Wednesday, September 7, 2016

အငယ်ဆုံးသောသူတစ်ယောက်အားမပြုကြသမျှတို့ကိုငါ့အားမပြုကြပြီ

                “အငယ်ဆုံးသောသူတစ်ယောက်အားမပြုကြသမျှတို့ကိုငါ့အားမပြုကြပြီ”
                 အထက်ပါစကားကို သခင်ခရစ်တော်က လူမှုဝန်းထမ်းခြင်းလုပ်ငန်းကို စွမ်းစွမ်းတမံ လုပ်ဆောင် နေသာ လူတစ်စုကိုနောက်ဆုံးမိန့်တော်မူသော စကားများမှကောက်နှုတ်ထားခြင်းဖြစ် ပါသည်။(မသဲ ၂၅း၄၅)။ ယခုခေတ်တွင် အငယ်ဆုံးသောသူတည်းဟူသော အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခဆင်းရဲခြင်း ပင်လယ်ထဲကျရောက်၍လွတ်မြောက်ရန် ရုန်းကန်နေရသော သူများ၏ကယ်တော်မူပါ ဟူသောအော်ဟစ်သံ ကိုနေ့စဉ်ကြားနေရပါသည်။ ထိုကဲ့သို့ဒုက္ခရောက်နေသော သူတို့၏ပုံရိပ်သည် ကမ္ဘာ့လူ့အဖွဲ့အစည်းထဲတွင် ပါတီတစ်ခုပမာထင်ရှားစွာ ဖြစ်ပေါ် တိုးတက်လာနေသည် ကိုလည်း သတင်းမီဒီယာထဲမှ မကြာခဏဖတ်ရှုရပါသည်။ သို့ဖြစ်၍ဒုက္ခဆင်းရဲထဲ ကျရောက်နေသူတို့အား ကူညီမစရန်အတွက် သမ္မာကျမ်းစာကအောက်ပါအတိုင်း ကျမ်းပြုထားသည်ကို တင်ပြလိုပါသည်။ အထက် ပါကဲ့သို့ အငယ်ဆုံးသောသူတစ်ယောက်အား မပြုကြသမျှတို့ကို ငါ့အားမပြုကြပြီးဟု မိန့်တော်မူခြင်းကို မခံရလေအောင် ငါ့ခမည်းတော်ထံကောင်းချီးမင်္ဂလာကိုခံသောသူတို့ ကမ္ဘာဦးကပင်သင်တို့အဖို့ပြင်ဆင် ထားသောနိုင်ငံကို လာ၍ အမွေခံကြလော့ ဟူသော ကောင်းချီးမင်္ဂလာပေးတော်မူခြင်း ကို ခံရလေအောင် မျှော်လင့်လျက် ရေးသားတင်ပြအပ်ပါသည်။

၁။   ဒုက္ခဆင်းရဲရောက်သူများကိုမထင်မဲ့မြင်မပြုရန်။
                   မိမိအိမ်နီးချင်းကိုမထီမဲ့မြင်ပြုသောသူသည် အပြစ်ရှိ၏။ ဆင်းရဲသောသူတို့ကို သနားသော သူမူကား မင်္ဂလာရှိ၏။(သု ၁၄း၂၁)။ တပြည်တနိုင်ငံသားဖြစ်သောဧည့်သည်ကို မနှောက်ယှက်မညှင်းဆဲရ။ သင်တို့သည် အဲဂုတ္ထုပြည်၌ဧည့်သည်ဖြစ်ကြဖူးပြီ၊ မိဘမရှိသောသူငယ်နှင့်မုဆိုးမကို သင်တို့သည် မနှောက်ယှက်ရ။ နှောက်ယှက်ခြင်းတစ်စုံတစ်ခုကိုပြု၍ သူတို့သည်ငါ့အားအနည်းငယ် အော်ဟစ်လျှင် ငါသည်ထိုအသံကိုအမှန်ကြား၍ ငါအမျက်ပြင်းစွာထွက်၍ သင်တို့ကိုထားဘေးဖြင့် ကွပ်မျက်မည်။ သင်တို့မယားများသည်လည်း မုဆိုးမဖြစ်၍ သားသမီးများသည်လည်း မိဘမရှိသောသူငယ် ဖြစ်ကြ လိမ့်မည်။ ငါ့လူဖြစ်သော ဆင်းရဲသားအိမ်နီးချင်းအား သင်သည်ငွေကိုချေးလျှင်အတိုးစားသော သူကဲ့သို့ သူ၌မပြုရ။ အတိုးကိုမတောင်းရ။ အိမ်နီးချင်းသည်မိမိစောင်ကို သင်၌ပေါင်ထားလျှင် မိုးမချုပ်မီပြန်ပေး ရမည်။ အကြောင်းမူကား အခြားသောခြုံစရာမရှိ။ ကိုယ်ခြုံဖို့ဖြစ်၏။ သူသည်အဘယ်သို့ အိပ်နိုင်မည်နည်း။ ငါ့အားအော်ဟစ်လျှင် ငါကြားမည်။ ငါသည်သနားသောသဘောရှိ၏။ (ထွက် ၂၂း၂၁-၂၇)


