Friday, April 10, 2015

ဧဒင်ဥယျာဉ်ကို ပျောက်ဆုံးစေခဲ့သူ

              ကမ္ဘာပေါ်မှာ သိပ်လှတဲ့ဥယျာဉ်ကြီး တစ်ခု ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သိပ်လှတဲ့ ဥယျာဉ်ကြီးဟာ မြွေ တစ်ကောင်ကြောင့် ပျောက်ဆုံးသွား ရသတဲ့။ မြွေက တော်တော် အစွမ်းထက်ပါလား။ သူက အဖျက်သမား လား။ ပျက်ဆီးခြင်းရဲ့ သင်္ကေတလား။
               မြွေသတ္တ၀ါကို ချစ်စရာလေးနော် လို့ လူတွေက ပြောလေ့မရှိ သလိုပါပဲ။ ကြောင်တစ်ကောင် ကိုတွေ့ရင် ထွေးပွေ့ချင်ပေမဲ့ မြွေတစ်ကောင်ကို တွေ့ရင် ရွံရွံသွားကြတယ်။ မြွှေမှာ လှပတဲ့ ဖြူ ၊ နီ၊ ၀ါ အရောင်စုံ စုံရှိသလို အကွက်ကလေး၊ အစင်းကျားလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူ့ခမျာ လူတွေရဲ့ အချစ်တော်ဘ၀ကို တော့ မရောက်ခံရရှာဘူး။
              သမ္မာကျမ်းစာရဲ့ ပထမဦးဆုံး ကမ္ဘာဦးကျမ်းကို ကြည့်လိုက်ရင် ဘုရားသခင်ရဲ့ ကမ္ဘာကိုဖန်ဆင်း တဲ့အကြောင်း၊ တိရိစ္ဆာန်တွေနဲ့ လူတွေကို ဖန်ဆင်းတဲ့အကြောင်း ပါပါတယ်။ လူနဲ့ အရင်ဦးဆုံး စကား ပြောတဲ့ သူက မြွေဖြစ်နေတာ အံ့သြစရာ ကောင်းနေတယ်။ စဉ်းစာမိတာ တစ်ခုကတော့ မြွေကို လူဆိုးအခန်းကပဲ သုံးလေ့ရှိသလား။ သမ္မာကျမ်းစာကို ရေးသားခဲ့တဲ့ ပုဂ္ဂိုလ်တွေက မကောင်းမှုတို့၊ စာတန် မာရ်နတ်ရဲ့ လှုပ်ရှားမှုတို့ကို ပြောချင်ရင် လူတွေနားလည်အောင် မြွေကို ထည့်သုံး နေတာလား။
               ဧဒင်ဥယျာဉ်ကြီးထဲမှာ မြွေတစ်ကောင်ကတော့ အာဒံနဲ့ ဧ၀ဆိုတဲ့လူသား နှစ်ဦးကို အပြစ်လုပ် ဖို့သွေးဆောင်ခဲ့တယ်။ လူကိုဖန်ဆင်းတဲ့ ဘုရားသခင်က မထိနဲ့၊ မစားနဲ့ လို့ တားမြစ်ထားတဲ့အပင်က အသီးကို စားဖြစ်သွားအောင် လမ်းဖွင့်ပေးလိုက်သူက မြွေဖြစ်နေတယ်လေ။ စားလိုက်မိတဲ့အတွက် လူတွေဆီ သေခြင်းတရားက ၀င်လာတယ်။ အပြစ်ကိုလည်း သိလာတယ်။ ကြောက်ရွံ အား ငယ်ခြင်း  တွေလည်းဖြစ်လာပြီး ဧဒင်ဥယျာဉ်ထဲက ထွက်ပြေးရတဲ့အထိ လှပပြည့်စုံမှုတွေ ဆိတ်သုန်း သွာခဲ့ရတယ်။
