ကမ္ဘာပေါ်မှာ သိပ်လှတဲ့ဥယျာဉ်ကြီး တစ်ခု ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ သိပ်လှတဲ့ ဥယျာဉ်ကြီးဟာ မြွေ တစ်ကောင်ကြောင့် ပျောက်ဆုံးသွား ရသတဲ့။ မြွေက တော်တော် အစွမ်းထက်ပါလား။ သူက အဖျက်သမား လား။ ပျက်ဆီးခြင်းရဲ့ သင်္ကေတလား။
မြွေသတ္တ၀ါကို ချစ်စရာလေးနော် လို့ လူတွေက ပြောလေ့မရှိ သလိုပါပဲ။ ကြောင်တစ်ကောင် ကိုတွေ့ရင် ထွေးပွေ့ချင်ပေမဲ့ မြွေတစ်ကောင်ကို တွေ့ရင် ရွံရွံသွားကြတယ်။ မြွှေမှာ လှပတဲ့ ဖြူ ၊ နီ၊ ၀ါ အရောင်စုံ စုံရှိသလို အကွက်ကလေး၊ အစင်းကျားလေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူ့ခမျာ လူတွေရဲ့ အချစ်တော်ဘ၀ကို တော့ မရောက်ခံရရှာဘူး။
သမ္မာကျမ်းစာရဲ့ ပထမဦးဆုံး ကမ္ဘာဦးကျမ်းကို ကြည့်လိုက်ရင် ဘုရားသခင်ရဲ့ ကမ္ဘာကိုဖန်ဆင်း တဲ့အကြောင်း၊ တိရိစ္ဆာန်တွေနဲ့ လူတွေကို ဖန်ဆင်းတဲ့အကြောင်း ပါပါတယ်။ လူနဲ့ အရင်ဦးဆုံး စကား ပြောတဲ့ သူက မြွေဖြစ်နေတာ အံ့သြစရာ ကောင်းနေတယ်။ စဉ်းစာမိတာ တစ်ခုကတော့ မြွေကို လူဆိုးအခန်းကပဲ သုံးလေ့ရှိသလား။ သမ္မာကျမ်းစာကို ရေးသားခဲ့တဲ့ ပုဂ္ဂိုလ်တွေက မကောင်းမှုတို့၊ စာတန် မာရ်နတ်ရဲ့ လှုပ်ရှားမှုတို့ကို ပြောချင်ရင် လူတွေနားလည်အောင် မြွေကို ထည့်သုံး နေတာလား။
ဧဒင်ဥယျာဉ်ကြီးထဲမှာ မြွေတစ်ကောင်ကတော့ အာဒံနဲ့ ဧ၀ဆိုတဲ့လူသား နှစ်ဦးကို အပြစ်လုပ် ဖို့သွေးဆောင်ခဲ့တယ်။ လူကိုဖန်ဆင်းတဲ့ ဘုရားသခင်က မထိနဲ့၊ မစားနဲ့ လို့ တားမြစ်ထားတဲ့အပင်က အသီးကို စားဖြစ်သွားအောင် လမ်းဖွင့်ပေးလိုက်သူက မြွေဖြစ်နေတယ်လေ။ စားလိုက်မိတဲ့အတွက် လူတွေဆီ သေခြင်းတရားက ၀င်လာတယ်။ အပြစ်ကိုလည်း သိလာတယ်။ ကြောက်ရွံ အား ငယ်ခြင်း တွေလည်းဖြစ်လာပြီး ဧဒင်ဥယျာဉ်ထဲက ထွက်ပြေးရတဲ့အထိ လှပပြည့်စုံမှုတွေ ဆိတ်သုန်း သွာခဲ့ရတယ်။
ကမ္ဘာပေါ်မှာ အလှပဆုံး ဧဒင်ဥယျာဉ်ကြီးကို ဖျက်ဆီးပစ်တဲ့ မြွေကိုမုန်းလိုက် မိတာအမှန်ပါ။ မုန်းလိုက်မိတာနဲ့ သူ့အကြောင်းကို ထပ်ထပ် စဉ်းစားမိနေတယ်။ မြွေကို ကမ္ဘာမြေပေါ် ရောက်လာအောင် ဘယ်သူက ပို့လိုက်တာလဲ။ ဘုရားသခင်က ဖန်ဆင်းသူဖြစ်လေတော့ မြွေကို ဘုရားသခင်ကပဲ ကမ္ဘာပေါ် ကို ပို့လိုက်တယ် ထင်ပါတယ်။ မြွေတွေက တွင်းအောင်းသတ္တ၀ါဖြစ်ပါတယ်။ သစ်ပင်ပေါ်မှလည်း နေကြ တယ်။ ရေထဲမှာလည်း နေနိုင်တယ်။ အလွန်အေးတဲ့ ဒေသတွေက လွဲရင် ကမ္ဘာမြေရဲ့ အခြားဒေ သ တွေမှာ မြွေကို တွေ့နိုင်ပါသတဲ့။
