Tuesday, August 18, 2015

ဘုရားသခင်အတွက်စွန့်စားသော ဒေးဗစ်လစ်ဗင်းစတုံး

              “ ဗွာနာ၊ဗွာနာ” ဟု အသံထွက်လုမတတ် အော်ပြေးလာသောအာဖရိကန်လူငယ်လေးသည် လစ်ဗင်းစတုံး၏ ခြေရင်း၌ လဲကျသွားတော့၏။ သနားကြင်နာတတ်သောဆရာကြီးက ငိုနေသောကလေးငယ်အား အကျိုးအကြောင်း မေးမြန်း၏။ လူငယ်လေးက ကြောက်စရာကောင်းသော အရာကို မြင်၍အသက်ပြင်းပြင်ရှုလျက် သစ်ရွက်လှုပ်ရှားသွားသည်အထိ ပြင်းထန်လှသော စိတ်ဆိုးအမျက် ထွက်နေသည့် ခြင်္သေ့ဟောက်သံကို ကြားရသောအခါ တုန်လှုပ်လျက် နေသည်။ 
               သေမင်းတမန်နှင့် တူသောညိုဝါရောင်ရှိသော ခြင်္သေ့သည် ခြုံ ပုတ်မှထွက်လာသည်။ ကြောက်ရွံခြင်းမရှိသော ဘုရားသခင်၏ အမှုတော်ဆောင်ကြီး၏ ပုခုံးကို ကိုက်ခဲ မြေသို့လှဲပစ်လိုက်သည်။ တိုင်းရင်းသားများက ခြင်္သေ့ကိုမောင်းနှင့်ပစ်လိုက်ပြီးနောက် ဆရာလစ်ဗင်း စတုံးသည် အလွန်ပြင်းသောဒဏ်ရာကို ရ၍ ၎င်း၏လက်တစ်ဖက်ကို အသုံးမပြုနိုင်ဘဲ ဖြစ်သွား သည်သာမက ဒဏ်ရာမှထွက်လာသောအရိုးသည်လည်း ၎င်းကုပ်အကျီအောက်တွင် ဖုထွက်နေသည်။ အာဖရိသို့ရောက်သွားသောပထမနှစ်များ၌ တွေ့ရသော အနှောက်အယှက်များသည် ဆရာကြီးကို တားဆီး၍ မရချေ။



