Tuesday, June 2, 2015

ခရစ်တော်သင်ကြားသော ဆုတောင်းချက်

            ကဲ.... ဘာသိချင်ကြသေးသနည်း။ သိချင်သူများလက်ထောင် ဟုပြောလျှင် ကလေးများ လက်ထောင်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကလေးများသည် အစစအရာရာ သိချင်ကြသူသည် မဟုတ်ပါလား။ ဆယ်ကျော်သက်တွေကလည်း မည့်သည့်အချိန်တွင် ကားမောင်းခွင့်ရမည်နည်း စသည်ဖြင့် သိချင်သည်များ ရှိသကဲ့သို့ အရွယ်ရောက်သောသူများနှင့် အသက်ကြီးသူများက စာစောင်များတွင် အဖြေရှာ ကြသည်။ ဥပမာ- ဝနေသည်ကို ပိန်အောင် မည်ကဲ့သို့လုပ်ရမည်ကို သိလိုကြသည်။
              ခရစ်တော်၏ နောက်လိုက်တပည့်တော်များ သိလိုစိတ်က သူတို့၏စိတ်တွင် ဆာလောင် ငတ်မွတ် နေသည့်အရာ တစ်ခုဖြစ်သည့် မည်ကဲ့သို့ဆုတောင်းရမည်နည်း ဟူသောအချက်ဖြစ် သည်။ သခင်ခရစ်တော်က ဆုတောင်းရန် တပည့်တော်များကို သင်ကြားသည့် ပဌာနာတော်သည် တန်ဖိုးမဖြတ်နိုင်သော ရတနာနှင့်တူသော ဆုတောင်းချက်ဖြစ်သည်။
               ခရစ်တော်၏ ပဌနာတော်ဟု ထိုအချိန်မှစ၍ သိကြသည့်ဆုတောင်းချက်အား ယနေ့တိုင်အောင် သန်းပေါင်းများစွာသော ယုံကြည်သူများတို့သည် ဦးထိတ်ထားရွတ်ဆိုကြသည်။ လူတိုင်းအလွတ်ရကြသည်။ ထိုသို့ ဆုတောင်းချက်တိုတိုလေးကို ကလေးများပင်အလွတ် ဆိုနိုင်သည်။ ခရစ်တော်၏ ပဌနာသည် အလွန်ပင် နက်ရှိုင်းပါသည်။ ဤနက်ရှိုင်းမှုအတိုင်းအတာ မည်မျှရှိသည်ကို မည်သူမျှ မတိုင်းတာနိုင်ပါ။ ဆုတောင်းချက်များကို တစ်ချက်ချင်း ဆင်ခြင် နှလုံးသွင်းကြပါစို့။
           


ကောင်းကင်ဘုံ၌ရှိတော်မူသော
             ကျွန်ုပ်တို့နေထိုင်သည့် ကမ္ဘာကြီးသည် ဘုရားသခင်ဖန်ဆင်းသော သူ၏လက်ယာဖြစ်သည်။ သို့သော် သူ၏နေအိမ် မဟုတ်ပါ။ သူ၏နိုင်ငံသည် ကမ္ဘာပေါ်တွင် မတည်ထောင်ရသေးပါ။ အဘယ်ကြောင့် ဆိုသော် လူသားများသည် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်သော သူများမဟုတ်သေးပါ။ ထိုကြောင့် ခရစ်တော်အနေဖြင့် လူတိုင်း လက်ခံသဘောပေါက်သည့် ဘုရားသခင်သည် အမြင့်ဆုံးသော ကောင်းကင်ဘုံတွင် နေထိုင်သည်ဖြစ်၍ ထိုနေရာကို မျှော်ကြည့်ပြီး ဆုတောင်းချက်ကို အစပျိုးပါသည်။

ကျွန်ုပ်တို့အဖ
            သခင်ခရစ်တော်သည် တပည့်တော်များကို လူသားများအားလုံးသည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြသည့်အကြောင်းကို သိစေလိုပါသည်။ အချို့က ပြောချင်ပြောမည်။ ဘုရားသခင်ကို ခရစ်တော်တစ်ပါးတည်းကသာ ဖခင်ခေါ်ထိုက်သည် မဟုတ်ပါလား။ မဟုတ်ပါ။ ကမ္ဘာပေါ်ရှိ တိုင်းနိုင်ငံ အားလုံး အသားအရောင် မခွဲခြားသော ကမ္ဘာသူကမ္ဘာသားများ အားလုံး၏ ဖခင် ဖြစ်သည်။ ဤဆုတောင်း ချက်သည် အားလုံးနှင့် ဆိုင်သောဆုတောင်းချက် ဖြစ်သည်။ အတားအဆီးမရှိသော ဆုတောင်း ချက် ဖြစ်သည်။  ဤပဌာနကို ရွတ်ဆိုသည့်အခါ လူသားအားလုံးသည် ညီအစ်ကိုများ ဖြစ်သည်ကို သိရှိရမည်။ ပျောက်သောသားသည် ဖခင်ထံပြန်လာသည့် နည်းတူ ဤဆုတောင်းပဌနာကို မိမိသည် အပြစ် သားတစ်ယောက်အနေဖြင့် နောင်တရသောစိတ်ဖြင့် ဒူးထောက်လျက် ဆုတောင်းဖို့ လိုအပ်သည်။

ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။
               နာမတော်ဆိုသည်မှာ “ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်” ဟု ပညတ်သော ကမ္ဘာမိုးမြေကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ နာမတော်ကို ဆိုလိုခြင်းဖြစ်သည်။ နာမတော်ကို မုသာနှင့်ဆိုင်သော ကျိန်ဆိုခြင်း မပြုရဟု တားမြစ်သော နာမတော်လည်း ဖြစ်သည်။ ထာဝရဘုရားသခင် သည် လူသားတိုင်း၏ အဖမှန်သော်လည်း ဝိညာဉ်၏ အဖဖြစ်သောကြောင့် ရိုသေလေးမြတ်ခြင်း ရှိရပါမည်။ လူသားများကို မိမိပုံသဏ္ဍန်နှင့် ဖန်ဆင်းသည်မှန်၏။ သို့သော် ကျေးဇူးတော်ကြောင့်သာလျှင် အဖဟု ခေါ်ဆိုရသော အခွင့်ရှိ၏။ ထိုဘုရားသခင်သည် တန်ဖိုးတော်အလုံးစုံနှင့် ပြည်စုံတော်မူသော (Omnipotent)၊ ဘုရားသခင်သည် နေရာတိုင်းတွင်ရှိသော (Omnipresent) ဘုရားသခင်ဖြစ်သည်။ လူများကို စီရင်ပိုင်ခွင့်ရှိသော ဘုရားသခင်သည် အမြင့်ဆုံးသော ပလ္လင်ပေါ်တွင် ထိုင်နေတော်မူ၍ နာမတော်ကို အစဉ်မပြတ် ရိုသေလေးမြတ်ရမည်။

နိုင်ငံတော် တည်ထောင် ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ ၌ ပြည့်စုံ သကဲ့ သို့ မြေကြီးပေါ်၌  ပြည်စုံပါစေသော။
             မိမိကိုယ်ကို ပြန်လည် ဆန်းစစ်ပါ။ အမှန်အတိုင်း စိတ်ပါလက်ပါ ဆုတောင်းပါရဲ့လား။ အပြောနှင့် အလုပ် တခြားစီဖြစ်နေပါသလား။ မည်သူမျှ တခြားသူ၏ သြဇာလွှမ်းမိုးမှုကို မခံလိုပါ။ ဘုရားသခင် အပါအဝင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏အလိုတော်ထက် မိမိ၏အလိုကို ဦးထိပ်ထားကြသည်။ နိုင်ငံတော်တည်ထောင်လျှင် မိမိလုပ်ချင်တာ လုပ်၍ မရတော့ပါ။ ထိုကြောင့် ကျွန်ုပ်တို့ အမှန်အတိုင်းရွတ်ဆိုနေသည်မှာ “နိုင်ငံတော် မတည်ပါသေးနှင့်။ ငါ့အလိုတိုင်းသာ ဖြစ်ရမည်။” ဟု ရွတ်ဆို နေသကဲ့သို့ ဖြစ်နေပါသည်။ ကျွန်ုပ်တို့ ယုံကြည်သော ကယ်တင်ရှင်သခင်ယေရှုကမူ “သို့သော်လည်း အကျွန်ုပ်၏ အလိုအတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေ။” ဟု ဆုတောင်းသည့်အတိုင်း ဘုရားသခင်၏ နိုင်ငံတော်တည်ထောင်ရန်နှင့် အလိုတော်နဲ့အညီ အသက်ရှင်သူ ဖြစ်ဖို့ နှလုံးသွင်းပြီးမှ ဆုတောင်းဖို့လိုအပ်သည်။

