၂၁ရာစုသို့ဆိုက်ရောက်ကာ ဤရာစုနှစ်၏ပထမဆယ်စုနှစ်ကိုကျော်လွန်လာခဲ့သော ခရစ်ယာန် ယုံကြည်သူများသည် မိမိတို့၏ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုအတွက် ခေတ်ကာလကိုအထူးဂရုစိုက်ရန် လိုအပ်ပေသည်။ ၂၁ရာစုတွင် ကမ္ဘာနှစ်တ၀ှမ်း ခေတ်ပေါ်ကာလ(modernity) မှ ခေတ်လွန်ကာလ (post-modernity) သို့သိသာထင်ရှားစွာပြောင်းလဲလာခဲ့သည်။ ၎င်းပြောင်းလဲမှု၏ရလဒ်တစ်ခုအနေဖြင့် ကမ္ဘာ ပတ်ဆက်နွယ်မှုခေါ် ဂလိုဘယ်လိုင်ဇေးရှင်း (Globalization) သည်အလွန်ပင် ခေတ်စားလာပါသည်။ တစ်ချိန်က အနည်းဆုံး ရက်ပေါင်း(၈၀)မှတစ်ပတ်ပတ်ရသော ကမ္ဘာသည် ယခုခေတ်တွင်ရက် အနည်းငယ်နှင့် ပတ်၍ရလာပါသည်။ အိုင်တီခေါ် ဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာမှုကြောင့် မိနစ်ပိုင်းနှင့်ကမ္ဘာတ၀ှမ်းလုံးကို ဆက်သွယ်၍ရလာသည်။ အလွန်ကျယ်ပြန့်ကာ ဝေးကွာလှသည်ဟု ထင်ခဲ့ရသော ကမ္ဘာသည် ယခုအချိန်မှာသေးငယ်သော ကမ္ဘာရွာလေးတစ်ခုသာ ဖြစ်လာပါပြီ။ ရှေး ပဝေသဏီမှစ၍ ပထ၀ီဘာရပ်က ကမ္ဘာမြေကြီးသည် လုံးသည်ဟုသင်ပေးရာမှ ယခုအချိန်တွင် ကမ္ဘာမြေကြီးသည် မလုံးတော့ဘဲ ပြားလာပါသည်။ (The World is Flat- Thomas L. Friedman) ဟု ခံယူကြပါသည်။ ဆိုလိုသည်မှာ တစ်ချိန်က ကမ္ဘာသည် လုံးသောကြောင့် နှစ်ခြမ်းရှိကာ တစ်ခြမ်းတွင် ဖြစ်ပျက်နေသော အဖြစ်အပျက်များသည် အခြားတစ်ခြမ်းတွင်ရှိသော ကမ္ဘာသူ၊ကမ္ဘာသားများ က မတွေ့နိုင်၊ မမြင်နိုင်ချေ။
သို့ရာတွင် ယခုအချိန်မှာကမ္ဘာတ၀ှမ်းလုံး၌ ဖြစ်ပျက်နေသော အဖြစ်သနစ်အားလုံးတို့ကို အခြား ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့က မိမိတို့၏အိပ်ခန်းမှ ကောင်းမွန်စွာကြည့်ရှုနိုင်ကြ ပါတော့သည်။ ၂၁ ရာစုကို ပညာခေတ်(the age of knowledge) ဟုခေါ်ပါသည်။ ဤကဲ့သို့ပြောင်းလဲမှုသည် အရှိန်ကြီးမား စွာဖြစ်ပေါ်လာသောအချိန်မှာ ခရစ်ယာန်ယုံကြည်သူများကလည်း သူတို့၏နှစ်နှစ်ကာကာ သက်ဝင် ယုံကြည်သော ဘုရားသခင်အကြောင်း (the doctrine of God) ကို ပြန်လည်ဆန်းစစ်ကာ ဤခေတ်ကာလ တွင် ဖွင့်ဟလျှက်လှုပ်ရှားတော်မူသော ဘုရားသခင်ကို နားလည်သဘောပေါက်ရန် လိုအပ်ပေသည်။ သို့ဖြစ်ရာ ခေတ်လွန်ကာလတွင် ဖွင့်ဟသောဘုရားသခင်ကို အကျဉ်းချုပ်၍ ဤဆောင်းပါးကို အောက်ပါ အတိုင်း ဖော်ပြလိုပါသည်။
၁။ ဖန်ဆင်းတော်မူသောဘုရားသခင် (God the Creator)