                 မရသည်သာမက၊ ခရစ်တော်အတွက် ရှေ့သို့ချီတက်သွားရန် များစွာသောခွန်အားကို ရရှိလေသည်။ လစ်ဗင်းစတုံးသည် သာမညလူမဟုတ်။ ခရစ်တော်၏ တရားတော်သည် သူ၏ကိုယ်စိတ်နှလုံး ကို ဖမ်းဆီးအုပ်စိုးထားသောကြောင့် ပိတ်ဆီးထားသောအရာခပ်သိမ်းကို ဝိညာဉ်အတောင်ဖြန့်၍ ကျော်နင်းသွားနိုင်သည်။ ရာသီဥတု ပြင်းထန်သော တောနက်ကြီးများ၊ မြေပုံအမှတ် အသား မပြု ရသေးသော တောတောင်များနှင့်သဲကန္တာရများကို ကျော်ဖြတ်၍ လမ်းတွင်တွေ့သမျှ လူတိုင်းကို ဧဝံဂေလိတရား ဟောပြောသက်သေခံသည်။ 
                  အဆက်မပြန် ကပ္ပလီလူများ၏ အကျိုးကို သယ်ပိုးဆောင်ရွက်သည်။ လစ်ဗင်းစတုံး၏ခေတ်၌ အာဖရိကလူများကို တောရိုင်းတိရိစ္ဆာန် ကဲ့သို့ ယူဆ၍ ကျွန်ဆိုင်းများ၌ ရောင်းဝယ်ရေးပြုလုပ်ကြသည်။ လမ်းခရီးတစ်ခုတွင် ကပ္ပလီ ၅၀ ၏အသက်ကို ကယ်ဆယ်ရသည်။ ထိုလူ ၅၀မှာ အလွန်ရိုင်းစိုင်းရက်စက်သော ကျွန်ကုန်သည်များက ရိုက်နှက်ကြသောကြောင့် ၎င်းတို့၏ ကျောကုန်းများ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး၊ ကျွန်အုပ်ကိုမှီအောင်မလိုက်နိုင်၍ ကျန်ရစ်ခဲ့သောသူများဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် ဖန်ဆင်းထားသောလူသတ္တဝါများကို တိရိစ္ဆာန်ကဲ့သို့ ပြုကျင့်ကြသည်။ ကျွန်ကုန်သွယ်ခြင်းအလုပ်ကို ထုတ်ပယ်ဖျက်ဆီးပစ်ရန် ကိုယ်ကို ဆက်ကပ်ပူဇော်ပ၏ ဟု နေ့စဉ်မှတ်တမ်း သွင်းသော စာမျက်နှာသည် ဆရာကြီး၏ မျက်ရည်ဖြင့် စွန်းကွက်နေသည်ကို တွေ့ရသည်။
                  လှေဖြင့် မြစ်တစ်ခုကို စုန်ဆင်လာသော လမ်းခရီးတစ်ခု၌ လူသေကောင်များဖြင့် ပြည့်နှက်နေ သဖြင့် လှေတက်ခတ်ရန်ပင် ခဲယဉ်းသည်ကို တွေ့ကြုံ ရဖူးသည်။ တစ်ကြိမ်တစ်ခါက လူများဖြင့် ပြည့်နေသောရွာများမှာ ယခုအခါ သချိုင်းတစပြင်ကဲ့သို့ တိတ်ဆိတ်နေတော့သည်။ ကျွန်ကုန်သည်များကို အာဖရိကတိုက်မှ ရှင်းလင်းပေးသောအလုပ်တွင် ဆရာကြီး အများဆုံးပါဝင် ဆောင်ရွက်သွားသည်ဟု ဆိုရမည်။
              အလွန်ရဲရင့်စွန့်စားသောသူ ဖြစ်သည်ဟု ပြောရသော်လည်း ဆရာလစ်ဗင်းစတုံးသည် ကာယခွန်အား နည်းသူတစ်ယောက်ဖြစ်သည်။ ငှက်ဖျားရောဂါနှင့် တောလမ်းခရီးဖြင့် သွားရသောခက်ခဲခြင်း များကြောင့် မကြခဏ ဒူးထောက်ရသည်။ ထိုကဲ့သို့ ဒူးထောက် ဆုတောင်းသောကြောင့် သူ၏ဘဝအသက်တာ၌ ခြားနားခြင်းကို တွေ့ရသည်။ ဘုရားသခင်သည် သူ့ကို အသုံးပြုနေသောကြောင့် သူလိုသောအစွမ်းခွန်အားကိုရရှိလေသည်။ ရှေ့သို့ အစဉ် မျက်နှာမူ၍ အစဉ်လိုရာခရီးသို့ ရောက်သောသူဖြစ်သည်။ သူ၏မိတ်ဆွေတစ်ဦးက တည်းဖြတ်ဖူးသည်။ အစဉ်လိုလို ခါးထက်နက်သောရွှံဗွက်များ၊ မိုးရေနှင့်တောလမ်းမှာ သွားလာရသောကြာင့် အခါပေါင်း ၃၀ကျော် ငှက်ဖျားရောဂါ နှိပ်စက်ခြင်း ခံရဖူးသည်။ အဖျားဒီကရီ ၁၄၀အထိ ရောဂါအပူတက်လာသော်လည်း လစ်ဗင်းစတုန်းအသွားအလာမပျက် ခံနိုင်ရည်ရှိသည်။