နေ့စဉ်လိုအပ်သောအစာကို ယနေ့ပေးသနားတော်မူပါ။
              ကျွန်ုပ်တို့သည် ကလေးမဟုတ်ပါ။ အစာအတွက် လုပ်ကိုင်စားသောက် နေကြရသည်။ လစာလည်းရ နေကြသည်။ လိုအပ်သည်ထက် ပိုချင်ပိုနေဦးမည်။ ဟုတ်ပါသည်။ အချို့ ပစ္စည်းဥစ္စာ များ ပေါများလွန်း၍ အိမ်ကြီးများ၊ ကားများ၊ ရွှေငွေနှင့် ဘဏ်များတွင် ငွေစုထားသောကြောင့် ဘုရားသခင်ကို မေ့နေသူလည်း ရှိပါသည်။ ကျွန်ုပ်တို့ အနေဖြင့် ဤအတွေးအခေါ် မဝင်လာစေပါနှင့် အဘယ်ကြောင့်ဆိုသော် ပစ္စည်းဥစ္စာသည် ဘုရားသခင်ထံမှ လာသောအရာအားလုံး ဖြစ်၍ ဘုရားသခင်နှင့် သာသက်ဆိုင်သည်ကို သဘောပေါက်ဖို့ရန် လိုပါသည်။ ကျွန်ုပ်တို့သည် ဘဏ္ဍာထိန်းများသာ ဖြစ်သည်။ ဤအရာများအားလုံးကို လောကတွင် ထားခဲ့ရမည်ပင်။ နေ့စဉ်စားသောအစာထက် ဝိညာဉ်အစာက ပိုအရေးကြီးသည်။ ဘုရားသခင်၏ ရှေ့တော်မှောက်တွင် ဒူထောက်ပြီး မိမိအလှည့်ကို စောင့်မျှော်ပြီး ရရှိမည့် အသက်မုန့်ထက် ဘယ်လောကအရာကမှ အဖိုးမတန်ပါ။

သူတစ်ပါး၏ အပြစ်များကို ကျွန်ုပ်တို့သည် လွှတ်တော်မူသကဲ့သို့ ကျွန်ုပ်တို့အပြစ်များကို လွှတ်တော်မူပါ။
             ထိုအပြစ်ကို ကျမ်းစာက (Trespasses) ကျူးကျော်ခြင်း၊ (our debt) ကျွန်ုပ်တို့၏အကြွေးဟု ဖော်ပြ ထားပါသည်။ အဓိပ္ပာယ် အတူတူပင်ဖြစ်သည်။ မိမိတို့ အပြစ်ရှိသည်ကို ဝန်ခံခြင်း ဖြစ်ပါသည်။ မွန်မြတ်သော စိတ်သဘောကို ဖော်ပြခြင်းလည်းဖြစ်သည်။ ကျွန်ုပ်တို့ မလုပ်သင့် သည်ကို လုပ်မိသဖြင့် နောင်တရခြင်းဖြစ်သည်။ ထိုအပြစ်ကို လွှတ်ဖို့ရန် ဘုရားသခင် သာလျှင် လွှတ်ပိုင်ခွင့် ရှိပါသည်။ ထိုကြောင့် ဘုရားသခင်ထံသို့ သွားရမည်။ ပြီးလျှင် ကိုယ်ကလည်း သူတစ်ပါး၏ အပြစ်ကို အမှန်လွှတ်ပြီလား။ ခွင့်လွှတ်ခြင်း၏ အဖိုးအခသည် ကြီးမားလှပါ၏။ မည်မျှကြီးမားသည်ကို ဖော်ပြရသော် ခရစ်တော်သည် ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်ဖို့ အသွေးတော်ကို သွန်းလောင်းသည် မဟုတ်ပါလော။ အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့် နည်းလမ်းတစ်လမ်း သာရှိပြီး ထိုနည်းလမ်းကား မိမိ၏အပြစ်ကို ဝန်ခံဖို့ဖြစ်သည်။