ကျမ်းစာသည် အစအဦး၌ ဘုရားသခင်ဖန်ဆင်းခြင်းနှင့်အစပြု ပါသည်။ (ကမ္ဘာဦး ၁း၁)။ ဆိုလိုသည်မှာ ဘုရားသခင်သည် ရှိရှိသမျှသော အရာအားလုံးတို့ကို မည့်သည့်အရာဝတ္ထု၊ မည်သည့် ကုန်ကြမ်းမှအမှီမပြုဘဲ ဘာတစ်ခုမှမရှိသေးသော ဗလာထဲမှဖန်ဆင်းခြင်းကို ဖော်ထုတ်ခဲ့ပါတယ်။ (cereatio ex nihillo) ဖန်ဆင်းခြင်း၏ အနက်အဓိပ္ပါယ်မှာ ဖန်ဆင်းရှင်နျင့်ဖန်ဆင်းထားသော အရာအားလုံးတို့၏ ကွာခြားမှုနှင့်မတူညီမှုကို ဖော်ထုတ်ခြင်းလည်းဖြစ်သည်။ ဘုရားသခင်သည် ခတ်သိမ်းသောအရာတို့ကို ဖန်ဆင်းသောအခါ ထိုအရာသည် မိမိဘာသာ ရှင်သန်ကြီးထွားရန် အတွင်းအင်အားနှင့် အရှိန်တန်ခိုး (Force and power) ကိုလည်း ပေးထားခဲ့ပါသည်။ ဘုရားသခင်သည် ဖန်ဆင်းခြင်းကိုပြုလုပ်သောအခါ မိမိ၏စွမ်းပကားကို ဖော်ထုတ်လိုသောသဘောတော်နှင့် ၀ါကြွားလိုသောစိတ်ဆန္ဒ လုံးဝမရှိပါ။ မဖန်ဆင်း ပါကလည်း သူ၏ဘုရားသခင်ဖြစ်ခြင်းနှင့် ဘုန်းအရေသည် နည်းနည်းမှထိပါမည်မဟုတ်ချေ။ ဖန်ဆင်းခြင်း ၏နောက်ကွယ်တွင် ဘုရားသခင်၏အနှိုင်းမဲ့ မေတ္တာတရားရှိပါသည်။ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံးတွင် ဤဘုရားသခင်၏ ဖန်ဆင်းခြင်းကိုစိန်ခေါ်ကာ တွန်းလှန်သောအတွေးအခေါ်နှင့် အယူအဆအမျိုးမျိုး ပေါ် လွင်ခဲ့ပါသည်။ သို့ရာတွင် ဘုရားသခင်သာလျှင် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသော အရှင်ဖြစ်လေသည်။
တစ်ချိန်က သိပ္ပံပညာ(science) နှင့်သမ္မာကျမ်းစာတို့သည် ဆန့်ကျင်ဘက်ဖြစ်သည်ဟု လူသားအများက ခံယူကြဖူးသည်။ သို့ရာတွင် သိပ္ပံပညာနှင့် သီသြလော်ဂျီပညာတို့၏ ဆင့်ကဲတိုးတက် မှုကြောင့် ယခုအချိန်တွင် ဤပညာနျစ်ရပ်တို့သည် ရန်သူမဟုတ်တော့ဘဲ ဖြည့်ဖက် (complementaries) သာဖြစ်ကြပါသည်။ သို့ဖြစ်ရာ ခေတ်လွန်ကာလတွင် ဘုရားသခင်ကို ပိုမိုသိရှိနိုင်ရန် သိပ္ပံပညာနှင့်တကွ အခြားသောပညာရပ်များကိုလည်း ပိုမိုလေ့လာကာ သိရှိနားလည်ရန် လိုအပ်လာပါလိမ့်မည်။
၂။ စောင့်ရှောက်ထိန်းသိမ်းသောဘုရားသခင် (The Sustainer God)