            ကမ္ဘာပေါ်မှာ အလှပဆုံး ဧဒင်ဥယျာဉ်ကြီးကို ဖျက်ဆီးပစ်တဲ့ မြွေကိုမုန်းလိုက် မိတာအမှန်ပါ။ မုန်းလိုက်မိတာနဲ့ သူ့အကြောင်းကို ထပ်ထပ် စဉ်းစားမိနေတယ်။ မြွေကို ကမ္ဘာမြေပေါ် ရောက်လာအောင် ဘယ်သူက ပို့လိုက်တာလဲ။ ဘုရားသခင်က ဖန်ဆင်းသူဖြစ်လေတော့ မြွေကို ဘုရားသခင်ကပဲ ကမ္ဘာပေါ် ကို ပို့လိုက်တယ် ထင်ပါတယ်။ မြွေတွေက တွင်းအောင်းသတ္တ၀ါဖြစ်ပါတယ်။ သစ်ပင်ပေါ်မှလည်း နေကြ တယ်။ ရေထဲမှာလည်း နေနိုင်တယ်။ အလွန်အေးတဲ့ ဒေသတွေက လွဲရင် ကမ္ဘာမြေရဲ့ အခြားဒေ သ တွေမှာ မြွေကို တွေ့နိုင်ပါသတဲ့။ 
               ကမ္ဘာမှာ ပန်ဒါဝက်ဝံလေးတွေ ရှားပါးလာလို့ ပြုစုပေး နေရတယ်လေ။ ရှားပါးလာနေတဲ့ သတ္တ၀ါ ထဲမှာ မြွေကတော့ ပါသေးပုံမရဘူး။  မြွေမျိုးစိတ်ပေါင်း (၂၀၀၀)ကျော် ကမ္ဘာအနှံမှာ နေထိုင် ကြ တယ်။ မြွေ တွေဟာ ရန်သူတို့ရဲ့ ရန်ကိုကာကွယ်ဖို့ အဆိပ်ရှိတဲ့ အစွယ်တွေရယ်၊ သန်မာတဲ့ ကြွက်သား တွေရယ် ပါးလွှာတဲ့ အာရုံခံစားမှုတွေ ရှိပါတယ်။ ၀မ်းဗိုက်ကြွက်သားတွေကို သုံးပြီး လျင်လျင် မြန်မြန် ရွေ့လျားနိုင်တယ်။ သစ်ပင်တက်နိုင်တယ်။ သဲမြေ၊ ကျောက်ဆောင်တွေ စတဲ့ နေရာမရွေး သွားနိုင်တယ်။ ရှေးကမ္ဘာဦးတုန်းက မြွေတွေမှာ ခြေထောက်တွေ ရှိခဲ့ဖူးသလားလို့ သုတေသီတွေ တွေးကြ ဖူးတယ်။  မြွေတွေရဲ့ ဆင့်ကဲပြောင်းလဲမှု  ဖြစ်စဉ်ကို သေသေချာချာ မလေ့လာနိုင် ကြ   သေးပါ ဘူး။  ခြေထောက်တွေရှိခဲ့ဖူးရင် ဘာကြောင့် ပျောက်ကွယ်သွားရ ပါလိမ့် ဆိုတာ စဉ်းစားစရာပါ။
                သမ္မာကျမ်းစာထဲမှာ မြွေတွေပါဝင် တဲ့အခန်းတွေ အတော်လေးရှိတာ တွေ့ရတယ်။ မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရိစ္ဆာန် တကာတို့ထက် လိမ္မာ၍....... ဆိုပြီး ရေးသားတာလည်း ဖတ်ရတယ်။ မြွေကို လိမ္မာပါးနပ် တဲ့သတ္တာဝါလို့ သတ်မှတ်ထားတာ ထင်ရှား နေတယ်လေ။ ကျမ်းစာထဲမှာ မြွေကို နဂါးလို့လည်း ရေးသားဖော်ပြ ထားပါသေးတယ်။ စာတန်ရဲ့ ပုံသဏ္ဍာန်ကို ဖော်ပြလို့ရှိရင် နဂါး၊ မြွေဆိုး ဆိုပြီး ဖော်ပြတတ်တယ်။
