Sunday, April 5, 2015

လူ

                   ဘာသာတရားတိုင်းက လူဆိုသောသတ္တ၀ါကို တန်ဖိုးထားကြသည်။ ဘာသာကြီးတစ်ခုက ဆိုလျှင် လူ့ဘ၀ရရှိရန် ဗြမ္မာပြည်မှ အပ်တစ်စင်းနှင့် လူ့ပြည်မှ အပ်တစ်စင်း အပ်ဖျားခြင်းသာ ထိဖို့လွယ်သည် လူ့ဘ၀ဆိုတာ ရခဲပေး၏ဟု အဆိုအမိန့်ရှိပါသည်။ 
                    ခရစ်ယာန်ဘာသာဝင် တို့အနေဖြင့် ကျမ်းစာတော်မြတ်အရ ကမ္ဘာဦးကျမ်း၌ ဘုရာသခင်သည် စကြသဠာနှင့် လောက၌ရှိရှိ သမျှ အားလုံးကို ဖြစ်စေဟူသော စေတစ်လုံးနှင့် ဖန်ဆင်းလျက် လူကိုဇီဝအသက်မှုတ်သွင်းလျက် ဖန်ဆင်းခဲ့ပါသည်။ သတ္တ၀ါ အပေါင်းတို့အနက် လူကို လုပ်ပိုင်ခွင့် အပြည့်အ၀ပေး၍ သားသမီးအရာ ကိုပင် ပေးသနားခဲ့သည်။ (ကမ္ဘာ ၁း၂၄-၃၁)
                   ဘာသာတရားကိုရိုသေကိုင်းရှိုင်း ကြသော မြန်မာပြည်တွင်လည်း မြန်မာမှု နယ်ပယ်၌ လူကို အလေးအနက်ထားကြသည်။ “လူကိုလူလိုမြင်ပါ။ လူသားအချင်းချင်း စာနာထောက်ထားပါ။ လူလို သိပါ။” စတဲ့ ပညတ်စကားများနဲ့ လူလူချင်း သတိပေး သွန်သင်ခဲ့ကြသည်။ အကယ်၍ လူတစ်ယောက်သည် လူ၌ရှိသော ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းကို အလေးမထားဘဲ ကျင့်ကြံအသက်ရှင်လျှင် “ခွေးထက်မိုက်တဲ့ ကောင်၊ ခွေးလောက်မှ အဆင့်မရှိဘူး၊ ခွေးဖြစ်မယ့်ကောင်” စသည့်ဖြင့် ခွေးဆိုသော တိရိစ္ဆာန်တစ်ကောင်နှင့် ခိုင်းနှိုင်းပြီး ပြောဆိုတတ်ကြသည်။ မြန်မာမှုနယ်ပယ်၊ မြန်မာ့ဓလေ့၌ ခွေးကို ယုတ်ညံ့ဆုံးဟု သတ်မှတ်ထားကြသည်။ ခွေးတစ်ကောင်နှင့်ခိုင်းနှိုင်း ပြောဆို ခံရလျှင် လွန်စွာမှ ခံပြင်းကြသည်။ ဒေါသအမျက်ထွက်လျက် ခိုက်ရန်ဖြစ်ပွါးသည်အထိ ဖြစ်တတ်ကြသည်။


