Thursday, September 8, 2016

ဘုရားကျောင်းသွားခြင်းသည်အပြစ်ရှိနိုင်ပါသလား

ကျမ်းချက် ။         ။  “ဗေသလမြို့သို့သွား၍ပြစ်မှားကြလော့။ ဂိလဂါလမြို့သို့လည်း သွား၍ များစွာသော ပြစ်မှားခြင်းကို ပြုကြလော့။ နံနက်တိုင်းပူဇော်သောယဇ်ကို၎င်း၊ သုံးနှစ်တစ်ခါ ဥစ္စာဆယ်ဘို့ တစ်ဖို့ကို၎င်း ဆောင်ခဲ့ကြလော့။ လုယူသောဥစ္စာထဲက ကျေးဇူးတော်ချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ ကြလော့။ အလိုလိုပြုသောပူဇော်သက္ကာများကိုလည်းကြားပြော၍ ကြော်ငြာစေကြလော့။ အိုဣသရေ  အမျိုးသားတို့ ထိုသို့ပြုရာတွင် သင်တို့သည် မွေ့လျော်တတ်ကြသည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ (အာမုတ် ၄း၎-၅)

        ဘုရားကျောင်းမှန်မှန်တက်ရောက်သောသူတို့သည် သာမန်အားဖြင့် စစ်မှန်သောခရစ်ယာန် တစ်ဦး၏ လက္ခဏာဖြစ်သည်ဟု အများကသတ်မှတ်ကြသည်။ လူတစ်ယောက်၏ ယုံကြည်ခြင်း အတိုင်း အတာကို ဘုရားကျောင်းတက်ခြင်းအားဖြင့် ဆုံးဖြတ်နိုင်ပါသလော။ ဘုရားကျောင်းမှန်မှန်တက်ခြင်းသည် စစ်မှန်သောခရစ်ယာန် ဖြစ်ခြင်းနှင့်အမှုတော်မြတ်၌ အမှန်တကယ်ဆက်ကပ်အပ်နှံ လုပ်ဆောင်သော ခရစ်ယာန်တစ်ဦးဖြစ်သည်ဟု သတ်မှတ်ခြင်း၌ မှားယွင်းသောအတွေးအခေါ် အားနည်းသော ယူဆချက် တစ်ခုဖြစ်နိုင်ပါသည်။
               လုကာ (၁၈း၁၀-၁၂) တွင်ခရစ်တော်က ထုံးတမ်းစဉ်လာအတိုင်း ဆုတောင်းခြင်း၊ ၀တ်ပြုခြင်း များသည် အဓိပ္ပါယ်ကင်းမဲ့ပြီး အချည်းနှီးသာဖြစ်သည်ဟု ဖော်ပြခဲ့ပါသည်။ ထိုနေရာတွင် ဖာရိရှဲတစ်ဦးနှင့် အခွန်ခံတစ်ဦးကို သာဓကအနေဖြင့် ဖော်ပြခဲ့ပါသည်။ ဖာရိရှဲံ၏၀တ်ပြုခြင်းသည် မိမိ၏ဖြောင့်မတ်ခြင်းကို အတည်ပြုရန် ဗိမ္မာန်တော်သို့သွားခြင်းဖြစ်ပြီး အခွန်ခံမှာမူ မိမိ၏အားနည်းချက်ကိုဖော်ပြပြီး ပြောင်းလဲ လိုသောဆန္ဒကို ဖော်ပြသော စစ်မှန်သောဝတ်ပြုခြင်းဖြစ်သည်ဟု သွန်သင်ပါသည်။
             ပရောဖက်အာမုတ်က သူ့ခေတ်၌ရှိသော လူများဗိမ္မာန်တော်သို့လာခြင်းသည် မိမိတို့အပြစ်ကို တိုးပွါးများပြားအောင် လုပ်ကြသည်ဟုပြောခဲ့ပါသည်။ သူတို့၏၀တ်ပြုခြင်း၊ သူတို့၏လုပ်ဆောင်ချက်များ၌ တစ်ခုခုမှားနေကြောင်း ပရောဖက်ကြီးက ထောက်ပြခဲ့ပါသည်။ ကျွန်ုပ်တို့လည်း ထိုသို့မဖြစ်နိုင်ပေဘူးလား။