 
               ဆင်းရဲသောသူတို့ကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်သောကာလ၌ ထိုသူကို ထာဝရဘုရားကယ်တော်မူမည်။ ထာဝရဘုရားသည်စောင်မ၍ အသက်ကိုချမ်းသာပေးတော်မူသဖြင့် ထိုသူသည် ပြည်တော်၌ ကောင်းချီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကိုရန်သူတို့ အလိုသို့ကိုယ်တော်သည် အပ်တော်မမူ။ (ဆာလံ ၄၁း၁-၂)

၂။  အုပ်ချုပ်သူအကြီးအကဲများဆင်းရဲသားများကို သနားရန်။
                 အို ဘုရားသခင် ကိုယ်တော်သည်တရားဆုံးဖြတ်ခြင်းနှင့် ဖြောင့်မတ်စွာစီရင်အခွင့်ကို မင်းသားဖြစ်သောရှင်ဘုရင်အား ပေးသနားတော်မူပါ။ ထိုမင်းသည်ကိုယ်တော်၏လူတို့ကို ဖြောင့်မတ်စွာ စီရင်၍ ကိုယ်တော်၏ဆင်းရဲသားတို့ကို တရားပေးတော်မူမည်။ တောင်ကြီးတောင်ငယ်တို့သည် တရားတော်အားဖြင့်၊ ကိုယ်တော်၏လူတို့အား ချမ်းသာပေးကြပါလိမ့်မည်။ ထိုမည်းသည် ကိုယ်တော်၏ လူတို့တို့တွင် ဆင်းရဲသားတို့ကိုတရားစီရင်လျက်၊ ငတ်မွတ်သောသူတို့၏ သားသမီးများကို ကယ်မ၍ ညှဉ်းဆဲသောသူကိုလည်း နှိပ်စက်ပါလိမ့်မည်။ (ဆာလံ ၇၂း၁-၄)

၃။   ဆင်းရဲသောသူအား သနားခြင်းသည် ထာဝရဘုရားအားဖြောင့်မတ်စွာဝတ်ပြုကိုးကွယ်ခြင်းမည်၏
                   ဆင်းရဲသောသူကို  ညှဉ်းဆဲသောသူသည်  ဖန်ဆင်းသောဘုရားကိုကဲ့ရဲ့၏။  ဘုရားကို ရိုသေသောသူမူကား ဆင်းရဲသောသူတို့ကို သနားတတ်၏။ (သု ၁၄း၃၁)
                     ခမည်းတော်ဘုရားသခင်ရှေ့၌   စင်ကြယ်သန့်ရှင်းသော သီလဟူမူကား၊ မိဘမရှိသော သူငယ်တို့နှင့် မုဆိုးမတို့သည် ဆင်းရဲခံရသောအခါ၊ သူတို့ကိုကြည့်ရှုပြုစုခြင်း၊ ကိုယ်တိုင်လည်းလောကီ အညစ်အကြေးနှင့်ကင်းစင်အံ့သောငှာ စောင့်ရှောက်ခြင်းပေတည်း။ (ယာ ၁း၂၇)

၎။ တရားရေးခုံရုံး၌ဆင်းရဲသားကိုသနားပါရန်။

                   ဆင်းရဲသောသူ၏ ဆင်းရဲကိုထောက်၍ သူ၏ဥစ္စာကိုမလုမယူနှင့်။ ဒုက္ခိတသတ္တ၀ါကို မြို့ တံခါးဝ၌မညှဉ်းဆဲနှင့်။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့အမှုကို စောင့်တော်မူမည်။ သူတို့ ဥစ္စာကို လုယူသောသူတို့၏ အသက်ကို လုယူတော်မူမည်။ (သု ၂၂း၂၂-၂၃)

၅။   ဆင်းရဲသောသူအားပေးကမ်းရန်။

                      သိုးစုငယ်၊ သင်တို့သည် မကြောက်ကြနှင့်။သင်တို့အဘသည် သင်တို့အား နိုင်ငံ ကိုပေးခြင်းငှာ အလိုရှိတော်မူ၏။ သင်တို့ဥစ္စာအများကို ရောင်း၍ဆင်းရဲသောသူတို့အား စွန့်ကြဲကြလော့။ မဆွေး၊ မဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဖို့လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာ အရပ်၊ ကောင်းကင်ဘုံ၌မကုန်ဆုံးနိုင်သောဘဏ္ဍာကို ဆည်းပူးကြလော့။ (လုကာ ၂၁း၃၂-၃၃)

