“ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့်
လည်းကောင်း၊ ကိုယ်တော်အဖို့အလို့ငှာလည်းကောင်း၊ ဖြစ်ကြ၏”
ရောမ (၁၁း၃၆)ဒါဝိဒ်တစ်ယောက် နံနက်စောစောဥယျာဉ်ထဲလမ်းလျှောက်ရင်း ဘုရားသခင်ဖန်ဆင်းခြင်း
အလှမှာ ယစ်မူးနေပါတယ်။ တစ်နေရာအရောက်တော့ ပင့်ကူအိမ်တစ်ခုကိုတွေ့သွားတယ်။
“ ဘုရားသခင် ........
ဘာဖြစ်လို့ ဒီလောက်အရုပ်ဆိုး၊အကျည်းတန်လှတဲ့ ပင့်ကူအိမ်ကို ဖန်ဆင်းရတာလဲ လို့
ဘုရားသခင်ကို မေးခွန်းထုတ်လိုက်တယ်။
တစ်ခါတော့ ...........
ရှောလုမင်းက သူလူတွေကိုလွှတ်ပြီး ဒါဝိဒ်ကိုသတ်ဖို့ခိုင်းတဲ့အခါ ထွက်ပြေးရတော့တာပေါ့။
ဒါဝိဒ်က ထွက်ပြေးရင်းနဲ့ ကျောက်ဂူတစ်ခုထဲ ၀င်ပြေးပါတယ်။ ဂူအဆုံးမှာဒါဝဒ် ပိတ်မိနေပြီလေ။
ရှောလုမင်းရဲ့စစ်သားတွေ ဂူထဲဝင်လာကြတယ်။ ၀င်လာရင်းလမ်းခုလတ်မှာ ပိတ်နေတဲ့ပင့်ကူအိမ်ကို
တွေ့တော့ ဒါဝိဒ်မရှိဘူးအထင်နဲ့ နောက်တစ်နေရာမှာအမြန်ရှာဖို့ ထွက်သွားကြတော့တယ်။
ဒါဝိဒ်ဟာ အဲဒီအချိန်ကစပြီး ဘုရားသခင်ကို ဘယ်တော့မှ မေးခွန်းမထုတ်တော့ဘူးတဲ့။
..............................................
ယောဘ၀တ္ထုကို သမ္မာကျမ်းပညာရှင်တွေက အပြစ်မဲ့သူတွေ ဒုက္ခဆင်းရဲ၊ ဝေဒနာခံစား
နေရတာနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ထားတဲ့ကျမ်းလို့ ဆိုကြပါတယ်။
ယောဘက ဒီလိုဆိုခဲ့တယ်လေ ...........
“ ဓားမြလုပ်သော သူတို့၏နေရာသည် ကောင်းစားတတ်၏။ ဘုရားသခင်၏အာဏာတော်ကို
ဆန်သောသူတို့သည် လုံခြုံစွာနေ၍ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏”
ယောဘ (၁၂း၆)
အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလအချိန်တို့ကို သိုထားတော်မူသနည်း။ နားလည်
သောသူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကို အဘယ်ကြောင့်မမြင်ရသနည်း။ အချို့သောသူတို့
သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတစ်ပါး၏ သိုးဆိတ်တို့ကို လုယူ၍ ကိုယ့်အဖို့ထိန်းကျောင်း
ကြ၏။ မိဘမရှိသောသူငယ်၏ မြည်းကိုမောင်းသွား၍ မုဆိုးမ၏နွားကို အပေါင်ယူကြ၏။
ငတ်မွတ်သောသူတို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသော ပြည်သားတို့ကို စုဝေး၍ပုန်းရှောင်လျက်
နေကြ၏။ သူတို့သည် အလုပ်လုပ်ခြင်းငှာ နံနက်စောစောသွား၍ ကိုယ့်အဖို့နှင့် သားသမီးတို့အဖို့ကို
တော၌တွေ့ရကြ၏။ လယ်ကွင်း၌ကား ညှင်းဆဲသောသူတို့၏စပါးကို ရိတ်၍ သူ၏စပျစ်သီးကို
သိမ်းရကြ၏
ယောဘ၀တ္ထု (၂၄း၁-၆)
အပြစ်မဲ့သူတွေ ဆင်းရဲဒုက္ခရောက်ကြရပုံကို ယောဘကဖော်ပြ မေးမြန်းခဲ့တာတွေလေ။ သူရဲ့
အမေးကို ဘုရားသခင်ကလည်း ပြန်ဖြေခဲ့ပါတယ်။
မြေကြီးအမြစ်ကို ငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင်ဖော်ပြ
လော့။ မြေကြီးအတိုင်းအရှည် ပမာဏကို အဘယ်သူစီရင်သနည်း။ နားလည်လျှင်ပြောလော့။
မျဉ်းကြိုးကို အဘယ်သူတန်း၍ ချသနည်း။ မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း။
ယောဘ (၃၈း၎-၆)
ဘုရားသခင်၏ အလိုတော်၊ အကြံအစည်တော်၊ ဥာဏ်တော်၊ တန်ခိုးတော်တို့ကို ယောဘ
နားမလည်နိုင်၊ မသိနိုင်၊ မဖော်ပြနိုင်တော့ပါဘူး။
“ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကိုလည်းကောင်း၊ အကြံအစည်တော်
တို့ကို အဘယ်သူမျှမဆီးတားနိုင်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်
တော်ကို မိုက်စေသောသူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာ
တို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ၊ အံ့သြ၍မကုန်သောအရာတို့ကိုလည်းကောင်း ပြောမိပါပြီ”
ယောဘ (၄၂း၂-၃)
..............................................
