Saturday, October 15, 2016

ဘုရားသခင်ကအဘယ်ကြောင့်ယာကုပ်ကိုရွေးချယ်ခဲ့သနည်း

မေး ။            ။ ယာကုပ်သည်လိမ်လည်လှည့်ဖျားပြီးဧသော၏သားဦးအရာကို ယူခဲ့ပါသည်။ ဤသို့ လိမ်လည်၍ယူခဲ့သော သားဦးအရာကို ယူခြင်းသည်မမှန်ကန်ဟု ကျွန်တော်ထင်ပါသည်။ အဘယ်ကြောင့် ဘုရားသခင်သည်ဧသောကို မုန်းပါသနည်း

ဖြေ ။              ။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်ပါသည်။ မည်သူ့ကိုမျှမမုန်းပါ။ သို့သော် ဘုရားသခင်သည် အပြစ်ဒုစရိုက်ကိုမုန်းတီးပြီး အပြစ်သားကိုချစ်သည် ကိုအမြဲသတိရနေစေပါသည်။ ဧသောကိုမုန်းခြင်း (ရောမ ၉း၁၃၊ မာလခိ ၁း၂-၃)ဟူသောစကားကို အတိအကျအဓိပ္ပါယ်ကောက်၍ အမှန်မယူဘဲဘုရားသခင်က မကြိုက်မနှစ်သက်၍ မရွေးချယ်ခြင်းသဘောကိုသာ ယူစေလိုပါသည်။ (မသဲ ၂၂း၁၄ ကိုလည်းကြည့်ပါ)
                ဧသောကိုပယ်၍ ယာကုပ်ကိုရွေးကောက်ခြင်းသဘောကို ရှင်းပြနေရလျှင်နက်နဲလှသည့် သီသြလော်ဂျီသဘောတရားများ၊ ရွေးကောက်ခြင်းဆိုင်ရာ (Doctrine of Election) တို့နှင့်တကွ ဣသရေလ တို့၏သမိုင်းအစဉ်အလာတို့ကို ရှင်းပြနေရမည်ဖြစ်၍ ဤစာစောင်တွင်နေရာရှိမည် မထင်ပါ။ သို့သော် အောက်ပါတို့ကို ဆင်ခြင်စဉ်းစားကြည့်၍ သူတို့နှစ်ဦး၏ ခြားနားမှုတို့ကို ဆင်ခြင်ကြည့်ပါ။



               ဧသောသည် မုဆိုးဖြစ်၍ စိတ်ကြမ်းထန်းခက်ထန်ပြီး ယာကုပ်ကား စိတ်သဘောထားကောင်း သူဖြစ်သည်။ (ကမ္ဘာ ၂၅း၂၇)။ ဧသောသည်စိတ်မြန်သည်။ အစားမက်သည်။ မိမိ၏သားဦးအရာကို မထီမဲ့မြင်ပြုပြီး အဘိုးမတန်သောအရာတစ်ခုနှင့် အလဲအလှယ်ပြုခြင်းကြောင့် တန်ဘိုးမဖြတ်တတ်သူ၊ မချိန်ဆတတ်သူဖြစ်၏။ (ကမ္ဘာ ၂၅း၃၃)
             သူသည် မြင့်မြတ်သန့်ရှင်းသောအကျင့်တို့ကို နှစ်သက်ခြင်းမရှိဘဲ မိခင်နှင့်ဖခင်တို့ စိတ်နှလုံး ပူပင်စရာ၊ စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သော မိန်းမကို ယူခဲ့လေသည်။ သူ၏စိတ်သဘောထားသည် မြင့်မြတ် ဂုဏ်အသရေရှိသောအရာကို တပ်မက်မောခြင်းမရှိကြောင်း ထင်ရှားပါသည်။ (ကမ္ဘာ ၂၆း၃၃-၃၅)။ တပါးအမျိုးသားတို့ကို အိမ်ထောင်ပြုခြင်းအားဖြင့် ဣသရေလလူမျိုးတို့၏ စည်းကမ်းကိုဖောက်ဖျက်သည်။ သားဦးအရာနှင့်ကောင်းချီးမင်္ဂလာကို မခံစားရသောကြောင့် နောက်ဆုံးတွင်ဓားဖြင့် အသက်မွေး၍ ညီ၌ကျွန်ခံရလိမ့်မည် ဟူ၍ ဖခင်ကပြောခြင်းကို ခံရတော့သည်။ (ကမ္ဘာ ၂၇း၃၀-၄၀)။ သူသည် နောင်တ စိတ်ကို အလွန်နောက်ကျမှရသော သူဖြစ်သည်။ (ဟေဗြဲ ၁၂း၁၆-၁၇)
               ယာကုပ်မူကား သိုးထိန်းဖြစ်ပြီး ကြီးမြတ်သောအရာတို့ကို ရယူလိုသောစိတ် ရှိသည်။ ၀ိညာဉ်ရေးရာ၌ ဧသောထက်သာသည်။ ဇွဲရှိသူ တစ်ဦးဖြစ်သည်။ (ကမ္ဘာ ၂၉း၁-၃၀၊၄၃)။ ကောင်းကင် တမန်ထံမှဖြစ်စေ၊ မိမိလိုချင်သောအရာကို မရမက ရယူနိုင်ရန် ဇွဲရှိသူတစ်ဦးဖြစ်သည်။ ကမ္ဘာ ၃၂း၂၆
               ဧသောကိုငြင်းပယ်၍ ယာကုပ်ကိုရွေးချယ်ရခြင်း အကြောင်းကိစ္စ၌ ဧသောသည် လောကီအရာ ကိုစွဲမက်တတ်ခြင်း(ဟေဗြဲ ၁၂း၁၅-၁၇)၊ ယာကုပ်သည် အနာဂတ်ကိုမျှော်ကိုးပြီး ၀ိညာဉ်ရေးရာကောင်းချီး မင်္ဂလာကို တန်ဘိုးထားတတ်ခြင်းတို့၏ ခြားနားမှုကို သဘောပေါက်လာစေလိုပါသည်။
           ဘုရားသခင်၏ရွေးချယ်မှုသည် မိမိအလိုဆန္ဒကြောင့်ဖြစ်နိုင်ခြင်း မရှိဘဲ၊ ဘုရားသခင်၏ အလိုတော် နှင့်သနားခြင်းကရုဏာအပေါ်၌သာ မူတည်ပါသည်။ “ထိုကြောင့် လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်၊ ပြေးသောသူသည်လည်း တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏” ဟူ၍သာ မှတ်ထားစေလိုပါသည်။ (ရောမ ၉း၁၆)


                                                          ဦးဖေသွင်










 

No comments:

Post a Comment