အပြစ်သွေးဆောင်ရသို့ မလိုက်ပါစေဘဲ မကောင်းသော အမှုအရာမှ ကယ်နှုတ်တော်မူပါ။

             အသက်တာတွင် အရေးကြီးဆုံးသော ဆုတောင်းချက် ဖြစ်သည်။ အပြစ်သွေးဆောင်သူများသည် စာတန်ဖြစ်သည်။ စာတန်သည် တန်ခိုးကြီးသည်။ လူများကို ခြင်္သေ့သည် သားကောင်ကဲ့သို့ ဝါးမျို ရန် ချောင်းမြောင်းနေသကဲ့သို့ စာတန်သည် လူသားတို့၏ အားနည်းချက်ကို အစဉ် သွေးဆောင်နေ သူ ဖြစ်သည်။ လူသားတို့၏ အားနည်းချက်ကို သိသောသူဖြစ်သည်။ ထိုရန်သူကို ဘုရားသခင်ထံတော်ပါးမှ ရရှိသော ယုံကြည်ခြင်း၊ လက်နက်စု့ဖြင့်သာ ခုခံအောင်မြင် နိုင်မည်။ ကျွန်ုပ်တို့၏ အစွမ်းဖြင့် မတိုက်နိုင်ပါ။ ထိုကြောင့် အထက်ပါ ဆုတောင်းချက်ကို “စုံစမ်းခြင်း၏ နောက်သို့ မလိုက်မိစေဖို့ ရန် ခွန်အားပေးတော်မူပါ” ဟု မဆိုသင့် ပေးဘူးလား။ အခက်အခဲများနှင့် ရင်ဆိုင်နေရပါလေစေ စိတ်မပျက်နှင့်။ ခရစ်တော်၏ လက်ဝါးကပ်တိုင်သည် သင့်အနားမှာ ရှိပါသည်။ ခရစ်တော်၏ လက်ဝါးကပ်တိုင်အားဖြင့် စာတန် ကို အောင်နိုင်လိမ့်မည်။ အမှောင်ထဲတွင် လျှောက်လှမ်းရသောအခါ သချိုင်းဝတွင် လိမ့်သွားသော ကျောက် တံုး ကို မြင်ရပါမည်။ သေခြင်းရှိသော်ငြားလည်း ရှင်ပြန်ထမြောက်ခြင်း လည်း ရှိသည်။ ညအမှောင်ထုထဲမှ အံ့သြဖွယ်ရာ နံနက်အလင်းသည် လင်းလိမ့်မည်။

စိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်တော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိပါ၏။ အာမင်

            ဘုရားသခင်သာလျှင် ဘုန်းတန်ခိုး အာနုဘော်နှင့် ပြည့်စုံပြီး စကြဝဠာတစ်ခုလုံးကို အုပ်စိုးခွင့် ရှိကြောင်းကို သခင်ခရစ်တော်က တပည့်တော်များကို သိရှိစေလိုသည်။ အရာခပ်သိမ်းသည် ဘုရားသခင် ဖန်ဆင်းတော်မူ၍ ဘုရားသခင်နှင့်သာ ဆိုင်သည်။ နောက်ဆုံးသောနေ့တွင် ကမ္ဘာကြီးကို ဘုရားသခင် ကြွလာအုပ်စိုးလိမ့်မည်။ ဘုရားသခင်သည် ကြေကွဲသောစိတ်ဖြင့် သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံစေပြီး ယုံကြည်သူများကို အပြစ်မှ ဝယ်ယူခဲ့ပြီး ဖြစ်သည်။ ဘုရားသခင် ကြွလာအုပ်စိုးခြင်း မတိုင်မီ လူသားများသည် အမှောင်ထဲတွင် နေရသကဲ့သို့ ခံစားရမည်။ သို့သော် ယုံကြည်ခြင်းသည် ထိုအမှောင်ထု ကို ဖြိုခွင်းလိမ့်မည်။ 
              ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အပြည့်အဝ ခံစားရသော အချိန်တွင် ယုံမှားသံသယ ဆိုသည်မှာ လူသားများ၏ နှလုံးထဲတွင် နေရာမရှိပါ။ လူတိုင်းသည် ခရစ်တော်၏ ပဌနာ အားဖြင့် နောက် ဆုံးသော နေ့ရက်တွင် ကောင်းကင်နှင့်မြေကြီး၊ ဘုရားသခင်နှင့် လူသားတို့သည် ထာဝရ သင့်မြတ်မည်ကို တွေ့ရှိကြလိမ့်မည်။


                                                         ဖူးသဒါး (ကိုင်းပြင်ကြီး)

(၁၉၆၄ခုနှစ်၊ ဧပြီလထုတ် Reader Digest မှ Rev. David Redding ၏ တရားဟောချက် အချုပ်ကို ဘာသာပြန်သည်။)

No comments:

Post a Comment