“အိမ်သို့ဝင်လေသော်မယ်တော်မာရိနှင့်တကွ၊ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်၍
မိမိတို့၏ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လော်ဗန်နှင့်မုရန်ဟူသော နံ့သာမျိုးကိုလည်းကောင်း၊
ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏” မဿဲ (၂း၁၁)
ကျွန်ုပ်တို့သည် မိမိချစ်ခင်နှ စ်သက်၍ အကျွမ်းတ၀င်ချစ်ခင်ရင်းနှီးသော မိတ်ဆွေများကို လက်ဆောင်ပေးလိုကြသည်။ လက်ဆောင်ပေးခြင်းသည် လူမှုအသိုင်းအ၀ိုင်းတွင် အရေးပါသော
ဆက်သွယ်မှုတစ်ခု တစ်ခုပင်ဖြစ်သည်။ ရှေးအခါက ရှင်ဘုရင်များတို့သည် လက်ဆောင်ပဏ္ဏာများ
အပြန်အလှန်ပေးခြင်းဖြင့် တိုင်းနိုင်ငံများ၏ ဆက်ဆံရေးကိုခိုင်ခံ့စေကြသည်။
ထာဝရဘုရားသခင်သည် အာဒံနှင့်ဧ၀တို့၏အပြစ်ကြောင့် ပြိုကွဲနေသောလူနှင့်ဘုရားကြား
ဆက်သွယ်မှုကို ပြန်လည်တည်ဆောက်ရန် အပြစ်သားများကိုကယ်တင်ရန် အတွက် မိမိ၏တစ်ပါးတည်း
သောသားတော် ယေရှုခရစ်ကို လက်ဆောင်အသွင်ပေးကာ ကမ္ဘာလောကကြီးထဲသို့ စေလွှတ်ခဲ့သည်။
(ယော ၃း၁၆)။ ဤအချက်သည် ဘုရားသခင်၏လူသားများအပေါ်တွင် ထားရှိသောမဟာမေတ္တာပင်
ဖြစ်သည်။ လောကအပြစ်သားများကိုကယ်တင်ရန် လူဇာတိခံကိုခံယူ၍ မွေးဖွားခဲ့သော သူငယ်တော်
ယေရှုခရစ်တော်အား ပညာရှိသုံးပါး (The three wisemen ) မှ မိမိတို့၌ရှိသော ရွှေ၊ လောဗန်၊ မုရန်
တည်းဟူသော နံ့သာမျိုးတို့ကို လက်ဆောင်အဖြစ်ပေးလှူခဲ့ကြပါသည်။
၁။ ရွှေ
ရွှေသည်လူသားတိုင်းအတွက် အလွန်တန်ဖိုးရှိသော ရတနာတစ်မျိုးပင်ဖြစ်သည်။ တန်ဖိုး
ကြီးသောရွှေကို ပညာရှိသုံးပါးအနက် “Melchior“ အမည်ရှိသော ပညာရှိကြီးက သူငယ်တော်ယေရှု
အားပေးလှူခဲ့ပါသည်။ “ William Barclay“ ၏ဖော်ပြချက်အရ ရွှေကိုပေးရခြင်း၏ပုံဆောင်ချက်မှာ
သခင်ယေရှုသည်လောက၏ ဘုရင်အဖြစ်မွေးဖွားလာခြင်း (The man born to be King) ဖြစ်သည်။
ထိုအရှင်သည် ကမ္ဘာပေါ်ရှိ ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင် (King of kings, Lord