ဘုရားသခင်သည် သူဖန်ဆင်းထားသောအရာခပ်သိမ်းတို့ကို ဖျက်ဆီးခြင်း၊ မျိုးသုန်းခြင်း မရှိဘဲ ရှင်သန်ကာတိုးတက်ကြီးပွါးစေရန် စောင့်ထိန်းသောဘုရားသခင် လည်းဖြစ်ပါသည်။ ဖန်ဆင်းခြင်း သာမက စောင့်ထိန်းခြင်းကိုလည်း ပြုလုပ်သော ဘုရားသခင်ဖြစ်သည်။ ရံဖန်ရံခါ အပြစ်ရှိသော လူသားများ မိုက်မဲမှု၊ ကျူးလွန်မှုနှင့် သတိမပြုမှုများတို့ကြောင့်ဖန်ဆင်းခြင်းခံရသော အရာအချို့တို့သည် ပျက်စီးယိုယွင်းပြီး တိမ်ကောသွားတတ်ပါသည်။ ဤကားဘုရားသခင်၏ မူလအကြံတော်မဟုတ်ချေ။ အလွန်ပင် ၀မ်းနည်း စရာကောင်းသော လူသားတို့၏ ကျူးလွန်မှုကြောင့်သာ ဖြစ်သည်။
အသင်းတော်သမိုင်းကို ထဲထဲဝင်ဝင်လေ့လာသောအခါ တစ်ချိန်တစ်ခါက ဘုရားသခင်သည် ဖန်ဆင်းခြင်းသာပြုလုပ်ပြီး ဖန်ဆင်းထားသောအရာများအား ရှင်သန်ကြီးထွားရန် စောင့်ထိန်းခြင်းမပြုပါ ဟူသော ဓမ္မသွန်သင်ချက်သည်ခေတ်စားလာခဲ့သည်။ ဤဓမ္မသွန်သင်ချက်ကို Deism သွန်သင်ချက်ဟု ခေါ်ပါသည်။ ဤအတွေးအခေါ်ကို ဦးစီးဦးဆောင်သော အတွေးခေါ်ရှင်အချို့မှာ John Locke (1632-1704) နှင့် David Hume(1711-1776) တို့ဖြစ်လေသည်။ ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းပြီးသောအခါမှ လှည့်မကြည့်တော့ဘဲ ထားခဲ့ကာ သူတို့ဘာသာ သူတို့တိုးတက်ကြီးထွားကြသည် ဟူသော ခံယူခြင်းနှင့်သွန်သင်ခြင်းပင်ဖြစ်သည်။ ဤအတွေးအခေါ်သည် အစွန်းရောက်သိပ္ပံပညာ၏ အခြေအမြစ်လည်း ဖြစ်သည်။ နောက်ဆုံးတွင် သိပ္ပံပညာနှင့် ပူးပေါင်းပြီး ဤ Deism အတွေးအခေါ်သည် သီးခြားရပ်တည်မှု မရှိတော့ပါ။
ဘုရားသခင်သည် ဖန်ဆင်းခြင်းသာမက စောင့်ထိန်းသောအရှင်ဖြစ်သည်ဟု သွန်သင်ရာတွင် ဘုရားသခင်သည် သူဖန်ဆင်းသောတောတောင်သဘာဝနှင့် အခြားဖန်ဆင်းခံအရာများဖြစ်သော လေ၊ရေ၊ သစ်ပင်၊ ပန်းမာန်၊ တိရစ္ဆာန် အစရှိသောအရာအားလုံးတို့၏ ရှင်သန်မှုနှင့်တိုးတက်ကြီးထွားမှုကို ဆိုလိုခြင်းဖြစ်သည်။ ၀မ်းနည်းစရာကောင်းသည်မှာ ကုန်လွန်ခဲ့သော ၂၀ရာစုတွင်ခရစ်ယာန်ယုံကြည်သူ များသည် ဘုရားသခင်ဖန်ဆင်းသော ဖန်ဆင်းခံအရာအားလုံးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု (ecology) ကို လစ်လျူရှု မိခဲ့ပါသည်။ အလွန်ဝမ်းနည်းစရာပင်။ သဘာဝပတ်ဝန်းကျင်ကို လျစ်လျူရှုခြင်းသည် ၂၀ရာစု ခရစ်ယာန်ဓမ္မသွန်သင်ချက် သီသြလော်ဂျီ၏ မဟာအားနည်းခြင်းပင် ဖြစ်သည်။ ၂၁ရာစုတွင်မူ ခရစ်ယာန် သီသြလော်ဂျီသည် ဘုရားသခင်ဖန်ဆင်းသော တောတောင်သဘာဝနှင့် ပတ်ဝန်းကျင်အားလုံးတို့ကို အထူးဂရုစိုက်ရပါမည်။ အကြောင်းမှာ ခရစ်ယာန်များကိုးကွယ်သော ဘုရားသခင်နှင့် ကျမ်းစာက သွန်သင်သောဘုရားသခင်သည် သူ၏ဖန်ဆင်းထားသော အရာခပ်သိမ်း ကို စောင့်ထိန်းစောင့်ရှောက်တော်မူသော