“ဒီလူကတော့ လိပ်ပဲ....။” ဆိုတဲ့စကား ကြားဖူးကြပါလိမ့်မယ်။ အမြဲ ကိုယ်ဘက်ကိုသာ သိတတ်သည့် လူမျိုးကို ဆိုလိုခြင်း ဖြစ်ပါ၏။ တကယ်တော့ လိပ်သာမကပါ။ အခြားတိရိစ္ဆာန် များလည်း သည်အတိုင်း ကိုယ့်ဘက်ကို ယက်တတ်ကြပါသည်။ မိမိဘက်ကို ယက်ရသည်က လွယ်ပါသည်။ အခြား တစ်ဖက်ကို ယက်ရန် လုံးဝ အလိုက်မသင့်ပါ။ မည်သူမဆို မိမိကိုယ်ကျိုးအတွက အလျင်ဆုံး စဉ်းစားပါသည်။ မစဉ်းစားတတ်သည့် တိရိစ္ဆာန် များ၌ပင်လျှင် (Self preservation instinct) ခေါ် မိမိအသက်ကို ကာကွယ် တတ်သည့် မွေးရာပါ စရိုက်ရှိပါသည်။ မိမိနှင့် ချစ်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်လိုခြင်းသည် တစ်ကိုယ်ကောင်းစိတ် မဟုတ်သော်လည်း Self gratification ခေါ် မိမိဆန္ဒကို အမြဲဦးစားပေးသောအခါ တစ်ကိုယ်ကောင်းဆန်သူ ဖြစ်သွားပါသည်။
ဘုရားသခင်က လူကို မိမိပုံသဏ္ဍာန်နှင့်အညီ ဖန်ဆင်းပေးခဲ့သည့်အတွက် လူသည် မိမိကိုယ်ကို ကာကွယ်လိုသော အသိစိတ်ထက် ပို၍မြင့်မြတ်သည့် စိတ်ထားရှိရပါမည်။ ကိုယ်ချင်းစာတရား ရှိရပါမည်။ “ငါ” ဆိုသည့် စကားလုံးသည် မသိမ်မွေ့သောကြောင့် ယဉ်ကျေးသည့် ကျွန်ုပ်တို့ မြန်မာများသည် “ကျွန်တော်”၊ “ကျွန်မ” ဟု အစားထိုးပါသည်။ သို့သော် “ကျွန်” သည် အစေခံဖြစ်ကြောင်း သတိချပ်မိသူ သိပ်မရှိလှပါ။ ယဉ်ကျေးသည်ဟု အခေါ်ခံလိုသော်လည်း အစေခံရမှန်း ကိုတော့ မသိကြပါ။ သူတစ်ပါးကို ဦးစားပေးလိုသော စိတ်သည် မွေးရာပါ မဟုတ်ပါ။ မွေးစ ကလေးကိုသာကြည့်ပါ။ နို့စို့ရန်သာ သိပါသည်။ မစဉ်းစားတတ်သေးပါ ဟုစောဒကတက်လို လျှင်လည်း ကြီးလာတော့လည်း အဘယ်သို့ ရှိပါစ။ ကြလေ ဆိုးလေ မဟုတ်လား။ လူသည် ကမ္ဘာဦးအချိန်မှ စ၍ မိမိအတွက်သာကြည့် တတ်သောကြောင့် ဘုရားသခင် ၏တစ်ခုတည်းသော တားမြစ်ချက်ကို လွယ်လွယ်နဲ့ ချိုးဖောက်ခဲ့ပါသည်။ ဘုရားက ဘာကြောင့် တားရသလဲ။ နားမထောင်လျှင် သူစိတ်ထိခိုက် သွားမှာလား စသည့်အတွေးများ လုံးဝမ၀င်လာဘဲ ဒါကိုလည်း ငါစားသင့် သည်ဟု ထင်မြင်ယူဆခဲ့သည်။