              တနင်္ဂနွေနေ့များအပြင်၊ တစ်ပတ်ကို နှစ်ကြိမ်၊သုံးကြိမ် တရားဟောသည်။ နိုင်ငံရေးသမား အရွေးခံရအောင် မဲဆွယ်သကဲ့သို့ သူ့ကိုယ်ကျိုးမဟုတ်၊ ဘုရားသခင်အတွက်မဲဆွယ်သူ ဖြစ်သည်။ သူ့ခေတ်ရှိ လူများထက်ဧဝံဂေလိတရားကို ပျံ့နှံ့စေခဲ့နိုင်သည်။ ပထမအကြိမ် အင်္ဂလန်သို့ပြန်ရောက်သော အခါ၊ သာသနာပြုလုပ်ငန်းအတွက် ဟောပြောအသနားခံသောကြောင့် ကိမ်းဘရိပ် တက္ကသိုလ်က သူ့ကို ထောက်ခံမစသော အနေဖြင့် သာသနာပြုလုပ်ငန်းကို အစပြုကြလေသည်။ သူ၏ကြိုးစားမှုကို မြင်သောသူတစ်ယောက်က စတုရန်းမိုင် တစ်သိန်းကမ္ဘာ၏ မြေပုံကို ထပ်ဖြည့်၍ သန်းပေါင်းများစွာသော ဝိညာဉ်များကို ကိုယ်တော်၏ အသင်းတော်ဘောင်ထဲသို့ သွပ်သွင်း ချီးမြှောက်နိုင်ကြောင်း ရေးသားဖူးသည်။
              ခြေထောက်ဖြင့် မိုင်၃၀၀၀၀ ခရီးပြုခဲ့သည်ကို စဉ်းစားကြည့်ပါ။ ဘေးအန္တရာယ်အမျိုးမျိုးကို တွေ့ရနိုင်သောမိုင် ၆၀၀၀ကျော်ခရီးသွားနိုင်၍ အာဖရိကပင်လယ် တစ်ဖက်ကမ်းခြေမှ တစ်ဖက်ကမ်းခြေသို့ ဖြတ်နိုင်သော လူဖြူတစ်ယောက်ဖြစ်သည်။ လေးနှစ်ကြာသည်။ လစ်ဗင်းစတုန်းသည် လူအများ၏ ကြည်ညို မြတ်နိုးခြင်းသို့ ရောက်ရလမ်းကို သိသည်ဟု ပြောစမှတ်ဖြစ်သွားသည်။ တစ်ယောက်က တစ်ယောက်သို့ လက်ဆင့်ကမ်းပေးသော ဧဝံဂေလိတရားဟောနည်း ပထမအသုံးပြုသူဖြစ်သည်။ သူသင်ကြားပေးသော တိုင်းရင်းသားများအား အခြားမိတ်ဆွေတစ်ယောက်ကို ခရစ်တော်အကြောင်းပြောပြ ရန် တိုက်တွန်းနှိုးဆော်လေ့ရှိသည်။ ထိုသူများမှတဆင့် တခြားသူတို့ကို ဟောပြောရန်ဖြစ်သည်။
              ၁၆နှစ်ကြာပြီးနောက် လန်ဒန်မြို့သို့ပြန်ရောက်လာသောအခါ မိတ်ဆွေများ စုရုံးဝိုင်းလာကြပြီး များစွာသော ဂုဏ်ထူး၊ ဘွဲ့ထူးများဖြင့် ချီးမြှင့် ခြင်းခံရသည်။ သူအောင်မြင်ရသော အကြောင်း ကို မေးမြန် သောအခါ “ကျွန်ုပ်၏သခင်ယေရှု၊ အကျွန်ုပ်၏ဘုရင်၊ ကျွန်ုပ်၏အသက်၊ ကျွန်ုပ်ကို လုံးလုံးလျားလျားပိုင်သောအရှင်” ဟု ဝန်ခံကြောင်း ယုံကြည်စွဲလမ်းခြင်းဖြင့် ဖြေကြားလေသည်။ သူမွေးဖွားရာ စကော့တလန်ပြည် ဂလပ်စကိုမြို့အနီးရှိ ဘလင်တိုင်းယားခေါ် ကျောက်မီးသွေးတွင်းမြို့ ကလေးရှိ အိမ်များကို အသစ်မွမ်းံ၍ အမျိုးသားပြတိုက်အဖြစ် အသုံးပြုကာသူဆောင်ရွက်ခဲ့သောအလုပ်ကို သရုပ်ဖော်ထားလေသည်။ 
             လစ်ဗင်းစတုံးကို အင်္ဂလန်၏ ဝက်စမင်စနာကျောင်းတိုက်ကြီးတွင်သဂြိုလ်ထားသည်။ သူ၏အသည်းနှလုံးများမူ အာဖရိကတိုက်၌ မြှပ်ထားခဲ့သည်။ ထိုကျောင်းတိုက်ရှိဂူပေါ်တွင် တင်ထားသောကျောက်ပြားအနက်ကြီးပေါ်တွင်

      “ သစ္စာစောင့်သူများ၏လက်ဖြင့်ရေ မြေကျော်၍ယူဆောင်လာပြီးနောက် ဤနေရာ၌မြှပ်နှံသဂြိုလ် ထားသော သာသနာပြုဆရာ၊ ခရီးသွားသူနှင့် လူချင်းတို့ကို ကျေးဇူးပြုသော ဒေးဗစ်လစ်ဗင်းစတုန်း” ဟု ကမ္ဗည်းထိုးထားလေသည်။


No comments:

Post a Comment