ဘုရားသခင် ဖြစ်သောကြောင့်ပင်။ ခေတ်လွန်ကာလတွင် ခရစ်ယာန်ယုံကြည်သူများ ကိုးကွယ်ယုံကြည်ရမည့် ဘုရားသခင်သည် တောတောင်သဘာဝနှင့် ပတ်ဝန်းကျင်ကိုဖန်ဆင်းကာ ချစ်ခြင်းမေတ္တာနှင့်စောင့်ထိန်း ကြည့်ရှုတော်မူသော ဘုရားသခင်ဖြစ်ရပါမည်။ လူသားကိုသာလျှင် ချစ်လျှက်ကယ်တင်သောဘုရားသခင် မဖြစ်သင့်တော့ပါ။ ဖန်ဆင်းခြင်းအားလုံး တို့ကိုချစ်လျက် ကယ်တင်သောဘုရားသခင်ဖြစ်ကြောင်း ဖော်ထုတ်ရန်လိုအပ်ပေလိမ့်မည်။ (ရောမ ၈း ၁၈-၂၅)
၃။ သမိုင်းကိုပဲ့ကိုင်သောဘုရားသခင် (The God of History)
ဖန်ဆင်းသောဘုရားသခင်နှင့် ဖန်ဆင်းခံလူသားများတို့၏ သဘောသဘာဝကို လေ့ လာသောအခါ ဘုရားသခင်သည် ကနဦးကပင် လူသားများတို့၏ မွေးရာပါလွတ်လပ်မှုကို မထိပါးဘဲ လွတ်လပ်ခွင့်နှင့် ရွေးချယ်ပိုင်ခွင့်ပေးသော ဘုရားဖြစ်ကြောင်း ပေါ်လွင်ထင်ရှားစေသည်။(ကမ္ဘာဦး ၃)။ အစအဦးကပင် လူသားများသည် မိမိတို့၏လွတ်လပ်မှုကို အသုံးချကာ မိမိတို့၏လိုအင်ဆန္ဒအတိုင်း အသက်ရှင်လျက် သွားလာလှုပ်ရှားကြပါသည်။ ထိုကဲ့သို့သွားလာလှုပ်ရှားရာမှ နှစ်ကာလကြာမြင့်လာသော အခါ သမိုင်း(History) ဟူ၍ပေါ်လာပါသည်။ ပြစ်ရှိလူသားများ၏ သမိုင်းသည် ရက်စက်မှု၊ သွေးထွက် သံယိုမှု၊ တိုက်ခိုက်မှုမှစ၍ မုန်းတီးမှုနှင့် စစ်တိုက်မှုများဖြင့် ရေးထားသော သွေးစွန်းသည့်သမိုင်း ဖြစ်လေ သည်။ အားရှိသောသူများကသာ သြဇာအာဏာရှိပြီး အားနည်းသောသူများ ခေါင်းမထောင်နိုင်ဘဲ ဖိနှိပ်ခြင်း၊ ဖိစီးခြင်း ခံခဲ့ကြရပါသည်။ ကမ္ဘာ့သမိုင်းကို နှိုက်နှိုက်ချွတ်ချွတ်လေ့လာပါက လူသားတို့၏သမိုင်းသည် အားကြီးသောသူများ ချယ်လှယ်ရာမြင်ကွင်းသာဖြစ်သည်။ လွန်ခဲ့သောနှစ် ၂၀၀ကျော်ခန့်က သဘာဝ သိပ္ပံပညာရှင် Charles Darwin (1809-1882) ဖော်ထုတ်ခဲ့သည့် အားကြီးသောသူများသာ စိုးစံသော စနစ် (Survival of the fittest) ကို ကမ္ဘာက ကျင့်သုံးခဲ့ပါသည်။
အကယ်၍သာ ဤကမ္ဘာက ကျင့်သုံးသောအားကြီးသော သူများသာစိုးစံသောစနစ်သာ ထာဝရ ကျင့်သုံးပါက ကမ္ဘာကြီးသည် သွေးချောင်းစီးရာလောကဖြစ်လာပါလိမ့်မည်။ ဘုရားသခင်ဖန်ဆင်းသော ကမ္ဘာလောက ကလည်း ဘုရားသခင်မလိုလားသော အနိဌာရုံနှင့် ငရဲပြည်ဖြစ်လာပါလိမ့်မည်။ ထိုကဲ့သို့ ဖြစ်ရန် မလိုလားသော ဘုရားသခင်သည် လူသားများ၏သမိုင်းကို ကြားဖြတ်ဝင်စွက်ကာ လူသားများ၏သမိုင်းကို တနည်းတဖုံ ပြောင်းလဲလျက်ရှိပါသည်။ ဤအချက်ကို သက်သေထူရန် ရှည်ရှည်ဝေးဝေးကြည့်ရန်မလိုပါ။ အာဏာရူးသော ဆာဒန်ဟူစိန်ကို ကြွက်ကလေးတစ်ကောင် ဖမ်းမိ သကဲ့သို့ မိမိ၏တွင်းထဲ၌ပင် ဖမ်းမိကြပါသည်။ ကမ္ဘာသူ၊သားများကို အကြမ်းဖက်ကာ ထိန့်လန့်စေခဲ့သော အိုစမာဘင်လာဒင်အား မိမိ၏လုံခြုံရာတိုက်ခန်းအတွင်း၌ပင် ပစ်သတ်ခြင်းခံခဲ့ရပါသည်။ အလားတူပင် ဘုရင်တကာတို့၏ဘုရင်နှင့် အာဖရိကတိုက်တစ်ခုလုံး၏ရှင်သခင်ဟူသော သူကိုယ်သူဘွဲ့နာမခံသော လစ်ဗျားနိုင်ငံမှ စစ်ခေါင်းဆောင်ကြီး မွမ်မာကဒါဖီအား သူ၏ရွှေဖြင့်ပြုလုပ်သော ပစ်စတိုနှင့် အရဖမ်းမိကာ အသေသတ်ခြင်းခံခဲ့ကြပါသည်။ ဤသည်ကား ကမ္ဘာသမိုင်း၏စိုးရိမ်ဖွယ်ရာ အဖြစ်အပျက်များကို ဘုရား သခင်ကိုယ်တော်တိုင် ကြားဖြတ်ဝင်စွက်ခြင်း (Divine Intervention) တချို့သာဖြစ်သည်။ အကယ်၍သာ ဘုရားသခင်က ကြားဖြတ်ဝင်စွက်ခြင်းမပြုပါက လူသားတို့၏သမိုင်းသည် ထိန့်လန့်ဖွယ်ရာ မြင်ကွင်း သာဖြစ်ပါလိမ့်မည်။ ထိုကဲ့သို့ဖြစ်ရန် ဘုရားသခင်အလိုတော်မရှိပါ။ အချိန်တန်သောအခါ (kairos) ဘုရား သခင်သည်ကြားဖြတ် ၀င်စွက်ပါသည်။ လူသားတို့၏သမိုင်းသည် ပဲ့ကိုင်မဲ့သောသမိုင်း၊ ပဲ့ထိန်းမရှိသော သမိုင်းမဟုတ်ပါ။ ဘုရားသခင်သည် လူသားများ၏သမိုင်းကို ထိန်းချုပ်သောဘုရားဖြစ်ရာ ဤသမိုင်းသည် ဘုရားသခင်၏နောက်ဆုံးအလိုတော် ပြည့်စုံခြင်းသို့ တဖြည်းဖြည်းရွေ့သွားရမည်သာဖြစ်သည်။
လူသားများ၏သမိုင်းကို ကြားဖြတ်ဝင်စွက်ရာတွင် အထင်ရှားဆုံးအဖြစ်အပျက်တစ်ခုမှာ ဘုရား သခင်သည်အချိန်တန်သောအခါ မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့စေလွှတ်ကာ လူဇာတိခံယူစေခြင်းဖြစ်သည်။ (ဂလာတိ ၄း၎၊ ယောဟန် ၁း၁၄)။ လူသားများ၏သမိုင်းရေစီးကြောင်း (salvation history) စီးဆင်းလာပါသည်။ ဤလူ့သမိုင်းရေစီးကြောင်းတွင် စီးဆင်းလာသော ကယ်တင်ခြင်း သမိုင်းရေစီးကြောင်းသည် တဖြည်းဖြည်းနှင့်ကြီးမားလာကာ လူ့သမိုင်းတစ်ခုလုံး၏ ကယ်တင်ခြင်း သမိုင်းဖြစ်လာပါလိမ့်မည်။ (ဗျာ ၁၁း၁၅)။ ဆိုလိုသည်မှာ အချိန်တန်သောအခါ ကမ္ဘာလောကတစ်ခုလုံးက ဘုရားသခင်၏ စိုးစံရနိုင်ငံတော်ဖြစ်လာပါလိမ့်မည်။
၎။ ပုန်းကွယ်သောဘုရားသခင် (The Hidden God)