ခရစ်ယာန်ဘာသာနှင့်ကယ်တင်ခြင်း

                  ကမ္ဘာပေါ်ရှိဘာသာတရားတိုင်း၏ ဦးတည်ရည်မှန်းချက်ကတော့ “လူသားတိုင်း မသေချာမရေရာတဲ့ ဘ၀သံသရာကနေ လွတ်မြောက်ခြင်းရရှိဖို့” ဖြစ်ပါတယ်။ ထိုဦးတည်ချက် ဆီသို့ လျှောက်လှမ်း တဲ့အခါ မတူကွဲပြားသော နည်းလမ်းအမျိုးမျိုးဖြင့် သွားကြပါသည်။ အဲဒီ နည်းလမ်းတွေကို “ဘာသာတရား” (Religion) ဆိုပြီး အမည်ပေးကင်ပွန်း တပ်ကြပါတယ်။ ခရစ်ယာန် တစ်ဦးအတွက် ကယ်တင်ခြင်းဟာ “ဘ၀အသက်တာရဲ့ လွတ်မြောက်ခြင်း” ဖြစ်ပါတယ်။
                    “ကယ်တင်ခြင်း” ခံစားရနိုင်ဖို့ ကျွန်တော်တို့ဘာလုပ်ရမှာလဲ။ ဒီမေးခွန်းကို ဖြေဖို့ဆိုရင် “ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ၊ အခြေအနေ” (Context) ကိုဦးစွာပထမကြည့် ရပါလိမ့်မယ်။ ဒီအတွက် နောက်ထပ်ထွက်ပေါ်လာတဲ့ မေးခွန်းကတော့ “လူသားတစ်ဦးအဖြစ် အသက်ရှင်နေထိုင်နေခြင်း ရဲ့ခရီးပန်းတိုင် (သို့) ရည်မှန်းချက်က ဘာလဲ” ။
                     “ကယ်တင်ခြင်း” ဆိုတဲ့စကားလုံးဝေါဟာရကို ကျွန်တော်တို့ဘယ်လို အနက်ဖွင့်ဆိုကြမလဲ။ “သေလွန်ပြီးတဲ့အချိန် (သို့) နောင်ဘ၀ရောက်တဲ့အချိန် ကျိန်ခြင်းအမင်္ဂလာ (၀ါ) ငရဲ မကျစေဖို့အရေး ဟာ “ကယ်တင်ခြင်း” လား.........
                     “ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ      အဘယ်သို့ပြု ရပါမည်နည်း” ဆိုသောမေးခွန်းကို တမန်တော်ကြီးရှင်ပေါလုကတော့ အခုလိုပြန်ဖြေပါတယ်။ “သခင်ယေရှုကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ။ (တမန် ၁၆း၃၁)
            ဒီ အဖြေစကားကို ကျွန်တော်တို့ ဘယ်လိုနားလည် ပါသလဲ။ ဘယ်လိုနားလည် ခံယူ သင့်ပါသလဲ။ 

ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းအမြင် (Old Testament Concept of Salvation)
                    ကယ်တင်ခြင်း (Salvation) ဆိုတဲ့စကားလုံးနဲ့ ပတ်သက်လို့ ဓမ္မဟောင်းကျမ်းမှာ အခြေအနေ (၃)မျိုး အားဖြင့် ဖော်ပြတာတွေ့ရပါတယ်။

၁။      စစ်ပွဲဆိုင်ရာအခြေအနေမှ ကယ်တင်ခြင်း။
၂။      “ကယ်တင်ခြင်း” နှင့် “ဖြောင့်မတ်ခြင်း” ဆက်စပ်မှု
၃။      အနာဂတ်ကာလဆိုင်ရာ ကယ်တင်ခြင်း       တို့ပဲဖြစ်ပါတယ်။ 