ယောဘကစုံလင်ဖြောင့်မတ်သူ၊ ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသော
အကျင့်ကို ရှောင်သောသူတစ်ယောက်ပါ။ ဒါကိုဘုရားသခင်ကသိပြီး ကျေနပ်နေတာပေါ့။
စာတန်ကတော့ယောဘဒီလိုဘုရားသခင်ကို ချစ်နေတာကောင်းချီးမင်္ဂလာတွေကို
ခံစားနေရလို့သာဖြစ်တယ်တဲ့။
“စာတန်ကလည်း ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကိုပြုသလော” (၁း၉)
ဒါကြောင့်ယောဘရဲ့ပစ္စည်းဥစ္စာတွေ အရိုးအသားတွေကို ထိခိုက်တော်မူလျှင် သူသည်
မျက်မှောက်တော်၌ ကိုယ်တော့်ကိုစွန့်ပယ်ပါလိမ့်မည်” လို့ဆိုလိုက်တာပေါ့။
ဘုရားသခင်ကို ယောဘကိုစုံစမ်းဖို့ စာတန်ကိုခွင့်ပြုလိုက်ပါတယ်။
ယောဘက စုံစမ်းခြင်းတွေကြုံတွေ့ရတဲ့အခါ ဘုရားသခင်ကိုမေးခွန်းထုတ်ခဲ့ပေမဲ့ ယုံကြည်
ခြင်းတော့ မပျက်ခဲ့ပါဘူး။ ဘုရားသခင်ကိုမစွန့်ပစ်ပါဘူး။ ဒါကြောင့်နောက်ဆုံးမှာ ကောင်းချီးနှစ်ဆ
ကိုခံစားခဲ့ရပါတယ်။
တမန်တော်ကြီးရှင်ပေါလုကတော့ ဒုက္ခဆင်းရဲတွေ တွေ့ကြုံရပေမယ့် ဘုရားသခင်ကိုမေးခွန်း
မထုတ်ဘဲ ဘုရားသခင်၏ ဥာဏ်တော်၊ ဂုဏ်တော်၊ ကျေးဇူးတော်ကိုသာ ချီးမွမ်းလိုက်ပါတယ်။
ဘုရားသခင်၏ပညာနှင့်ဥာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်
တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွလာတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမိနိုင်။
ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့်အဘယ်သူသည် တိုင်ပင်ဖက်
ပြုသနည်း။ ကျေးဇူးဆပ်တော်မူရမည်အကြောင်း ထာဝရဘုရား၌အဘယ်သူသည် ကျေးဇူးပြုဖူးသနည်း။
ခပ်သိမ်းသောအရာတို့သည် ကိုယ်တော်အထဲကလည်းကောင်း၊ ကိုယ်တော်အားဖြင့်လည်း
ကောင်း၊ ကိုယ်တော်အဖို့အလို့ငှာလည်းကောင်း ဖြစ်ကြ၏။ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေ
သတည်း။ အာမင်။ ရောမ (၁၁း၃၃-၃၆)
(ရိုးရာထူး)
No comments:
Post a Comment