ကျမ်းစာတော်မြတ်တွင် ဖန်ဆင်းသောအရှင် စောင့်ထိန်းသောအရှင်နှင့် လူသမိုင်းကို ပဲ့ကိုင်အုပ်စိုးသော ဘုရားသခင်သည် ရံဖန်ရံခါ ပုန်းကွယ်သောဘုရားသခင်အဖြစ် ပေါ်လာတတ်သည်။ ဤကား ကျမ်းစာတော်မြတ်ရှိ ဘုရားသခင်အကြောင်း သိရန်ခက်ခဲကာ ဘုရားသခင်၏ နက်နဲခြင်း၊ နက်ရှိုင်းခြင်း (the mystery of God) ပင်ဖြစ်သည်။ လူတစ်ဦး၏ အသက်တာတွင် ဘုရားသခင်သည် ပုန်းကွယ်တတ်ပါ၏။ ထိုကြောင့် “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟူ၍ ဘုရားသခင်ကို စောဒကတက်သောအချိန်မျိုး ရှိတတ်ပါသည်။ (ဆာလံ ၂၂း၁-၂၊ မသဲ ၂၇း၄၆၊ မာကု ၁၅း၃၄)။ အသင်းတော်ပြုပြင်ရေးကို ခေါင်းဆောင်သူ မာတင်လူသာ (၁၄၈၃-၁၅၄၆) သည် သူ၏အသက်တာနှင့် ခက်ခက်ခဲခဲအမှုတော်ဆောင်ခြင်းတွင် ဘုရားသခင်သည် မကြာခဏပုန်းကွယ်တတ်သောဘုရားသခင် (the hidden God- deusabsconditus) ဖြစ်သည်ဟု ခံစားခဲ့ရပါသည်။ ဘုရားသခင်နှင့်သူသည် အမြဲပင် တူတူပုန်းတမ်း (hide and seek) ကစားကြသည်ဟု ဆိုခဲ့ဖူးပါသည်။ မှန်လှပေသည်။ ယနေ့ယုံကြည်သူတစ်ဦး၏ အသက်တာ၌ ဘုရားသခင်သည်ပုန်းကွယ်ကာ မရှိတော့သကဲ့သို့ ခံစားတတ်ကြရပါသည်။ ဆုတောင်းခြင်း၊ အပ်နှံခြင်းတို့သည် အနှစ်သာရမရှိတော့ဘဲ အသက်တာသည်ခြောက်ကပ်ကာ အဓိပ္ပါယ်မရှိသော အသက်တာမျိုးဖြစ်သည်ဟု ခံစားတတ်ကြပါသည်။ ဤအချိန်မျိုးတွင် ဘုရားသခင်သည် အဘယ်မှာရှိသနည်း။ ကျွန်ုပ်အား စွန့်ပစ်ကာ ထားခဲ့ပါသလားဟူ၍ ခံစားတတ်ကြပါသည်။
ယုံကြည်သူတစ်ဦး၏ အသက်တာတွင် ဘုရားသခင်သည် ပုန်းရှောင်သောဘုရားသခင်ဖြစ် သည်ဟု ခံစားတတ်သကဲ့သို့ အသင်းတော်၏အသက်တာနှင့် တိုင်းပြည်လူထု၏ သမိုင်းတွင်လည်း ဘုရား သခင်သည် လူသားတို့အား စွန့်ပစ်ကာ အဝေးမှာပုန်းရှောင်သည်ဟု ခံစားရသော အချိန်မျိုးရှိတတ် ပါသည်။ မထင်မှတ်ဘဲ နာဂစ်မုန်တိုင်းကျကာ လူအမြောက်အမြားသေဆုံးခြင်း၊ အိုးအိမ်ပစ္စည်းမြောက်မြားစွာ ပျက်စီးခြင်း ရောက်သောအခါ ဘုရားသခင်သည်အဘယ်မှာရှိသနည်း။ အဘယ်ကြောင့်သူ၏ လူမျိုးတို့အား စွန့်ပစ်ပါသနည်း။ ဂီရိမုန်တိုင်းကျကာ လူသားတို့၏ အသက်တာနှင့် ပစ္စည်းဥစ္စာမြောက်မြားစွာ ပျက်စီး ဆုံးရှုံးရသောအခါ ဘုရားသခင်အဘယ်မှာရှိသနည်း။ ကျွန်ုပ်တို့ချစ်သော အမိမြန်မာပြည်သည် အသစ်သော အုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကာ တိုင်းသူပြည်သားတို့သည် သာယာသောနိုင်ငံတော်ကို မျှော်လင့်နေချိန် ကျွန်ုပ်တို့၏အသင်းတော်အချို့တွင် သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်း၊ ပြောင်းရွှေ့ခြင်း အစရှိသည့် အန္တရာယ် အမျိုးမျိုးနှင့် ရင်ဆိုင်နေရချိန်မှာ ဘုရားသခင်သည်အဘယ်မှာရှိသနည်း။ ဤမေးခွန်းသည်ကား ခရစ်ယာန် ဘာသာ၏ နက်နဲသောမေးခွန်းပုစ္ဆာနှင့် ဘ၀ကိုရင်းနှီးကာ ဘုရားသခင်နှင့်အပြန်အလှန်မေးရမည့် မေးခွန်း မျိုးဖြစ်ပါသည်။