၁။                 ဓမ္မဟောင်းကိုလေ့လာတဲ့အခါ ဟီဗရူးဝေါဟာရ Ya Sh'a (to save) ဆိုတဲ့စကားလုံးဟာ Yeshu'ah, yesha, teshu'ah ( Salvation, Security, Safety, ease ) တို့ကနေ ဆင်းသက်လာတဲ့ ဝေါဟာရ ဖြစ်ပြီး “ရန်သူတို့လက်မှ ကယ်လွှတ်ခြင်း” လို့အဓိပ္ပါယ် ရပါတယ်။ “ချည်နှောင်မှု ကင်းခြင်း” “လွတ်လတ်ခြင်း” ဆိုတဲ့အဓိပ္ပါယ် ရှိပါတယ်။ ဓမ္မဟောင်းကျမ်းကို လေ့လာတဲ့ အခါ “ကယ်တင်ခြင်း” ဆိုတဲ့သဘောတရားကို “လွတ်လပ်ခြင်း” ဆိုတဲ့သဘောတရား အယူအဆ ရှိတဲ့ ဝေါဟာရအဖြစ်သာ အဓိက အသုံးပြုတာ တွေ့ရပါတယ်။
                    ဆင်းရဲနွမ်းပါသူများ     အနေဖြင့်   သူတို့အပေါ်ဖိနှိပ်    ညှင်းဆဲနေ      သူတွေရဲ့ လက်က လွတ်မြောက် ခြင်း၊ ဣသရေလလူမျိုး များအနေဖြင့် ကျွန်ခံရာ အီဂျစ်ပြည်မှလွတ်မြောက်ခြင်း စတဲ့ ကျပ်တည်းတဲ့အခြေအနေကနေ လွတ်မြောက်ခြင်းသဘော (လွတ်လပ်ခြင်း) ကိုရည်ညွှန်း တာ တွေ့ရပါတယ်။ “အောင်မြင်ခြင်း(Victory) ၊ “ကယ်နုတ်ခြင်း” (Deliverance) ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။ ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းကျမ်းအမြင်ဟာ “စစ်ပွဲမှာအောင်မြင်ခြင်း” “တိုက်ပွဲအတွင်း ရန်သူလက်မှ ကယ်လွှတ်ခြင်း” စတဲ့ သဘောတရားတွေ လွှမ်းမိုးနေတာတွေ့ရပြီး ပုံဆောင် ခိုင်းနှိုင်းမှုတွေဖြစ်တဲ့ “ကယ်တင်သောရဲတိုက် (၂ရာ ၂၂း၅၁)” “ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး (ဟေရှာယ ၅၉း၁၇)” “ကယ်တင်ရာမြင်းရထားတော် (ဟဗက္ကုတ် ၃း၈)” “ကယ်တင်တော် မူခြင်းဒိုင်းလွှား (၂ရာ ၂၂း၃၆) (ဆာလံ ၁၈း၃၅)” “ကယ်တင်သောဦးချို (၂ရာ ၂၂း၃) (ဆာလံ ၁၈း၂)” စသည်တို့ဟာ ဓမ္မဟောင်းကျမ်းဆိုင်ရာ ကယ်တင်ခြင်းအမြင်ကို ထင်ဟပ်စေပါသည်။
                  ဓမ္မဟောင်းအမြင်မှာ “ကယ်တင်ခြင်း” ဆိုရာတွင် တိုက်ပွဲမှာအောင်မြင်ခြင်းမက “ရန်သူများ၏ ဘေးအန္တရာယ်ပြုခြင်းမှ လုံခြုံစွာနေရခြင်း” ဆိုတဲ့လေးနက်မှု ရှိပါတယ်။ ဒီသဘော တရားကို ဟေရှာယ (၂၆း၁-၂) မှာ.......။ “ထိုကာလ၌ ယုဒပြည်မှာသီချင်းဆိုလတံ့သော စကားဟူမူကား ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကယ်တင်ခြင်းကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထား တော်မူလိမ့်မည်။ တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်၍ ဖြောင့်မတ်သောသူ ၀င်ပါစေ” ။
               “သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံ ကိုနောက်တစ်ဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူဖျက်ဆီးခြင်း မရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်း ဟူ၍လည်းကောင်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်း ဟူ၍လည်းကောင်း သမုတ်ရလိမ့်မည်”။ ဟေရှာယ (၆၀း၁၈) ။ ဒါကြောင့်စစ်ပွဲ ဆိုင်ရာကယ်တင်ခြင်း လို့ ပြောတဲ့အခါ ဣသရေလလူမျိုးများအနေဖြင့် ဖိနှိပ်ညှင်းဆဲသူအမျိုးမျိုးနဲ့တကွ၊ ရန်သူလက်မှ လွတ်မြောက်ခြင်း၊ တိုက်ပွဲမှာရန်သူများကို   ချေမှုန်းအောင်မြင်ခြင်း တို့အပြင် “ရန်သူများရဲ့ ဒုက္ခပေးနှောင့်ယှက်မှုမှ ဘေးကင်းလုံခြုံ စွာနေနိုင်ခြင်း” ဟူသောအဓိပ္ပာယ်ရှိပါတယ်။

Saturday, April 4, 2015

အသင်းတော်နှင့်မြန်မာ့ရေခံမြေခံအတာသင်္ကြန်

             ကျိုင်းတုံဘက်မှရွာလေးတစ်ရွာတွင် တိုင်းရင်းသားများစုကာ နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်သည်။ ရွာလေးဟုဆိုသော်လည်း ရွာတွင်အိမ်ခြေ (၆၀၀)ကျော်ခန့် ရှိသောရွာဖြစ်သည်။ ထိုရွာ၌ ရပ်ကွက်ပေါင်း(၁၀) ရပ်ကွက်ရှိသည်။ ရွာထိပ်မှစတင်ကာ ရပ်ကွက်(၁-၂) စသည့်ဖြင့် ရေတွက်ကာဖွဲ့စည်းထားသည်။ ထူးခြားသည်မှာ ရပ်ကွက်(၁၀) ရပ်ကွက်ရှိသည့်အနက် ရပ်ကွက်(၁)သည် ခရစ်ယာန်ရပ်ကွက် ဖြစ်သည်။ ကျန်(၉)ရပ်ကွက်မှာ ဗုဒ္ဓဘာသာ ရပ်ကွက်များဖြစ်သည်။ ထိုရွာလေးတွင်နှစ်စဉ် အတာသင်္ကြန်ကို စည်းကားစွာကျင်းပကြသည်။ 
                ယခုလည်း    သင်္ကြန်ကာလရောက်ရန်     တစ်ပတ်သာလိုတော့တဲ့    အချိန် ရွာလူကြီး များက ကြေငှာချက်တစ်ခုထုတ်ပြန်လိုက်သည်။ “ဒီနှစ်သင်္ကြန်မှာ ရပ်ကွက်အလိုက်သင်္ကြန်မဏ္ဍပ် ပြုလုပ်ကာ မည်သည့်မဏ္ဍပ်သည် အကောင်းဆုံးဖြစ်ကြောင်း ပြိုင်ပွဲပြုလုပ် မည်ဖြစ်သဖြင့် ရပ်ကွက်တိုင်း သင်္ကြန်မဏ္ဍပ်ကို မဖြစ်မနေလုပ်ရမည်။” ဟုထုတ်ပြန်ပါသည်။ ခရစ်ယာန် ရပ်ကွက်ဖြစ်သော ရပ်ကွက်(၁)က အသင်းတော်လူကြီးများ ခေါင်းကိုက်နေရပြီ။ တစ်နှစ်မှမလုပ်ဖူးသောအရာ ကိုယ့်ဘာသာတရားနှင့်လည်း မဆိုင်သောကြောင့် ဆွေးနွေးရပြီးပေါ့။ မလုပ်ပြန်ရင်လည်းဒီရွာမှာ ကိုယ်ကလူနည်းစုလေ။ ရွာလူကြီးစကား နားမထောင်ဖြစ်ဦးမယ်။ လုပ်ပြန်ရင် လည်း သင်းအုပ်ဆရာ ခေါင်းဆောင်ပြီး ရေကစားတာမျိုးက မသင့်တော်ပြန်။ တကယ်ခေါင်းကိုက်စရာပါပဲ။


Happy Easter Day 2015

                Easter Day   ၀တ်ပြု ခြင်းကို      ဒီကနေ့မနက် (၆း၀၀)       နာရီမှာ    Ann Judson သင်္ချိုင်း ရင်ပြင်တွင်ကျင်းပခဲ့ကြတယ်။ ၀တ်ပြု ခြင်းအပြီး အသင်းသူ/သားများအားလုံး အတူတကွမနက်စာကို စားကြ တယ်။ ပြီးတော့ ဆေးရုံမှာကလေးမွေးဖွားဖို့တက်ရောက်နေတဲ့ ကေသီချို ကိုသွားရောက်တွေ့ဆုံကြပြီး ဆုတောင်းပေး ခဲ့ ကြတယ်။ 
                ခရစ်တော်သေခြင်း   ကိုအောင်မြင်တဲ့မနက်မှာ အားလုံးပျော်ရွှင်စွာနဲ့ဆင်နွှဲခဲ့ကြတယ်။













Friday, April 3, 2015

သင်မည်သို့မျိုးစေ့မျိုး စိုက်ခဲ့ပါသနည်း။

                   အခြေပြု ကျမ်း (ဂလာတိ ၆း၇)
                 “ အလွဲမယူကြနှင့်    ဘုရားသခင်သည်     မထီမဲ့မြင်ပြုခြင်းကို    ခံတော်မမူ။ လူသည်မျိုးစေ့ ကြဲသည့်အတိုင်း   အသီးအနှံကို   ရိပ်ရလိမ့်မည်။”
                 မျိုးစေ့၏သဘောသဘာဝသည် နည်းနည်းကြဲသော်ငှားလည်း အပင်များများပေါက်တတ်သည်။ ယနေ့ယုံကြည်သူတစ်ဦး၏ အသက်တာတွင် မိမိမျိုးစေ့ကိုမည်သို့ ကြဲခဲ့နည်းဟု ကိုယ့်ကိုယ်ကိုပြန်လည် ဆန်းစစ်ဖို့လိုသည်။ ကောင်းသောမျိုးစေ့ကိုသာကြဲခဲ့မည် ဆိုလျှင် ကောင်းသောအသီးအနှံကို ရိပ်ရသကဲ့သို့ မကောင်းသောအသီးအနှံကိုကြဲခဲ့မည်ဆိုလျှင် ပုပ်ပျက်သည့်အသီးအနှံကို ရိပ်သိမ်းရမည်ဟု ကျမ်းစာက သွန်သင်ထားသည်။ တနည်းအားဖြင့် ခရစ်တော်ကိုမိမိအသက်သခင် အဖြစ်လက်ခံထားသော်လည်း ဘုရားအလိုတော်ကိုမဆောင်ဘဲ မိမိစိတ်တိုင်းကျ မိမိအလိုအတိုင်း အသက်ရှင်သူများ ကိုယ်နေ့စဉ် အသက်ရှင်ခြင်း အရာ မှာ မည်သည့် မျိုးစေ့ကို ကြဲခဲ့နည်းဟူ၍  ပြန်လည် ဆန်းစစ်ရန်  မေတ္တာဖြင့်  ဖော်ပြပါရစေ။
                 