၆။   ဆင်းရဲသောသူတို့အား မပေးကမ်း၊မစွန့်ကြဲသောသူများ။

                 ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် မြို့ကိုဟစ်ခေါ်တော်မူ၏။ ပညာရှိသောသူသည် နာမတော်ကို ကြောက်ရွံ့ရ၏။ ဆုံးဖြတ်ခြင်းကို၎င်း၊ စီရင်သောသူသည် အဘယ်သူဖြစ်သည်ကို၎င်း၊ နားထောင်ကြလော့။ မတရားသောသူတို့၏ အိမ်၌မတရားသဖြင့် ဆည်းပူးသောဥစ္စာနှင့် ရွံ့ရှာဖွယ်သော တင်းတောင်းငယ်ရှိသေးသလော။ မတရားသော ချိန်ခွင်နှင့်စဉ်းလဲသော အလေးအိတ်ရှိသောမြိဲ့ကို သန့်ရှင်းသောမြိဲ့ဟူ၍ ငါမှတ်ရမည်လော။ မြိဲ့သားသူဌေးတို့သည်၊ အနိုင်အထက်ပြု၍ရတတ်ကြ၏။ ဆင်းရဲ သားတို့သည်လည်း မုသာကိုသုံးတတ်ကြ၏။ သူတို့နှုတ်၌ရှိသော လျှာသည်မုသာဖြစ်၏။ သို့ဖြစ်၍ သင်၏ အပြစ်ကြောင့်၊ သင့်ကိုငါသုတ်သင်ပယ်ရှင်းခြင်းအလို့ငှါ နာကျင်စွာဒဏ်ခတ်မည်။ သင်သည် စားသော်လည်း မ၀ရ။ မွတ်သိပ်ခြင်းကိုခံရမည်။ သင်သည်ချီသော်လည်း ယူ၍မသွားရ ယူသွားသောအရာကိုလည်း ထားဘေးသို့ ငါအပ်မည်။ မျိုးစေ့ကိုကြဲသော်လည်း စပါးကိုမရိတ်ရ။ သံလွင်သီးကို နယ်သော်လည်း ဆီနှင့် ကိုယ်ကိုမလိမ်းရ။ စပျစ်သီးကို နယ်သော်လည်း စပျစ်ရည်ကို မသောက်ရ။ (မိက္ခာ ၆း၉-၁၅)
                     ဆင်းရဲသားကိုမကူညီ၊ မထောက်ပံ့၊ မထီမဲ့မြင်ပြုသောသူတစ်ယောက်၏ ဘ၀အကြောင်း သခင်ခရစ်တော်က သူဌေးကြီးနှင့် ဆင်းရဲသားလာဇရုဥပမာတော်၌ ဖော်ပြထားသည်ကိုဖတ်ရှုရပါသည်။ ထိုသူဌေး၏ လမ်းမှားရာသို့ ယနေ့ခရစ်ယာန်များ မကျဆင်းရလေအောင် သတိထားလျက် ဆင်းရဲသား တို့အား တတ်နိုင်သရွေ့ ကူညီမစရမည်ဖြစ်ပါသည်။

၇။   မသဲ ၂၅း၃၁-၄၆ ကိုဝေဖန် သုံးသပ်ခြင်း။

                     ဘုရားသခင်သည် လူမြင်သည့်အတိုင်း တရားစီရင်ခြင်းကိုမပြုဘဲ ဘုရားသခင်၏ အလိုတော်အတိုင်းသာ တရားစီရင်ကြောင်း သုံးသပ်ရပါသည်။ အတိုချုပ်အားဖြင့် သင်ခန်းစာယူရမည် ဆိုလျှင် အောက်ပါအတိုင်း ဖြစ်စဉ်ဖြစ်ပါသည်။

(က)       ကျနော်တို့ပညာ အဘယ်မျှလောက်တတ်မြောက်ကြောင်းကို အခြေခံလျက် တရားစီရင်တော်မူ မည်မဟုတ်ကြောင်း
(ခ)       ကျနော်တို့သည်လူအများတကာ အလယ်တွင်အဘယ်မျှလောက် ဘုန်းတန်ခိုးကြီး၍ ထင်ပေါ်ကျော် ကြားခြင်းအပေါ်မှာ အခြေခံလျက် တရားစီရင်မည်မဟုတ်ကြောင်း။
(ဂ)      ကျနော်တို့၏ ပိုင်ဆိုင်သော ပစ္စည်းဘဏ္ဍာ အဘယ်မျှလောက် ကြွယ်ဝချမ်းသာခြင်းအပေါ် အခြေခံ လျက် တရားစီရင်မည်မဟုတ်ကြောင်း
(ဃ)     သို့ရာတွင် ဆင်းရဲသားဒုက္ခိတတို့အား(သို့) အငယ်ဆုံးသောသူအား အဘယ်မျှလောက်   စေတနာ ဖြူစင်ရိုးသားစွာဖြင့် ပေးကမ်းလှူဒန်းခဲ့ပြီဖြစ်ကြောင်း အပေါ် အခြေခံလျက် တရားစီရင် မည်ဖြစ်ကြောင်း စာရေးသူအနေဖြင့် သုံးသပ်မိပါသည်။