                 ပါလက်စတိုင်း တိုင်းပြည်မှာ မြွေအမျိုးပေါင်း (၃၀)ကျော် ရှိပါတယ်။ အဲဒီအထဲမှာ (၆)မျိုး ကတော့ အင်မတန် အဆိပ်ပြင်းတယ်လို့ ဆိုပါတယ်။ ကျမ်းစာထဲမှာ မစားသင့်တဲ့ အစားအစာ စာရင်းထဲ ပါပါတယ်။ (၀တ်ပြုရာကျမ်း ၁၁)ကို ဖတ်ကြည့်ရင် တွေ့ရပါမယ်။ မသန့်ရှင်းတဲ့ သတ္တ၀ါမို့လို့ မစားကြနဲ့ လို့ မှာထားခြင်းဖြစ်တယ်။ ဒီနေ့ ခေတ်ကာလ နဲ့တော့ ပြောင်းပြန်ဖြစ်နေတယ်။ မြွေသားဟင်း ဆိုတာ ဈေးကြီး ကြီးပေးပြီး စားရတဲ့ ဟင်းတစ်ခွက် ဖြစ်နေလို့ပါ။
                    ကျွန်ဘ၀ကိုရောက်ပြီး ဒုက္ခခံစားနေရတဲ့ ဣသရေလလူမျိုးတွေ ကို မောရှေက အီဂျစ်ပြည် ကနေ ထုတ်ဆောင်ခဲ့ရတာ မှတ်မိကြမှာပါ။ အီဂျစ်ပြည်က အာဖရိကတိုက် မှာရှိပါတယ်။ အီဂျစ်ပြည် ကနေ ဝေးလံတဲ့ အာရှတိုက်ထဲက ခါနန်ပြည်ထဲကို ခရီးထွက်လာ ကြရတာ မလွယ်ပါဘူး။ သမ္မာကျမ်းစာ ထဲမှာ တောလည်ရာကျမ်း ဆိုတာ ပါပါတယ်။ တောထဲမှ လှည့်လည်သွားလာ နေရတဲ့ အချိန်ကာလက အကြာကြီးပဲ။ သဲကန္တာရ ထဲမှာ ဒုက္ခမျိုးစုံ တွေ့ကြုံရ၊ ပြဿ     နာတွေ အမျိုးမျိုး ပေါ်နဲ့ အခက်အခဲတွေ ကြုံကြ ရပါတယ်။


               မောရှေ ဦးဆောင်လာရတဲ့ လူတွေဟာ သိန်းဂဏန်းရှိတယ်လို့ ကျမ်းစာက ဖော်ပြပါတယ်။ ဒီလောက်များတဲ့လူတွေ ကလေး၊ လူကြီး၊ လူငယ် ထိန်းသိမ်းရတာ မလွယ်ဘူးပေါ့။ တစ်ခါကများ ဧဒုံပင်လယ် ကိုဖြတ်ပြီး သွားကြတဲ့အခါ လမ်းကလည်းကြမ်း၊ အစာကလည်း ရှားဆိုတော့ မောရှေကို ကျိန်ဆဲ ကြသတဲ့။ ငါတို့ကို တောထဲမှာ သေဖို့ ခေါ်လာတာလား။ အီဂျစ်ပြည်မှ ကျွန်ခံပြီး သေရတာမှ တော် ဦး မယ်ဆိုပြီးဝိုင်း ပြောကြပါလေရော။ မောရှေလည်း စိတ်ညစ်ရမှာပဲ။ ဘုရားသခင်က အပြစ် ဒဏ် ပေးဖို့ မြွေတွေကိုလည်း သုံးလေ့ရှိခဲ့တယ်ဆိုတာ တွေ့ရပါတယ်။ 
                ကျမ်းစာထဲမှာ.............