  ၁။             အဓမ္မမျိုးစေ့။  (ယောဘ ၄း၈)
              “ငါမြင်သည့်အတိုင်း မတရားသော    လယ်ထွန်ခြင်းကိုပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသော သူတို့သည်   ထိုသို့နှင့်အညီ    စပါးရိတ်တတ်ကြ၏။”
                အဓမ္မမျိုးစေ့ကိုကြဲသောသူသည် မတရားသောသူတို့နှင့်တန်းတူဖြစ်ကြောင်း ကျမ်းစာကဖော်ပြ ထား ပါသည်။ တနည်းအားဖြင့်  အဓမ္မမျိုးစေ့ရှိသောသူသည်   မတရားသောသူဖြစ်သည်ဟု ဆိုလိုသည်။
           ဥပမာ = (၃ရာ ၂၁း) ၊ (၄ရာ ၁၀း၁၀)
                 ယေဇရေလမြို့သား  နာဗုတ်ပိုင်သော  စပျစ်ဥယျာဉ်ကို ရှင်ဘုရင်၏      အခွင့်အာဏာသုံးပြီး အဓမ္မသိမ်းယူလိုက်သည့် ဘုရင်အာဟပ်နှင့်မိဖုရား ယေဇဗေလကို အဓမ္မလူများဖြစ်ကြောင်း ကျမ်းစာ က မှတ်တမ်းတင်ထားသည်။   အာဟပ်မင်းနှင့် သူ၏မိဖုရား  ယေဇဗေလသည် မင်းအာဏာကို အလွဲသုံးစားပြု ပြီး   မတရားသဖြင့် ခြံပိုင်ရှင်  နာဗုတ်ကိုသတ်ပြီး  စပျစ်ဥယျာဉ်ကို သိမ်းယူခဲ့သည်။  (၃ရာ ၂၁း၁၆)

Thursday, April 2, 2015

အသက်ရေထွက်ရာစမ်းရေတွင်း

အခြေခံကျမ်းချက် ။              ။ ယောဟန် ၇း၃၇-၃၉
            ငါ့ကိုယုံကြည်သောသူသည် အသက်ရေထွက်ရာစမ်းရေတွင်း ဖြစ်လိမ့်မည်။

           အထက်ဖော်ပြပါစကားသည်သကေနေပွဲတော်တွင်သခင်ယေရှုပြောခဲ့သောစကား ဖြစ်ပါသည်။ သကေနေပွဲဆိုသည်မှာ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပသောပွဲတော်ဖြစ်ပါသည်။ (၇)ရက်တာ ကျင်းပသော ပွဲတော်ဖြစ်ပြီး သဲကန္တရတောကြီးထဲ လှည့်လည်နေကြစဉ်  ယာယီဗိမ္မာန်တော်သဖွယ်အသုံးပြု ခဲ့သော တဲတော်(Tabernacles) ကိုအစွဲပြုပြီး ကျင်းပသောပွဲတော်ဖြစ်သည်။ တဲတော်သည်အကျယ် ၁၅ပေ၊ အရှည် ၄၅ပေနှင့်အမြင့် ၁၅ပေ(ဘော်လုံးကွင်းတစ်ကွင်းစာခန့်) ရှိမည်ဖြစ်သည်။
               အခန်းငယ်(၃၈)တွင်     ယေရှုဖော်ပြသော   ကျမ်းစာလာသည့်အတိုင်း သည် ဟေရှာယ ၁၂း၂-၃၊  ဟေရှာယ ၄၄း၃-၄၊ ဟေရှာယ၉၈-၁၁တို့ ဖြစ်နိုင်ချေရှိသည်။ အဘယ်ကြောင့် ဆိုသော် ထိုကျမ်းချက် တို့၌ “ရေတွင်း” ၊“စမ်းရေတွင်း” ၊ “ရေ”၊ “ရေလောင်းသောဥယျာဉ်” စသည့် အချက်များ ပါဝင် ဆက်စပ်နေပါသည်။