              နိဂုံးချုပ်အနေဖြင့်  ရေးသားလိုသည်။ အစာရေစာ ဆာလောင်ငတ်မွတ်သော သူအား တစ်လုပ်ကျွေူးခြင်း၊  ရေငတ်သောသူအား ရေအေး တစ်ခွက်ပေးသောက်ခြင်း၊ သူစိမ်းတရံအား ဧည့်ဝတ်ပြုခြင်း၊ ဖျားနာသောသူအား ကြည့်ရှုပြုစုပေးခြင်း၊ အကျဉ်ထောင်ထဲ ရောက်နေသူအား တတ်နိုင် သည့်ဖက်မှနေ၍ ကူညီမစပေးခြင်း၊ စသောအမှုတို့သည် သေးငယ်သည်ဟု ထင်သော်ငြားလည်း အမှန် လိုအပ်နေသူကို တကယ်စေတနာပြုစင်စွာဖြင့် ကူညီမစခြင်းကိုပြုလျှင် ဘုရားသခင်အသိအမှတ်ပြုလျက် တုံ့ပြန်လာမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအမှုများတို့သည် ပြုလုပ်ရန် အလွယ်ကူဆုံးအမှုများ ဖြစ်သည်။
                    သူတပါးအားကူညီမစခြင်းအပေါ်၌ ကျွန်တော်တို့ဂုဏ်ယူစရာ မဟုတ်ပါ။ သူတပါး ကျေးဇူး တင်ခြင်းကို ခံရရန်အတွက်လည်း မဟုတ်ပါ။ သူတပါးအား မိမိလုပ်ဆောင်ချက်ကို အထူးမှတ်တမ်း တင်ပေးစေလို၍လည်းမဟုတ်ပါ။ သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် ကျောက်တိုင်စိုက်ထူပေးရန်လည်း မဟုတ်ပါ။ ခရစ်တော်၏ ဒုက္ခဝေဒနာကို သတိရအောက်မေ့လျက် စေတနာဖြင့် လုပ်ဆောင်ခြင်း ဖြစ်ရမည်။ သခင်ခရစ်တော်က ဤအမှုကိုပြုသော အခါခါတိုင်း(မုန့်နှင့်စပျစ်ရည်) ငါ့ကို အောက်မေ့ရန်ပြုလော့ ဟုမှာကြားတော်မူခြင်းကို နာခံလျက် လုပ်ဆာင်ခြင်းဖြစ်ရပါမည်။
                  Sidney Powell အမည်ရှိပုဂ္ဂိုလ်တစ်ယောက်က လူမှုဝန်ထမ်းခြင်းလုပ်ငန်းကို လုပ်ဆောင်သောသူ၌ ရှိသင့်သောသဘောထားကို အောက်ပါအတိုင်း ပြောဆိုထားပါသည်။ ၎င်းမှာ သူတပါးအတွက်လုပ်ဆောင်ပေးရာတွင် မိမိကိုယ်ကိုမေ့ပစ်နိုင်ရန်ကြိုးစားပါလေ။ ကျွန်တော်တို့လုပ်ဆောင် ချက်များနှင့် စိတ်ဝင်စားမှုများကိုအောက်မေ့ သတိရနေလျှင် သူတပါးအတွက်ပေးဆပ်ချင်သော စိတ်၊ ပေးကမ်းစွန့်ကြဲချင်သော စိတ်အား ငယ်သွားနိုင်ပါသည်။ (Try to forget yourself in the service of other. for when we think too much of ourselves and our own interests, we easily become despondent. but when we work for others, our efforts to bless us) ဟု လူမှုဝန်ထမ်းလုပ်ငန်း အပေါ်မှာ သူ၏ သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
                ထိုကြောင့် ယခုခေတ်တွင် ဒီရေအလား မြင့်တက်လာနေသည့် ဒုက္ခဆင်းရဲခံရသောသူများကို အတတ်နိုင်ဆုံး၊ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ တနေ့ကောင်းမှုတစ်ခုဆောင်ပုဒ်ဖြင့် လူမှုဝန်ထမ်းခြင်း လုပ်ငန်းကို ဆက်လက်လုပ်ဆောင်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ဤဆောင်းပါးကိုနိဂုံးချုပ်လိုက်ပါသည်။


                                                                   Rev. ဂျေးကော့ဖန်း (ကျိုင်းတုံ)












No comments:

Post a Comment