Max Lucado က Sin (အပြစ်) ဆိုသည်မှာ အလယ်မှစာလုံး (I) ပင်ဖြစ်သည်ဟု ဆိုပါ သည်။ (I)ဟူသော စာလုံးကို ဖြုတ်လိုက်ရင် အပြစ်ဟူသောအဓိပ္ပါယ် မပေါက်တော့သကဲ့သို့ “ငါ” ကိုဘေးဖယ်ထားလိုက်ရင် အပြစ်ကျူးလွန်ခြင်း မရှိနိုင်တော့ပါ။ ရှေးခတ်မှ လူအများသည် သူတို့နေထိုင် သည့် ကမ္ဘာသည် စကြ၀ဠာကြီး၏အလယ် ဗဟို၌ရှိပြီး အားလုံးက ကမ္ဘာကို လည်ပတ်နေသည်ဟု ယုံကြည် ခဲ့ကြသည်။ Copernicus နှင့် Galileo တို့ လူဖြစ်လာမှ ခွက်ခွက်လန်အောင်မှား နေကြမှန်း သိကြပါသည်။ လူသည် မိမိကိုယ်ကို အထင်ကြီးလျက် အမြဲ ဦးစားပေးနေရာ၌ ထားချင်ပါသည်။ ဆလိုက် မီးရောင်အောက် က မထွက်လိုပါ။ VIP မဖြစ်ချင်သူ ရှိပါသလား။ “VIP” စကားလုံး၌လည်း (I) စကားလုံးက အလည်ဗဟို နေရာတွင် နေရာယူထားပါသည်။
ကျွန်ုပ်တို့ မြန်မာများ အလှူပေးသည့်အခါ တစ်ရပ်ကွက်လုံး ကြားရသည်။ ညပင် ကောင်းစွာမအိပ်ရပါ။ အင်တာနက်မှ အော်လည် တစ်ကမ္ဘာလုံးက သိပါ၏။ အဲဒီလို လုပ်ကြဖို့ အကြံပေးလိုပါသည်။ အလှူ ဆိုတာ သူတပါးအတွက် မဟုတ်လား။ ငါက ဘာကြောင့် နေရာတိုင်းမှာ ပါနေရပါသလဲ။ “ငါ” ဆိုတဲ့စကားက မကောင်း၍မဟုတ်ပါ။ “ငါ” ကိုနောက်ဆုံးမှ ထားနိုင်လျှင် အလွန်ကောင်း ပါသည်။ “ငါ” ကိုရှေ့တန်းတင်သောအခါ လောဘ၊ ဒေါသ၊ မောဟနှင့် မာန်မာနတို့က ထပ်ချပ်မကွာ လိုက်ပါလာသည်။ သည်မကောင်းဆိုးဝါး များက ဘ၀၏သာယာမှုကို ဖျက်ဆီးပစ်ပါသည်။ ငါတကော ကောခြင်းအားဖြင့် အဘယ်ကောင်းကျိုးမှ မဖြစ်ပေါ်စေပါ။ မိမိကိုယ်ကို အမြဲပြန်ပြီး အာရုံစိုက်နေ သည့်အခါ မိမိ၏ အားနည်းချက်နှင့် အပြစ်အနာအဆာ များကို ပို၍တွေ့လာပါသည်။
ဘုရားကို အာရုံပြုသည့်အခါ ဘုန်းတန်ခိုးကို မြင်ရပါမည်။ ထိုကြောင့် မောရှေသည် အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကို တွေ့ရှိခဲ့ပြီးဖြစ်သော်လည်း မကျေနပ်နိုင်သေးပဲ ကိုယ်တော်၏ တန်ခိုး တော်ကိုပြတော်မူပါဟု တောင်းခံခဲ့ခြင်းဖြစ်သည်။ (ထွက် ၃၃း၁၈)။ ထာဝရဘုရား၏ မျက်နှာတော် ကိုမြင်ရလျှင် ကျွန်ုပ်တို့ မလုပ်နိုင်သည့်အရာ၊ မဖြစ်လာနိုင်သည့် အခြေအနေမရှိပါ။ မိမိကိုယ်ကိုသာ ကြည့်သောအခါ မိမိနှင့် မိမိနေထိုင်သည့် ကမ္ဘာကြီးသည် မတည်မြဲသော သင်္ခါရသဘော ကိုသာ မြင်နေရသည်။ ထိုကြောင့်ရတုန်းရခိုက် ရှိသမျှ ကို အကုန်ယူလိုသော စိတ်များ ဖြစ်ပေါ် လာပါသည်။