                “မန်းမှုတ်၍ မရနိုင်သောမြွေ၊ ဆိုးသောမြွေများကို သင်တို့ရှိရာသို့ ငါစေလွှတ် သဖြင့် သင်တို့ကို လိုက်ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏” (ယေရမိ ၈း၁၇) ဆိုပြီး ရေးထားတာ တွေ့ရပါတယ်။ ဣသရေလ ခရီးသွားသူတွေကို တောထဲမှာ မြွေတွေ ကိုက်လိုက်ကြသဖြင့် သေတဲ့သူသေ၊ နာတဲ့သူ အများကြီး ဖြစ်သွားပါလေရော။
                   လူတွေက..........
                   မြွေဆိုးတွေရဲ့ အန္တရာယ် ကာကွယ်ပေးပါ။ သူတို့ နောင်တရ ပါပြီ။ ဘုရားသခင်ကိုရော။ မောရှေကိုပါ ပြစ်မှားမိတာ တောင်းပန်ပါတယ် လို့ဆိုကြပါတယ်။ ဘုရားသခင် က မောရှေကို ကြေးဝါနဲ့ မြွေရုပ် တစ်ရုပ်ကို လုပ်ခိုင်းပါတယ်။ မြွေရုပ်ကို တိုင်ပေါ်မှာ ချိပ်ခိုင်း ထားပြီး မြွေကိုက်ခံရတဲ့သူ တွေကို အကြည့်ခိုင်းပါတယ်။ မြွေရုပ်ကို ကြည့်တဲ့သူတိုင်း မြွေဆိပ်ပြေပြီး အသက်ချမ်းသာရာ ရပါတော့တယ်။ 
                       ကြေးဝါမြွေရုပ်ရဲ့ ဇတ်လမ်းက အဲဒီမှာတင် မပြီးသေးဘူး။ နှစ်ကာလတွေကြာလို့ ဣသရေလတွေလည်း ကိုယ့်တိုင်းပြည် ကိုယ့်ဘုရင်နဲ့ ဖြစ်လာချိန် ကြေးဝါမြွေရုပ်က အသွင်းပြောင်း သွားခဲ့ ပါတယ်။ အစက မြွေဆိုးအန္တရာယ်က အသက်ချမ်းသာပေဖို့ လုပ်ထားတဲ့ မြွေရုပ်ဟာ လူတွေ ကိုးကွယ် တဲ့ မြွေဘုရားပဲ ဆိုပြီး ကိုးကွယ်လာကြတဲ့အတွက် ဘုရင်ကြီးဟေဇကိ လက်ထက်မှာ ဘုရင့် အမိန့်နဲ့ ဖျက်ဆီးပစ်ခဲ့ရ ပါတယ်။ မှားယွင်းတဲ့ ကိုးကွယ်မှုကို မလုပ်ကြဖို့ တားဆီးတဲ့ သဘောဖြစ်ပါတယ်။
                  မြွေကို အန္တရာယ်ရှိတဲ့ သတ္တ၀ါ၊ ကြောက်စရာ ကောင်းတဲ့သတ္တ၀ါလို့ သတ်မှတ်တဲ့ သူတွေ ရှိသလို၊ မြွေဟာ ဘေးအန္တရာယ်အပေါင်းကို ကာကွယ်ပေးနိုင်တယ်၊ မြွေဟာ အသက်တာ ရှည်လျား ဖို့ စောင်မနိုင်တယ် ဆိုပြီး အလေးအမြတ် ထားသူတွေလည်း ရှိပါတယ်။ မောရှေတို့ ကျွန်ခံခဲ့ ရတဲ့ အီဂျစ်ပြည်ကို မှတ်မိကြမှာပါ။ အီဂျစ်မှာ ဖာရောဘုရင်တွေက အုပ်စိုးကြတယ်လေ။ ဘုရင်တွေ မိဖုရားတွေဆောင်းတဲ့ သရဖူမှာ မြွေရုပ်တွေ ပါတာ တွေ့ရပါတယ်။ အီဂျစ်တွေဟာမြွေကို ကာကွယ်ပေး သူ တွေအနေနဲ့ ယုံကြည်ကြတယ်။ အီဂျစတွေမှာ နတ်ဘုရားတွေလည်း အများကြီး ရှိသတဲ့။ မြွေနတ်ဘုရား ကလည်း တန်ခိုးကြီးတဲ့ နတ်တွေထဲမှာ တစ်ပါးအပါအ၀င်ပေါ့။ ခါနန်၊ မက်ဆိုပိုတေးမီးယား နဲ့ အီဂျစ်ဒေသတွေမှာ မြွေနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီ ပုံပြင်တွေလည်း ရှိကြပါတယ်။
                       သမ္မာကျမ်းစာထဲမှာ အဆိပ်ပြင်းတဲ့ သတ္တ၀ါတွေ အကြောင်း တွေ့ရတတ်ပါတယ်။ ပါလက်စတိုင်း တိုင်းပြည်မှာ တွေ့ရတတ်တဲ့ ကင်းမြီးကောက်၊ မြွေ၊ အဆိပ်ပြင်းတဲ့သတ္တ၀ါတွေဟာ လူတွေ ကို မကြာခဏ ဆိုသလို ဒုက္ခပေးတတ်ပါတယ်။ သခင်ယေရှုရဲ့ ခေတ်အချိန်အခါမှာတော့ လူတွေကို အနာရောဂါကနေ ငြိမ်းစေဖို့ ကုသပေးတယ်။ ကယ်တင်ခြင်းရဖို့ သွန်သင်ပေးတယ်။ သခင်ယေရှုဟာ သူရဲ့ နောက်လိုက်တပည့်တော့်တွေကို အခွင့်တန်ခိုး တစ်ခုပေးထားတာကိုလည်း မြင်တွေ့ရ ပါတယ်။
                     “သင်တို့သည် မြွေ၊ ကင်းမြီးကောက် တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသော အခွင့် တန်ခိုးတို့ကို ငါပေး၏” (လုကာ ၁၀း၁၉)

                 တစ်ခါတုန်းကပေါ့ ..............
                 တမန်တော်ကြီး ရှင်ပေါလုဟာ အကျဉ်းသာဘ၀နဲ့ ရောမမြို့တော် ကိုအပို့ခံရပါတယ်။ ပါလက်စတိုင်း ဒေသကနေ ရောမမြို့တော်ရှိတဲ့ အီတလီပြည်ကြီးကို သင်္ဘောနဲ့ သွားကြရပါသတဲ့။ သူတို့ ဖြတ်သွားရတဲ့ပင်လယ်က မြေထဲပင်လယ် ဖြစ်ပါတယ်။ လမ်းမှာ မုန်တိုင်းတွေမိပြီး ဒုက္ခတွေ ဖြစ်နဲ့ နောက်ဆုံး သင်္ဘော ပျက်သွားပါလေရော။ သင်္ဘောပျက်သွားတဲ့အတွက် အနီးဆုံးကျွန်း တစ်ကျွန်းပေါ် ရောက်သွားကြရတယ်။ ကျွန်းနာမည်က မေလိတကျွန်း ဖြစ်ပါတယ်။ ကျွန်းပေါ်မှာ နေထိုင် ကြတဲ့ ကျွန်းသူကျွန်းသား  တွေက ဒုက္ခသည်တွေကို  ကောင်းကောင်းမွန်မွန် လက်ခံ ပြုစုကြ တယ်လေ။  ရေစိုပြီး  ချမ်းနေကြလို့ မီးဖိုတွေ ဖိုပေးပြီး  မီးလှုံစေပါတယ်။
                     အဲဒီမှာ မီးလှုံနေတဲ့ ရှင်ပေါလုရဲ့ လက်ကို မြွေတစ်ကောင်က မီးပုံထဲက ထွက်လာပြီး ကိုက်ပါလေရော။ ဘေးနားက ကျွန်းသူကျွန်းသားတွေက ဒီလူတော့ သေတော့မှာပဲ။ မကြာခင် အဆိပ်တက် ပြီး တစ်ကိုယ်လုံး ရောင်လာတော့မယ် လို့ ပြောကြတယ်။ 