သခင်ယေရှုခရစ်၏နောက်ဆုံးစကားတော်(၇)ခွန်း

              သခင်ယေရှုဘုရားဟာသူရဲ့အမှုတော်မြတ်ကိုအဆုံးသတ်ရန်နောက်ဆုံးယေရုရှင်လင်မြို့သို့ကြွချီ
ခဲ့ပါတယ်။ ထိုနောက်ကျမ်းစာလာသည့်အတိုင်း အသေခံတော်မူခြင်း ကိုပြင်ဆင်ခဲ့ပါတယ်။ ကိုယ်တော်ဟာမိမိရဲ့ခန္ဓာနဲ့ အသက်ကိုရန်သူလက်သို့အပ်နှံပြီး လူသားတွေရဲ့အပြစ်ဒုစရိုက်အတွက် အသေခံတော်မူခြင်း ကိုခံယူခဲ့ပါတယ်။ ကားတိုင်လမ်းကိုလျှောက်စဉ် ကိုယ်တော်ဟာ ပင်ပန်းဆင်းရဲခြင်းဝေဒနာကို အဆုံးစွန်ခံယူခဲ့ပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသက်တော်မြတ် ကိုစွန့်တော်မူခဲ့ပါတယ်။ ဒါဟာလူသားတွေအပေါ် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကိုပြသခဲ့တာဖြစ်ပါတယ်။
                 သခင်ယေရှုဟာ ကားတိုင်လမ်းကိုလျှောက်စဉ်နှုတ်တော် အားဖြင့် စကားတော် ( ၇ )      ခွန်း မိန့်တော် မူခဲ့ပါတယ်။ ဒီစကားတော်များ ဟာ ကနေ့လူသားတွေကို ပေးတဲ့ ကိုယ်တော်ရဲ့ သတင်းစကားတွေဖြစ်ပါတယ်။ ကိုယ်တော်ဖွင့်ပြတော်မူတဲ့ စကားတော် အားဖြင့် ဘုရားသခင်ရဲ့ အလိုတော်နဲ့အကြံအစည်တော် ကိုကျွန်တော်တို့ကြည့်ကြရအောင်။

၁။              ရှင်လုကာ (၂၃း၂၄)
             “ယေရှုကလည်း အိုအဘ၊သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည်ကိုယ်ပြုသောအမှုကိုမသိကြဟု မြွက်ဆိုတော်မူ၏” ဟုမိန့်တော်မူခဲ့ပါတယ်။ ကိုယ်တော်ကိုကရာနိအရပ်တွင်လက်ဝါးကပ်တိုင်ပေါ် ၌ရိုက်ထားကြပြီးတဲ့အခါ ကိုယ်တော်ရဲ့ဝတ်ရုံကို စာရေးတံချကာ ခွဲဝေနေကြပါတယ်။ ကိုယ်တော်ကိုသူတို့ကိုကြည့်ပြီး မိန့်တော်မူခဲ့တာဖြစ်တယ်။ 
                လောကမှအဆုံးဝါးဆုံအရာကမသိခြင်းပါပဲ။ မသိတဲ့အတွက်မမှားသင့်တဲ့အမှားတွေ ကျူးလွန်ကြတာ မလုပ်သင့်တဲ့အလုပ်ကိုလုပ်မိတာ အများကြီးပါပဲ။ အခုလည်း လူတို့ဟာ မသိခြင်းကြောင့် လူသားတွေကိုချစ်သောဘုရားရဲ့သားတော်ကိုပြစ်မှားပြီး လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ကြ တာဖြစ်တယ်။ အသေသတ်ရုံမက  သေးဘူး ပြက်ရယ်ပြုခြင်း၊ မထီမဲ့မြင်ပြု ခြင်းအမှုကိုပင် သူတို့ကျူးလွန်ကြတာဖြစ်ပါတယ်။