of lords) ဖြစ်သည်။
အင်္ဂလန်ဘုရင်မကြီး အဲလီဇဘက်သည် အသင်းတော်တစ်ပါး၏ ၀တ်ပြုကိုးကွယ်ခြင်း
အစီအစဉ်တစ်ခုတွင် ပါဝင်ခဲ့စဉ် အသင်းတော် (Church Choir) မှ ချီးမွမ်းသီဆိုသော “ Halelujah
Chorus“ ၏ “ King of kings, Lord of lords ” အရောက်တွင် ချက်ချင်းမတ်တပ်ရပ်ကာ ဂုဏ်တော်
ချီးမွမ်းခြင်းပြီးမှ ပြန်ထိုင်ခဲ့သည်။ ဘုရင်မကြီး မတ်တပ်ရပ်သည့်အချိန်မှ ပြန်ထိုင်သည့်အချိန်ထိ
ဝတ်ပြုသူများလည်းထိုနည်းအတိုင်း အံ့သြစွာလိုက်လုပ်ခဲ့ကြသည်။ ဤလုပ်ဆောင်ချက်နှင့်ပတ်သက်
၍ဘုရင်မကြီးပြန်လည်ပြောကြားချက်မှာ “ ကျွန်မ အဲလီဇဘက်ဟာ အင်္ဂလန်နိုင်ငံရဲ့ဘုရင်ပဲဖြစ်ပါတယ်။
ဒါပေမယ့် ယေရှုခရစ်တော်ဟာ တစ်ကမ္ဘာလုံးရဲ့ဘုရင် သခင်တကာတို့၏သခင်ဖြစ်တယ်.....
ကြီးမြတ်တော်မူတဲ့အရှင်ကို အခုလိုအရိုအသေပြုခြင်း ဖြစ်တယ်ဟုဆိုခဲ့ပါတယ်။” ထိုကြောင့် ယနေ့
ကာလတွင်ပင် Halelujah Chorus ကိုသီဆိုတိုင်း ပရိသတ်အားလုံးမတ်တပ်ရပ်ခြင်းဖြင့် သခင်ယေရှု
၏ကြီးမြတ်ခြင်းကို အရိုအသေပြုလျှက်ရှိနေပါသည်။
ခရစ်တော်သည် တစ်ကမ္ဘာလုံး၏ဘုရင်ဖြစ်သော်လည်း သူ၏အုပ်စိုးမှုသည် လူသားများအုပ်စိုး
သကဲ့သို့ အာဏာရှင်ဆန်သောပုံစံမျိုးမဟုတ်ဘဲ မေတ္တာတရားဖြင့်အုပ်စိုးခြင်း ဖြစ်သည်။ ထိုကြောင့်
ရွှေတည်းဟူသော လောက၏ဘုရင်သည် ကျွန်ုပ်တို့လူသားအတွက် မရှိမဖြစ်လိုအပ်သောအရှင်ဖြစ်
သည်။
ရွှေရှိမှအမျိုးတော်ချင်ကြသော ဤကမ္ဘာကြီးတွင် ကျွန်ုပ်တို့နေထိုင်နေရပါသည်။ ကျွန်ုပ်
တို့တွင် ရွှေငွေ၊ ဘဏ္ဍာ ချွတ်ချုံကျသော်လည်း ရွှေငွေနှင့် ဘဏ္ဍာကိုပိုင်သော ဘုရင်တကာတို့၏
ဘုရင်ကိုပိုင်ဆိုင်ရပေမည်။ ဥပမာ မြေနှင့်လုပ်သောမြေအိုးသည် တန်ဖိုးနည်းပါးသော်လည်း ယင်းထဲ
သို့ ရွှေထည့်လိုက်ပါက ရွှေအိုး၊ ငွေထည့်လိုက်ပါက ငွေအိုး၊ ရေထည့်လိုက်ပါက ရေအိုး စသည်ဖြင့်
အထဲရှိပစ္စည်းအားဖြင့် ပြောင်းလဲကာတန်ဖိုးကွာခြားမှုရှိပါသည်။