                        ဒါပေမဲ့ ရှင်ပေါလုက လက်ထဲက မြွေကိုခါချလိုက်တယ်။ အဆိပ်လည်း မတက်ဖူး။ ဘာမှ လည်းမဖြစ်တော့ အားလုံး အံ့သြသွားကြတယ်။ ရှင်ပေါလုဟာ တန်ခိုးရှိတဲ့ သူပါလားလို့တောင် ထင်မှတ် သွားကြတယ်။ ကျွန်းပေါ်မှာ ရှိတဲ့ နာမကျန်းသူတွေကိုလည်း ရှင်ပေါလုက ဆုတောင်းပြီး အနာရောဂါကို ငြိမ်းပေးခဲ့ပါတယ်။ ဘုရားရှင်ပေးတဲ့ တန်းခိုးနဲ့ ရှင်ပေါလုဟာ ဘုန်းတော်ထင်ရှား စေနိုင်ခဲ့ပါတယ်။
                      သခင်ယေရှုပြောတဲ့ စကားတွေထဲမှာ မြွေနဲ့ပတ်သက်ပြီး ဥပမာပေး သုံးထားတဲ့ စကားတွေလည်း ရျိပါတယ်။ ဣသရေလ လူမျိုးတွေကို ပြောဆိုရာမှာ ထင်သာမြင်သာအောင်၊ သတိပြု မိသွားအောင် သုံးနှုံးခဲ့တယ်လို့ နားလည်မိပါတယ်။ ဗတ္တိဇံဆရာ ယောဟန်ပြောခဲ့တဲ့ စကား လည်း ရှိပါသေးတယ်။ 
                “ဖာရိရှဲနှင့် ဇဒ္ဒုကဲအများတို့သည် ဗတ္တိဇံကို ခံအံ့သောငှာ လာကြသည်ကို ယောဟန်သည် မြင် လျှင် အချင်း မြွေဆိုးအမျိုးတို့ ရောက်လုသော ဘေးဒဏ်မှ ပြေးသွားစိမ့်သောငှာ အဘယ်သူသည် သင်တို့ကို သတိပေးဘိ သနည်း...........” (မဿဲ ၃း၇)
                   ဖာရိရှဲနှင့် ဇဒ္ဒုကဲ တွေကို မြွေဆိုး တွေလို့ပြော ပါတယ်။ သခင်ယေရှု ခေတ်ကာလ တုန်းက ဖာရိရှဲ၊ ဇဒ္ဒုကဲတွေဟာ ဘာသာရေးလောကမှာ အာဏာရှိသူတွေ ဖြစ်ကြတယ်။ ဇဒ္ဒုကဲ တွေက ပိုက်ဆံချမ်း သာကြတယ်။ ယဇ်ပရောဟိတ် ရာထူးတွေကိုလည်း ရယူထားကြတယ်။ ဖာရိရှဲတွေက ကျမ်းတတ်တဲ့ သူတွေ ဖြစ်ကြတယ်။ သူတို့ တတွေရဲ့ လှည့်ဖျားပြောဆို တတ်တာ၊ သူတစ်ပါးကို ဖိနှိပ်တာတွေကို ဗတ္တိဇံ ဆရာယောဟန်နဲ့ သခင်ယေရှုတို့က မနှစ်သက်ကြ ပါဘူး။ ဒါကြောင့် ယောဟန်က မြွေဆိုးအမျိုးလို့ ပြော လိုက် ဟန်ရှိပါတယ်။ 
              အံသြစရာ ကောင်းတာက သခင်ယေရှုကိုယ်တိုင် သူ့တပည့်တော် တွေကို မှာကြားတဲ့ စကားပဲ ဖြစ်ပါတယ်။ “တောခွေးစုထဲသို့ သိုးတို့ကို စေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့ .......။” (မဿဲ ၁၀း၁၆)