ခရစ်တော်ကို စေ့စေ့ကြည့်သောအခါ သူပေးသော ထာဝရအသက် နှင့်ထာဝတည်မြဲသည့် အရာများကို သတိရလျက် ထာဝရကာလကို ရှေ့ရှုလျက် အသက်ရှင်ရန်နားလည်လာ ပါ သည်။ လောဘ၊ ဒေါသ၊ မောဟ တို့က နောက်တန်းသို့ ရောက်သွားပါသည်။ မိမိ၏ ဆန္ဒကို ခဏ ဘေးဖယ်ထားပြီး သူတစ်ပါးကို ဦးစားပေးသောအခါ အဘယ်သို့ဖြစ်လာမည်နည်း။ လင်နှင့်မယား၊ သားနှင့်အမိ၊ ညီအစ်ကိုမောင်နှမ၊ မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်ကြား ဆက်ဆံရေးက အကောင်း ဆုံး ဖြစ်လာပြီး ကမ္ဘာကြီး သာယာစိုပြေ လာပါလိမ့်မည်။
တစ်ကိုယ်ကောင်းဆန်သူများနှင့် တစ်ခါတစ်ရံ ကြုံတွေ့ခွင့် ရပါသည်။ မျက်နှာချင်းဆိုင်မှ ကားရပ်၍ မိမိကိုယ် ကွေ့ခွင့်ပေးသောအခါ ဈေးဝယ်စဉ် အတွက်မှားခဲ့ပြီး ငွေပိုပေးခဲ့သော်လည်း ဆိုင်ရှင်က ပြန်ပေးသောအခါ ကြည်နူးလျက် ကမ္ဘာကြီးက အနည်းငယ်ပိုပြီး ပျော်လာသည်ဟု မထင်ဘူး လား။ ကိုယ်ကျိုးစွန့်၍ ချောင်ကြို ချောင်ကြားတွင် အမှုတော်ဆောင် ရွက်နေသူများကို တွေ့သော အခါ သည်ကမ္ဘာအတွက် မျှော်လင့်ချက်များ မတက်လာဘူးလား။
မိမိကိုယ်ကို မဦးစားပေးလျှင် အမြဲနောက်ဆုံးရောက်နေမှာလား။ ခရစ်တော်ရဲ့ နိုင်ငံတော် တွင်တော့ ရှေ့ နေရပါမည်။ (မ ၁၉း၃၀)။ နှိမ့်ချသောသူကို ချီးမြှောက်မည် ဆိုသည့် ကတိတော်လည်း ရှိပါ၏။(လု ၁၈း၁၄)။ မိမိနှင့် ဆိုင်သောအရာကို ဦးစားပေးသည်မှာ သဘာဝ မဟုတ်ဘူးလား။ သဘာဝ ဟုပြောလိုလျှင် ဘုရားသခင်ဖန်ဆင်းထားသည့်အတိုင်း ကြည့်၍ပြောရပါမည်။ လူက ဖျက်ဆီးပြီးသော သဘာဝ မဟုတ်ပါ။ ဘုရားသခင်က သဘာဝကို လူတစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်ပစ္စည်းဖြင့် မဖန်ဆင်း ပေးထားပါ။