မြေမှုန့်ဖြင့် ဖန်ဆင်းထားသောကျွန်ုပ်တို့သည် အချည်းနှီးအနတ္တသက်သက်ဖြစ်သော်လည်း
ရွှေတည်းဟူသောဘုရင်တကာတို့၏ဘုရင်နှင့်၊ သခင်တကာတို့၏သခင်ကို ကျွန်ုပ်တို့၏နှလုံးသာထဲတွင်
အုပ်စိုးခွင့်ပြုပါက ကျွန်ုပ်တို့သည်တန်ဖိုးကြီးမား၍ သစ်လွင်သောအသက်တာဖြင့် လူရှေ့ဘုရားရှေ့
၌မျက်နှာရသော သခင်ယေရှု၏သားသမီးများ ဖြစ်လာပေမည်။
၂။ လောဗန်
လောဗန်တည်းဟူသော နံ့သာမျိုးကို ပညာရှိကြီး “Caspar” မှ သူငယ်တော်ယေရှုအား
ပေးလှူခဲ့သည်။ လောဗန်ကို ယဇ်ပရောဟိတ်မှ ဗိမ္မာန်တော်ထဲ၌ ၀တ်ပြုကိုးကွယ်ခြင်း၊ အပြစ်ဖြေခြင်း
များလုပ်ဆောင်ရာတွင် အသုံးပြုပါသည်။ ယဇ်ပရောဟိတ်၏အဓိက လုပ်ဆောင်ချက်မှာ အပြစ်ရှိသော
လူသားများကို အပြစ်ခွင့်လွှတ်ခြင်းရရှိရန် ဘုရားသခင်နှင့်ဆက်သွယ်ပေးခြင်းပင်ဖြစ်သည်။ Priest
ဆိုတဲ့စကားလုံးသည် လက်တင်စကားလုံး Pontifex မှဖြစ်ပြီး အဓိပ္ပါယ်မှာ ပေါင်းကူးတံတားဆောက်
ပေးသူ (A bridge-builder) ဖြစ်သည်။
(တောလည်ရာ ၁၆း၄၁-၄၈) ကိုလေ့လာသောအခါ ဣသရေလအမျိုးသားများသည် မောရှေ
နှင့်အာရုန်ကို အပြစ်တင်၍မြည်တမ်းကြသောအခါ ထာဝရဘုရားသည် ပရိသတ်အပေါင်းတို့အား
ဖျက်ဆီးရန် မောရှေအားမိန့်တော်မူခဲ့ပါသည်။ မောရှေသည် ထိုပရိသတ်တို့ကို ကရုဏာစိတ်ရှိသော
ကြောင့် ဘုရားသခင်၏အမျက်တော်ဘေးဥပဒ်မှ လွတ်မြောက်စေရန် အာရုန်အား လင်ဗန်းယဇ်ပလ္လင်
ပေါ်မှ မီးနှင့်လောဗန်ကို ထည့်စေပြီး အပြစ်ဖြေခြင်းအမှုကိုပြုစေသည်။ ပရိသတ်အပေါင်းတို့သည်
ဘုရားသခင်၏အမျက်တော်ဘေးမှ လွတ်မြောက်ကြသည်ကို တွေ့ရှိရသည်။
ထိုကဲ့သို့ပင် ခရစ်တော်သည် လူသားတို့အပေါ်ကျရောက်မည့် ကျိန်ခြင်းအမင်္ဂလာအပေါင်း
တို့မှ လွတ်မြောက်စေရန်အတွက် သူ၏အသက်ကိုစတေးခြင်းအားဖြင့် အပြစ်ဖြေခြင်းအမှုကိုလက်ဝါး
ကားတိုင်ပေါ်၌ လုပ်ဆောင်ပေးရန်မွေးဖွားခဲ့ခြင်းပင်ဖြစ်သည်။ ထိုကြောင့်ခရစ်တော်သည် လူသားများ
အတွက် ဘုရားသခင်ထံတော်ပါးသို့ဝင်ရောက်ခစားနိုင်မည့် ပေါင်းကူးတံတားကိုတည်ဆောက်ပေးသော