                တပည့်တော်တွေကို အခြေအနေ ကာလဒေသကို လိုက်ပြီး ပြောဆိုတတ်အောင်၊ အလုပ်လုပ် တတ်အောင် မှာကြားတဲ့ စကားဖြစ်တယ်။ ရုတ်တရက် ကြည့်လိုက်ရင်တော့ သခင်ယေရှုက ဘာကြောင့် မြွေလို လိမ္မာရမယ် လို့မှာရတာတုံး ဆိုပြီး တွေးစရာရှိ ပါတယ်။ ဥပမာ ပေးတဲ့ စကားဖြစ်တဲ့ အတွက် သူတို့နေထိုင်တဲ့ ဒေသမှာ တွေ့နိုင်၊ မြင်နိုင် တဲ့ သတ္တ၀ါလေး တွေကို ဥပမာအနေနဲ့ အသုံးပြု လိုက်ခြင်းလို့ နားလည်လိုက်ပါတယ်။ 
                မြွေ၊ ချိုးငှက်၊ သို့း စတဲ့သတ္တ၀ါတွေက ပါလက်စတိုင်းမှာ အများဆုံး တွေ့ရတတ်တယ် မဟုတ်လား။ ဒီတော့ ဥပမာပေးပြီး ပြောတဲ့အခါမှာ လူတိုင်း ထင်းကနဲ ရှင်းကနဲ နားလည်နိုင်ကြ တယ်လေ။ မြွေလို လိမ္မာပါလို့ ဆိုလိုက်တာနဲ့ အားလုံး သဘောပေါက်ပြီးသား ဖြစ်ကြပါတယ်။ မကောင်းတဲ့ အပြုအမူ တွေကို လုပ်ဖို့ ပြောတာမဟုတ်ဖူး ဆိုတာလည်း သိကြပါတယ်။ 
                မြွေတစ်ကောင်ရဲ့ သရုပ်ဆောင်မှုကို အမျိုးမျိုးတွေ့ ရတတ်ပါတယ်။ ဒုက္ခပေးတဲ့ သတ္တ၀ါလို လည်း တွေ့ရတတ်သလို အသက်ဘေးက လွတ်ဖို့လည်း အသုံးပြုကြတယ် ဆိုတာ တွေ့ခဲ့ကြပြီး ပါပြီ။ တကယ်တော့ မြွေတွေကို အလွန်အကျွံ ဖမ်းဆီးမယ် သတ်ဖြတ်မယ် ဆိုရင် စိုက်ပျိုးရေးသမားတွေ ဒုက္ခ ရောက်ပါလိမ့်မယ်။ မြွေဟာ ဂေဟဗေဒ စနစ်အတွက် လိုအပ်နေလို့ပါ။ မြွေတွေ မရှိတော့ရင် ကြွက် တွေကစိတ်တိုင်းကျ သောင်းကျန်းလွန်းလို့ စားပင် သီးပင်တွေ ဆုံးရှုံး ပျက်စီးနိုင်ပါတယ်။ ဒီတော့ မြွေတွေဟာ လူတွေကို အကျိုးပြု နိုင်သော သတ္တ၀ါလို့ ဆိုနိုင်ပါတယ်။ 
                  စဉ်းစားမိတာ တစ်ခုတော့ရျိတယ်။ အလွန်လှပတဲ့ ဧဒင်ဥယျာဉ်ကြီးဟာ သူ့ကြောင့် ပျက်စီး ပျောက်ဆုံးသွားရတယ်လို့ မြွေခမျာ ခံယူထားတယ်။ ဒီတော့ သူ့ရဲ့ အပြစ်ကြွေး တွေကို ဆပ်ဖို့ တတ်စွမ်းသမျှ လူတွေကို ကူညီနေတာလား လို့ပါ။ သမ္မာကျမ်းစာထဲမှာတော့ ဘုရားသခင်ရဲ့ ဘုန်းတော် ထင်ရှားစေဖို့ မြွေဟာ ပါဝင် အစေခံခဲ့တယ် ဆိုတာ တွေ့ကြရမှာပါ။


                                                                                   ကိုပီတိ












No comments:

Post a Comment