟု ဟောခြင်းမဟုတ် လူသတ္တ၀ါ သည် ခန္ဓာငါးပါးထက် လွန်ကဲသော သတ္တ၀ါ ဖြစ်၏။
ခန္ဓာငါးပါးအတွေးအခေါ်သည် လောကဓါတ် အသိတရား မပေါ်မီ ရှေးအိန္ဒိယ အတွေးအခေါ် တစ်ခုဖြစ်သည်။ “သိတတ်သောငါ” အတ္တမရှိလျှင် လူ့ဘ၀သည်ပင် အဓိပ္ပာယ်မရှိသော တရားဖြစ်လတံ့။
ဒုက္ခရှိ၏၊ ဒုက္ခခံစားသူမရှိ ဒုက္ခမေ၀ ဟိ နကောစိ ဒုက္ခိတော
ပြုခြင်းရှိ၏၊ ပြုသူမရှိ ကာရကောန ကိရိယာဝ ၀ိဇ္ဇတိ
ငြိမ်းအေးခြင်းရှိ၏၊ ငြိမ်းအေးသူမရှိ အတ္တိ နိဗ္ဗု တိ န နိဗ္ဗုတောပုမာ
သွားရာလမ်းရှိ၏၊ သွားသူမရှိ မဂ္ဂ မတ္တိ ဂမကော န၀ိဇ္ဇတိ
ဟု ၀ိသုဒ္ဓိမဂ်၌ လာသော ဗုဒ္ဓဃောသမထေရ်၏ စကားအား “သိတတ်သောငါ” အတ္တအကြောင်း ကိစ္စဟုမြင်လျှင်ပရမတ္တနည်းဖြင့်ကြည့်ကြည့်၊ သမုတိနည်းနှင့်ကြည့်ကြည့် အဓိပ္ပာယ်မရှိသောစကား ဖြစ်၏။ ထိုစကားအား “စွဲလန်းတပ်မက်သောငါ” အတ္တအကြောင်း ကိစ္စဟု မြင်လျှင် အပြည့်အ၀ အဓိပ္ပာယ် ရှိသော စကားဖြစ်သည်။
“ရှိခြင်း”နှင့် “ပိုင်ဆိုင်ခြင်း” ခွဲခြားတတ်ရန်အရေးကြီးသည်။ ဗုဒ္ဓဘာသာဟောသော ငါသည် ပိုင်ဆိုင်ခြင်းငါ ဖြစ်၏။ ထိုငါ (အတ္တ) အားစွန့်လွှတ်ရန် အရေးကြီးသည်။ ရှိခြင်းငါ မရှိလျှင် ဆိုလျှင် ထိုငြင်းဆို သူပင် မိမိကိုယ်ကို မိမိငြင်းဆို သည်ဖြစ်၍ မိမိ၏စကားသည်ပင် အဓိပ္ပာယ်မရှိ ဖြစ်ပေ၏။ ရှိခြင်းနှင့် ပိုင်ဆိုင်ခြင်းကို ခွဲခြားတတ်သော သူသည် အတ္တ၊ အနတ္တ ပြဿ နာ မရှိပါ။ အတ္တထောင်ချောက် မမိနိုင်ပါ။ ပိုင်ဆိုင်ခြင်း ငါသည် စိတ္တဗေဒမှ “ငါ” ဖြစ်သည်။ ရှိခြင်းငါသည် ရုပ်လွန်အဘိဓမ္မာမှ “ငါ” ဖြစ်သည်။ ငါနှစ်မျိုး ရောထွေးလျှင် အဓိပ္ပာယ် မရှိသော အတွေးအခေါ်ပင် ဖြစ်သည်။ “ပိုင်ဆိုင်သောငါ” စွန့်လွှတ်ရေး သည် ဗုဒ္ဓဘာသာရော ခရစ်ယာန်ဘာသာ နှစ်ခုစလုံးက ဟောသော တရားဖြစ်သည်။
ဦးကိုကိုနိုင် (ဓမ္မာစရိယ)
(ဓမ္မ၀ိဇ္ဇာ)
No comments:
Post a Comment