ပုန်းကွယ်သောဘုရားသခင်အကြောင်းနှင့် ပတ်သက်၍ ကျမ်းစာကိုအခြေခံကာ ခရစ်ယာန် ဘာသာဝင်များသိထားရမည့်အချက်တစ်ခုမှာ ဘုရားသခင်သည်လူသားသမိုင်းတစ်ခုလုံးကို အစမှသည် အဆုံးတိုင်အောင် ပဲ့ကိုင်သောဘုရားသခင်နှင့် သမိုင်းအရှင်သခင် (the Lord of history) ပင်ဖြစ်ရာ ထာဝစဉ်ပုန်းကွယ်လျက် စွန့်ပစ်မည် မဟုတ်ချေ။ ဤကဲ့သို့ စွန့်ပစ်လျက်ပုန်းကွယ်သည်ဟု ယူဆကာ ဆင်းရဲခံရခြင်းကလည်း နက်နဲသောအနက်ဓိပ္ပါယ်ရှိကာ အချိန်တန်သောအခါ ထိုနက်နဲသောအဓိပ္ပါယ် သည်ပေါ်လွင်လာပါလိမ့်မည်။ အကြောင်းမှာ ဘုရားသခင်သည် သူချစ်သောသားသမီးများအား အဓိပ္ပါယ် မရှိဘဲအချည်းနှီးသက်သက် ဆင်းရဲခံရန် အခွင့်ပေးမည်မဟုတ်ချေ။ ယုံကြည်သူဘုရားသခင်၏ သားသမီးများသည် မိမိတို့၏ မလိုလားအပ်သောဆင်းရဲခြင်းဝေဒနာကို ခံစားကာ “အိုထာဝရဘုရား အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။” (ဆာလံ ၁၃း၁) ဟူ၍အော်ဟစ်သောအချိန် ရှိမည်ဖြစ်ပါသည်။ သို့ရာတွင် ထိုကဲ့သို့ခံစားရချိန် ၊ ဘုရားသခင်သည် ပုန်းကွယ်သည်ဟု ထင်မှတ်ရသောအချိန်သည် နောက်ဆုံးအချိန်မဟုတ်ပါ။ ဘုရားသခင်သည် တစ်နေ့နေ့ တွင် မိမိပုန်းကွယ်ရာမှ ထင်ရှားလာကာ “ငါသည် သင်တို့၏ဘုရားဖြစ်သည်” ဟူ၍ မေတ္တာနှင့် သူ့ကိုယ်သူ ဖွင့်ပြသောအချိန် ရောက်လာပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူချစ်သော သားသမီးများအတွက် ခပ်သိမ်းသောအရာတို့ကို အကောင်းဆုံးပြင်ဆင်ပေးကာ ခပ်သိမ်းသောအရာတို့ အပေါ်မှာ အောင်မြင်ခြင်းကို ပေးမည်သာဖြစ်သည်။ (ရောမ ၈း၂၈-၃၉)
လွန်စွာလျင်မြန်ပြောင်းလဲနေသော ခေတ်ကာလ၊ ကြီးမားစွာပြောင်းလဲနေသော နည်းစနစ်နှင့် ထူးကဲစွာတိုးတက်နေသော ခေတ်လွန်ကာလ (post modernity) တွင် ခရစ်ယာန်များသည် ထိုပြောင်းလဲ မှုများကိုမသိဘဲ သီးခြားကမ္ဘာတွင်မွေ့လျော်သောသူများ မဖြစ်သင့်ပါ။ အဟုန်ပြင်းထန်စွာ ပြောင်း လဲနေသော ကမ္ဘာလောကကြီးကြောင့် ထိန့်လန့်ကာ ကြောင်တောင်တောင်နေသောသူများလည်း မဖြစ်သင့်ချေ။ ကမ္ဘာလောက၊ နည်းစနစ်နှင့် အခြေအနေတို့သည် မည်သို့ပင်ပြောင်းလဲစေကာမူ ဘုရားသခင်သည် ကမ္ဘာလောကနှင့်လူသမိုင်းများကို ပဲ့ကိုင်အုပ်ချုပ်နေသောဘုရားသခင် ဖြစ်ပါသေးသည်။ ထိုကြောင့် ခရစ်ယာန်ယုံကြည်သူများသည် ဤပြောင်းလဲမှုများတို့၏ ဂယက်ရိုက်မှုကြောင့် စိတ်ခြောက်ခြား ကာ ပူပင်သောကမဖြစ်သင့်ပါ။ ဤပြောင်းလဲခြင်းအမျိုးမျိုးတို့ကို အုပ်စိုးပိုင်သသော ဘုရားသခင်၏ဖွင့်ပြခြင်း အကြောင်းကို အသစ်တစ်ဖန်လေ့လာကာ ခေတ်လွန်ကာလနှင့်အံဝင်ဂွင်ကျဖြစ်သော ဘုရားသခင်၊ ခေတ် လွန်ကာလကိုအုပ်စိုးသောဘုရားသခင်၊ ခေတ်လွန်ကာလ၌ အသစ်ဖွင့်ဟသောဘုရားသခင်ကို ကိုယ်တိုင် ကိုယ်ကျ သိရှိနားလည်ကြရပါမည်။
ပြောင်းလဲခြင်း၏ဓားစာခံများ (victims of change) ဖြစ်မည့်အစား ပြောင်းလဲခြင်းကို ကမကထပြုသောသူများ (agents of change) ဖြစ်ရန် လိုအပ်ပါသည်။ အချုပ်အားဖြင့် ဆိုသော် ပြောင်းလဲခြင်းသည် မည်ကဲ့သို့ကြီးမားပြီးလျင်မြန်ပါလေစေ၊ ဘုရားသခင်သည် မနေ့၊ ယနေ့၊ နောင်ကာလ ပြောင်းလဲခြင်းမရှိပါ။ (ဟေဗြဲ ၁၃း၈)။ ခေတ်နှင့်လျော်ညီစွာ သူ၏ဆင့်ကဲဖွင့်ပြခြင်း (progressive revelation) သာလျှင် ပြောင်းလဲမည်ဖြစ်သည်။ ထိုခေတ်နှင့်လျော်ညီစွာ ဖွင့်ပြသော ဘုရားသခင်၊ ခေတ်လွန်ကာလ၏ဘုရားသခင် (the God of post-modernity) ကို ယနေ့ခရစ်ယာန်များ ကသိရှိနားလည်ကာ သူ၏ဖွင့်ပြခြင်းကို ထိထိမိမိ တုံ့ပြန်ခြင်းသည် ၂၁ရာစုက တောင်းဆိုသော ခရစ်ယာန် ယုံကြည်ခြင်းနှင့် ခရစ်ယာန်သာသနာပြုခြင်းပင် ဖြစ်သည်။
ယခုဆောင်းပါးရှင်သည် သီသြလော်ဂျီပညာရပ်ကို ဆည်းပူးလေ့လာနေစဉ်တွင် ဧ၀ံဂေလိ အမှုတော်ဆောင်ခြင်းကို ပို့ချသည့်ပါမောက္ခတစ်ပါး၏ဆိုပြသော သီချင်းတစ်ပုဒ်နှင့် အဆုံးသတ်လိုပါသည်။ ထိုသီချင်းမှာ
(Give me the 0ld time religion)3
That's good enough for me
(Give me the old time Jesus)3
That's good enough for me
ခေတ်ကာလကြီးနှင့် နည်းစနစ်တို့သည် မည်မျှပင်ပြောင်းလဲစေကာမူ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်၊ ပဋိညာဉ်နှင့် ငြိမ်သက်ခြင်းတို့သည် ဘယ်သောအခါမျှ တုန်လှုပ်ပြောင်းလဲမည် မဟုတ်ပါ။ (ဟေရှာယ ၅၄း၁၀)။ ထိုကြောင့် ၂၁ရာစု ခေတ်လွန်ကာလတွင်ဖွင့်ဟသောဘုရားသခင်အား တစိုက်မတ်မတ် ကြည့်ရှုလျက် သူနှင့်အတူ ဤ၂၁ရာစု၏ ဒုတိယဆယ်စုနှစ်များကိုလျှောက်လှမ်းကြပါစို့။
ဆရာအင်နိုး
No comments:
Post a Comment