လမ်းခရီး၊ သမ္မာတရားနှင့် အသက်တို့ကိုပေးနိုင်သော ကယ်တင်ရှင်ဖြစ်ကြောင်းနားလည်ရပါသည်။
(ယောဟန် ၁၄း၆)။ ထိုကြောင့် ကျွန်ုပ်တို့ ယုံကြည်သူများသည်လည်း ကယ်တင်ရှင်ခရစ်တော်ဘုရားကို
မသိ မယုံကြည်သေးသောသူများကို ဧ၀ံဂေလိသတင်းကောင်း ဟောပြောခြင်းအားဖြင့် အသွင်ပြောင်း
လဲစေကာ ယေရှုခရစ်ထံတော်ပါးသို့ ပို့ဆောင်ပေးသော ယုံကြည်သူများဖြစ်ရမည်။
၃။ မုရန်
ပညာရှိသုံးပါးအနက် “Balthasar” သည် သူ၌ပါလာသည့် လက်ဆောင်မွန်မုရန်ကို သူငယ်
တော်ယေရှုအား ပေးခဲ့ပါသည်။ မုရန်သည်သန့်ရှင်းခြင်း ၊မွှေးကြိုင်ခြင်း၊ ဆက်ကပ်ခြင်း နှင့်ကိုယ်စား
အသေခံခြင်းဟူ၍ အဓိပ္ပါယ်ရပါသည်။ အထူးသဖြင့် ဂျူးလူမျိုးတို့သည် မုရန်ကိုလူသေအလောင်း
များ အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ရန်အသုံးပြုသော မွှေးကြိုင်သည် နံ့သာတစ်မျိုးဖြစ်သည်။ မကောင်း
မှုဒုစရိုက်နှင့်ပြည့်နေသောကမ္ဘာကြီးတွင် အပြစ်အမျိုးမျိုးဖြင့် နံ့စော်နေသောလူသားများကို ကယ်တင်
ရန် သန့်ရှင်းစင်ကြယ်သောအသက်တာကိုပိုင်ဆိုင်ရန် ထာဝရဘုရားသခ င်သည် ကယ်တင်ရှင်ယေရှု
ခရစ်အားဖြင့် အသွင်ပြောင်းလဲပေးခဲ့ပါသည်။
ပထမအာဒံမနာခံမှုကြောင့် လူသားတစ်ရပ်လုံးအပြစ်ဒုက္ခ ၀ဲကယက်ထဲ ရောက်ရှိခဲ့သောလည်း
ဒုတိယအာဒံတည်းဟူသော ယေရှုခရစ်တော်၏ကိုယ်စားအသေခံခြင်းအားဖြင့် အပြစ်တရားမှလွတ်ငြိမ်း
ချမ်းသာခွင့်ကို လူသားအပေါင်းတို့ရရှိခဲ့ကြသည်။ သခင်ခရစ်တော်သည် သန့်ရှင်း၍မွှေးကြိုင်သော
အသက်တာဖြင့် အသက်တော်ကုန်ဆုံးသည့်တိုင်အောင် လူသားများအတွက်လုပ်ဆောင်ပေးခဲ့သည်။
ဖယောင်းတိုင်သည် သူ့ဘ၀ကုန်ဆုံးသည့်တိုင်အောင် လူသားများအတွက်အကျိုးရှိသော
အလင်းကို ပေးသည့်နည်းတူ ကျွန်ုပ်တို့ဘုရားသားသမီးများသည်လည်း ဆက်ကပ်မှု (Commitment)
အပြည့်နှင့် သေသည့်တိုင်အောင် သစ္စာစောင့်ကာ လုပ်ဆောင်ရပေမည်။ (ဗျာဒိတ် ၂း၁၀)
ပေါင်းလမ်းတွောင် (PLT,MIT)
No comments:
Post a Comment