တောတောင်၊ ရေမြေ၊ သစ်ပင်ပန်းပင်၊ သယံဇာတ အားလုံးသည် အများအတွက်ဖြစ်သည်။ (ဆာ ၁၁၅း၆)။ လှပသော ဆည်းဆာအချိန်ကို လူတိုင်းခံစား၍ မွေ့လျော်နိုင်သည်။ လူဆိုး လူကောင်း မခွဲခြားပဲ ဘုရားသခင်သည် နေကိုထွက်စေ၍ မိုးကိုရွာစေသည်။ (မ ၅း၄၅)။ တစ်ကိုယ်ကောင်း သဘောကို သဘာဝ၌ မတွေ့ရပါ။ တစ်ကိုယ်ကောင်စိတ်ကို အဘယ်ကြောင့် ဖျောက်ဖျက်ရန် ကြိုးစားရပါမည်နည်း။ ခရစ်တော်က သည်အတိုင်း လုပ်စေလိုသောကြောင့်ဖြစ်သည်။ မိမိကိုယ်ကို ငြင်းပယ်သော သူသာ သူ့နောက် လိုက်နိုင်သူဖြစ်သည် ဟု အတိအလင်း ပြောထားပါသည်။ (မာ ၈း၃၄)။
သူတစ်ပါးအတွက် အသက်ရှင်သောအခါ ခရစ်တော်နဲ့ တူပါ၏။ သခင်ယေရှုသာ မိမိကိုယ်ကျိုး အတွက်သာကြည့်မည်ဆိုလျှင် ကောင်းကင်ဘုံမှာသာ နေမည်ဖြစ်သည်။ ကျွန်ုပ်တို့ လူသား များအတွက် မစဉ်းစာလျှင် ကားတိုင်လမ်းကို လျှောက်မည်မဟုတ်ပါ။ ကားတိုင်ပေါ်တွင် ဝေဒနာ ခံစားနေရ စဉ် သူတစ်ပါး အတွက်သာ ပူပန်ခဲ့ပါ၏။ (ယော ၁၉း၂၆-၂၇)။ သူတစ်ပါးကို ခွင့်လွှတ်ရန်သာ သတိရပါ၏။ (လု ၂၃း၃၄) ။ သူနောက်ဆုံးစကားမှာ “ဤအမှုပြီးပြီ” ဖြစ်ပါသည်။ (ယော ၁၉း၃၀)။ သူ့အမှုလား။ သူ့အတွက်လား။ မဟုတ်ပါ။ ကျွန်ုပ်တို့ အမှုပါ။ ကျွနုပ်တို့အပြစ်မှ လွတ်၍ထာဝရအသက် ရရန်ဖြစ်သည်။ သူတစ်ပါး အကျိုးကို ကြည့်သောအခါ အဖိုးအခ ပေးရပါသည်။ ခရစ်တော်နှင့် တူလိုလျှင် လွယ်လွယ်နဲ့တော့ ရမည်မဟုတ်ပါ။ သို့သော် သင့်ပါးတစ်ဖက် အရိုက်ခံရလျှင် နောက်တစ်ဖက်ကို လှည့်ပေးဦးလော့ ဆိုသည့် ပညတ်ချက်နှင့်စာလျှင် စိတ်ကိုထိန်းချုပ်ရသည်မှာ ပို၍လွယ်ပါ၏။
နောက်တစ်ကြိမ်မှာ ငါအလျင်ဝင်မည်။ ငါအလျင်ယူမည်။ ငါအလျင်စားမည် ဟု သင်ဟန်ပြင် နေသောအခါ ခေတ္တရပ်၍ ငါ့နေရာမှာ ခရစ်တော်ရှိနေပါက အဘယ်သို့ပြုမည်နည်းဟု မိမိကိုယ်မေးရန် အလွန်ခက်ပါသလား။ သည်နေရာမှာမှ မစလျှင် ဘယ်အခါစပါမည်နည်း။ သည်လောက်မှ လုပ်လိုသည့်ဆန္ဒ မရှိသေးလျှင် မိမိကိုယ်ခရစ်ယာန် ဖြစ်သည်ဟု အဘယ်သို့ပြောနိုင်ပါသနည်း။
Max Fucado ၏ It's not about Me စာအုပ်ထဲမှရေးသားချက်အချို့ထည့်သွင်းဖော်ပြထားသည်။
Dr. ဖေမြတ်ဝင်း
No comments:
Post a Comment