၁။    အရည်အချင်းနေရာတွင်အရေအတွက်ကိုအစားထိုးလျှင် အသင်းတော်သည် ကြီးစွာသောအန္တရာယ် အခြေအနေ၌ ရှိနေပါပြီ။
                ဘုရားကျောင်းတက်သူများစွာရရှိရန်စုဆောင်း လုပ်ဆောင်ခြင်းသည် ကိစ္စတစ်ခု၊ ထိုကိစ္စနှင့် လုံးဝမတူသော အခြားကိစ္စတစ်ခုမှာ စစ်မှန်သောဝတ်ပြုသူများ ဖြစ်လာစေရန် လုပ်ဆောင်ခြင်း ပင်ဖြစ်သည်။ ဘုရားကျောင်းသို့ လာရောက်ဝတ်ပြုကိုးကွယ်သော ပရိသတ်ထဲတွင် ပါဝင်နေသောကြောင့် မိမိသည် ဘုရားသခင်နှင့်စစ်မှန်သော ထိတွေ့မှုရှိနေပြီဟူ၍ မထင်မှတ်ရပါ။ ဘုရားကျောင်းတွင် လူထု ပရိသတ်များများ ရရှိခြင်းထက် လာရောက်ဝတ်ပြုကိုးကွယ်သူများသည် စစ်မှန်သောယုံကြည်ခြင်း ရရှိရန်နှင့် ဘုရားသခင်ကိုအမှန်တကယ် တွေ့ဆုံထိတွေ့ခြင်းအားဖြင့် ခရစ်တော်၏အမှုတော်မြတ်၌ ဆက်ကပ် ပါဝင်နေခြင်းကို အာရုံစိုက်လျက်အဓိကထားရမည်ဖြစ်သည်။

၂။   ၀ိညာဉ်သဘောနှင့်အတွင်းသဘောနေရာတွင် အပြင်သဏ္ဍာန်ကို အစားထိုးလာလျှင် အသင်းတော်သည် ကြီးစွာသောအန္တရာယ်၌ရှိနေပါပြီ။
              ပရောဖက်အာမုတ် ခေတ်ကာလတွင် ၀တ်ပြုကိုးကွယ်သောနေရာသို့ လာကြသောသူတို့သည် မိမိတို့၏ ပူဇော်သက္ကာများနှင့် အလှူပစ္စည်းများကိုယူဆောင်လာသော သူတို့နှင့် ပြည့်နေပါသည်။ ဤကဲ့သို့ လုပ်ဆောင်ခြင်းဖြင့် လူတို့သည်ကျေနပ်ခဲ့ကြပါ၏။ သို့သော်ဘုရားသခင်အတွက် စိတ်အနှောက်အယှက်ဖြစ် ရုံမက၊ မနှစ်သက်ခဲ့ပါ။ ၀တ်ပြုသူများ ဤကဲ့သို့ လုပ်ဆောင်ခဲ့ကြသော်လည်း သူတို့၏အမူအကျင့်နှင့် စာရိတ္ထ တို့သည့် ကောင်းမွန်ပြောင်းလဲလာခြင်း မရှိကြပါ။
              အသက်တာပြုပြင်ပြောင်းလဲခြင်းမရှိသော ၀တ်ပြုကိုးကွယ်ခြင်းပုံစံ၊ လုပ်ဆောင်ချက်များ၊ အစီ အစဉ်များကို ပြန်လည်ဆန်းစစ်ပြီး မေးခွန်းထုတ်စရာရှိပါသည်။

၃။   အသက်ရှင်သောဘုရားသခင်ထံသို့ ဥဿုံ  ဆက်ကပ်ခြင်းနေရာတွင် ဆယ်ဘို့တစ်ဘို့နှင့် အလှူငွေများ အစားထိုးလာလျှင် အသင်းတော်သည်  ကြီးစွာသောအန္တရာယ်၌ရှိနေပါပြီ။
              အချို့သောသူများသည် ဘုရားကျောင်းမှန်မှန်တက်ပြီး ဆယ်ဘို့တစ်ဘို့နှင့် အခြားအလှူငွေများကို သစ္စာရှိစွာပေးလှူလျှင် ခရစ်ယာန်တစ်ဦးအနေဖြင့် တာဝန်ကျေပြီဟု ထင်မှတ်ကြသည်။ ဖော်ပြပါ အရာများ လုပ်ဆောင်ခြင်းသည် အရေးကြီးပါသည်။ သို့သော်လည်း စစ်မှန်သောခရစ်ယာန်တစ်ဦး လုပ်ဆောင်ရမည့် လုပ်ငန်း၏ အပိုင်းတစ်ပိုင်းသာ ရှိပါ၏။ ဘုရားသခင်၏အလိုတော်ကို လုံးဝဥဿုံ လိုက်လျှောက်နှင့် သူ၏ အမှုတော်မြတ်ကဏ္ဍအားလုံး၌ ပါဝင်ရန် လိုအပ်ပေသည်။ မိမိအချိန်၏ ခုနှစ်ဖို့တစ်ဖို့ မိမိဝင်ငွေ၏ ဆယ်ဘို့ တစ်ဘို့သည် ဘုရားသခင်နှင့်ဆိုင်ပြီး ကျန်သောအချိန်နှင့် ငွေကြေးတို့ကို ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ခြင်း အတွေးအခေါ်ကို အထူးသတိပြုရမည် ဖြစ်သည်။