ကမ္ဘာမှာ ပန်ဒါဝက်ဝံလေးတွေ ရှားပါးလာလို့ ပြုစုပေး နေရတယ်လေ။ ရှားပါးလာနေတဲ့ သတ္တ၀ါ ထဲမှာ မြွေကတော့ ပါသေးပုံမရဘူး။ မြွေမျိုးစိတ်ပေါင်း (၂၀၀၀)ကျော် ကမ္ဘာအနှံမှာ နေထိုင် ကြ တယ်။ မြွေ တွေဟာ ရန်သူတို့ရဲ့ ရန်ကိုကာကွယ်ဖို့ အဆိပ်ရှိတဲ့ အစွယ်တွေရယ်၊ သန်မာတဲ့ ကြွက်သား တွေရယ် ပါးလွှာတဲ့ အာရုံခံစားမှုတွေ ရှိပါတယ်။ ၀မ်းဗိုက်ကြွက်သားတွေကို သုံးပြီး လျင်လျင် မြန်မြန် ရွေ့လျားနိုင်တယ်။ သစ်ပင်တက်နိုင်တယ်။ သဲမြေ၊ ကျောက်ဆောင်တွေ စတဲ့ နေရာမရွေး သွားနိုင်တယ်။ ရှေးကမ္ဘာဦးတုန်းက မြွေတွေမှာ ခြေထောက်တွေ ရှိခဲ့ဖူးသလားလို့ သုတေသီတွေ တွေးကြ ဖူးတယ်။ မြွေတွေရဲ့ ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကို သေသေချာချာ မလေ့လာနိုင် ကြ သေးပါ ဘူး။ ခြေထောက်တွေရှိခဲ့ဖူးရင် ဘာကြောင့် ပျောက်ကွယ်သွားရ ပါလိမ့် ဆိုတာ စဉ်းစားစရာပါ။
သမ္မာကျမ်းစာထဲမှာ မြွေတွေပါဝင် တဲ့အခန်းတွေ အတော်လေးရှိတာ တွေ့ရတယ်။ မြွေသည် ထာဝရအရှင် ဘုရားသခင် ဖန်ဆင်းတော်မူသော မြေတိရိစ္ဆာန် တကာတို့ထက် လိမ္မာ၍....... ဆိုပြီး ရေးသားတာလည်း ဖတ်ရတယ်။ မြွေကို လိမ္မာပါးနပ် တဲ့သတ္တာဝါလို့ သတ်မှတ်ထားတာ ထင်ရှား နေတယ်လေ။ ကျမ်းစာထဲမှာ မြွေကို နဂါးလို့လည်း ရေးသားဖော်ပြ ထားပါသေးတယ်။ စာတန်ရဲ့ ပုံသဏ္ဍာန်ကို ဖော်ပြလို့ရှိရင် နဂါး၊ မြွေဆိုး ဆိုပြီး ဖော်ပြတတ်တယ်။
ပါလက်စတိုင်း တိုင်းပြည်မှာ မြွေအမျိုးပေါင်း (၃၀)ကျော် ရှိပါတယ်။ အဲဒီအထဲမှာ (၆)မျိုး ကတော့ အင်မတန် အဆိပ်ပြင်းတယ်လို့ ဆိုပါတယ်။ ကျမ်းစာထဲမှာ မစားသင့်တဲ့ အစားအစာ စာရင်းထဲ ပါပါတယ်။ (၀တ်ပြုရာကျမ်း ၁၁)ကို ဖတ်ကြည့်ရင် တွေ့ရပါမယ်။ မသန့်ရှင်းတဲ့ သတ္တ၀ါမို့လို့ မစားကြနဲ့ လို့ မှာထားခြင်းဖြစ်တယ်။ ဒီနေ့ ခေတ်ကာလ နဲ့တော့ ပြောင်းပြန်ဖြစ်နေတယ်။ မြွေသားဟင်း ဆိုတာ ဈေးကြီး ကြီးပေးပြီး စားရတဲ့ ဟင်းတစ်ခွက် ဖြစ်နေလို့ပါ။
ကျွန်ဘ၀ကိုရောက်ပြီး ဒုက္ခခံစားနေရတဲ့ ဣသရေလလူမျိုးတွေ ကို မောရှေက အီဂျစ်ပြည် ကနေ ထုတ်ဆောင်ခဲ့ရတာ မှတ်မိကြမှာပါ။ အီဂျစ်ပြည်က အာဖရိကတိုက် မှာရှိပါတယ်။ အီဂျစ်ပြည် ကနေ ဝေးလံတဲ့ အာရှတိုက်ထဲက ခါနန်ပြည်ထဲကို ခရီးထွက်လာ ကြရတာ မလွယ်ပါဘူး။ သမ္မာကျမ်းစာ ထဲမှာ တောလည်ရာကျမ်း ဆိုတာ ပါပါတယ်။ တောထဲမှ လှည့်လည်သွားလာ နေရတဲ့ အချိန်ကာလက အကြာကြီးပဲ။ သဲကန္တာရ ထဲမှာ ဒုက္ခမျိုးစုံ တွေ့ကြုံရ၊ ပြဿ နာတွေ အမျိုးမျိုး ပေါ်နဲ့ အခက်အခဲတွေ ကြုံကြ ရပါတယ်။