၎။   မိမိအတွက်သာ အသက်ရှင်တည်နေသောအသင်းတော်သည် ကြီးစွာသောအန္တရာယ်အခြေအနေ၌ ရှိနေပါပြီ။
             ခရစ်တော်သည် အသင်းတော်ကိုဤလောက၌ထားရှိခြင်းသည် သူ၏ကယ်တင်ခြင်း အမှုတော်မြတ်ကို ဆက်လက်ဆောင်ရွက်ရန်ဖြစ်သည်။ ဘုရားသခင်သွန်းလောင်းခဲ့သော ကောင်းချီး မင်္ဂလာများ၊ ချစ်ခြင်းမေတ္တာနှင့် ခွန်အားတန်ခိုးများကို အသင်းတော်က မဝေမျှဘဲ သိုလှောင်ထားခြင်းမျိုး ခရစ်တော်က မနှစ်သက်ပါ။ မိမိအတွက်သာလျှင် အသက်ရှင်သောသန့်ရှင်သော ဗိမ္မာန်တော် Shrine တစ်ခုကဲ့သို့ အသင်းတော်ကို မထင်မှတ်သင့်ပါ။ အသင်းတော်သည် ဘုရားသခင်ကိုယုံကြည်ကိုးကွယ်သော သူများ စုဝေးနေကြပြီး ဘုရားသခင်၏အမှုတော်မြတ်ကို လောကကြီးထဲစိမ့်ဝင် စေရန်ဖြစ်သည်။
              အသင်းတော်လုပ်ငန်း Church Work နှင့် အသင်းတော်လုပ်ဆောင်ရမည့်လုပ်ငန်း ( the work of the Church) သည်ခွဲခြားနားလည်ရန် အရေးကြီးပါသည်။ Sunday School သင်ကြားခြင်း၊ Choir ၌ ပါဝင်သီဆိုခြင်း၊ လူငယ်လုပ်ငန်း၌ ဦးဆောင်ခြင်းများသည် အသင်းတော်လုပ်ငန်းဖြစ်ပြီး အသင်းတော် လုပ်ဆောင်ရမည့် လုပ်ငန်းမှာမူ တနင်္ဂနွေလွန်သွားသောအခါ ဘုရားသခင်၏လူများတို့သည် လူမှုအသိုင်း အ၀ိုင်း(သို့) ကမ္ဘာလောကကြီးထဲသို့ အလင်း၏သားများကဲ့သို့ ပါဝင်လှုပ်ရှားခြင်းကို ဆိုလိုသည်။


နိဂုံး
            ပရောဖက်အာမုတ်ခေတ်၌ ရှိကြသော လူတို့သည် အသင်းတော်လုပ်ငန်းကို လုပ်ဆောင်ရာတွင် ချီးကျုးစရာရှိပါသည်။ ဥပုသ်နေ့နှင့် အထူးပွဲတော်များတွင် အလုံးအရင်းပါဝင်တက်ရောက်ကြသည်။ အလှူ အတန်းများကို များစွာယူဆောင်လာကြသည်။ သို့သော်သူတို့ ဤကဲ့သို့ လုပ်ဆောင်ခြင်းများကို ဘုရားသခင် မနှစ်သက်ကြောင်း (အာမုတ် ၅း၂၁-၂၃) သိရသောအခါ အလွန်ပင်အံ့သြကြမည်ဖြစ်သည်။ ဘုရားသခင် သည် သူ၏လူမျိုးတော်ထံမှ မည်သည့်အရာကို အလိုရှိပါသနည်း။ ကိုယ်ကျင့် တရားဖြောင့်မတ် ခြင်း၊ကောင်းမွန်ခြင်းနှင့် အခန်းငယ်(၂၄)တွင် ဖော်ပြသည့်အတိုင်း “တရား သဖြင့်စီရင်ခြင်းကို ရေကဲ့သို့၎င်း၊ ဖြောင့်မတ်ခြင်းကို မပြတ်စီးဆင်းသောမြစ်ရေ ကဲ့သို့၎င်း စီးစေကြလော့” ထိုသို့အသက်ရှင်ရန်အလိုတော်ရှိသည်။


                                                                                 Rev. Dr အော်နယ်ညို












No comments:

Post a Comment