Monday, December 10, 2018
မဖိတ်ခေါ်ထားသည့် ဧည့်သည်များ
              အိမ်တွင်မွေးနေ့ပွဲ၊ ခရစ်စမတ်ပွဲ .... စသည်တို့ကို ကျင်းပသောအခါ ခင်မင် ရင်းနှီးသူများကို ဖိတ်ကြားကြပါသည်။ သူစိမ်းတစ်ရံစာတွေကိုတော့ ဖိတ်ခေါ်လေ့မရှိပါ။ သို့ရာတွင် တစ်ခါတလေမှာ သူတို့ လည်းပါလာ တတ်ပါသည်။ ထို့အပြင် အလွန်ရင်းနှီးသည့် သူငယ်ချင်းနှင့် ဆွေမျိုးများက မဖိတ်ခေါ်ပဲ ရောက်လာကြပါသေးသည်။ သည်လိုရောက်လာသည့် အခါမျိုးတွင် ၀မ်းသာပီတိ ဖြစ်ရပါသည်။
             ကြီးကျယ်ခမ်းနားသော ပွဲများကို ဖိတ်စာမပါလျှင် သွားလို့မရပါ။ယခုလို ပြုရသည်မှာ လုံခြုံရေးအတွက် သာမက ထိုင်ခုံကို အတိအကျ ထားရှိသောကြောင့် ဖြစ်ပါသည်။ သည်လိုပွဲတွေကို မတက်ရောက်နိုင်သည့်အခါ အချိန်မီ အကြောင်းကြားရပါသည်။ ထိုအခါမျိုးတွင် RSVP ဟု ရေးထားပါသည်။ ပြင်သစ်လို “ကျေးဇူးပြု၍ အကြောင်းပြန်ပါ” ဟု ဆိုလိုပါ၏။
                 လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က မထင်ရှားသည့် တောမြို့လေး တစ်မြို့တွင် မွေးနေ့
ပွဲငယ်လေးတစ်ခုကျင်းပခဲ့ပါသည်။ ဘုရင်တကာတို့၏ ဘုရင် မွေးဖွားသော်လည်း အခမ်းအနားကို နန်းတော်တွင် မဟုတ်ဘဲ နွားတင်းကုပ်တွင် ကျင်းပပါသည်။ မွေးနေ့ရှင်၏ မိဘတွေက ဆင်းရဲသောကြောင့် မည်သည့် အစားအသောက်နှင့်မျှ ဧည့်ခံကျွေးမွေးနိုင်ခြင်း မရှိပါ။ ဖိတ်ခေါ်ခြင်း ခံရသောသူတွေကလည်း အနည်းငယ်သာ ရှိပြီး လယ်ကွင်းထဲက သိုးထိန်းတွေ ဖြစ်ပါ၏။ အခြားမည်သူ့ကို အသိမပေးပါ။ သို့ရာတွင် မဖိတ်ခေါ်ပဲ ရောက်ရှိသူများ ရှိပါသည်။ အချိန်မီတော့ မဟုတ်ပါ။ မိုင်တစ်ထောင်ကျော် ဝေးသောအရပ်မှ လာရသည့်အတွက် သုံးလမှ တစ်နှစ်အထိကြာနိုင်သည်ဟု ခန့်မှန်းကြပါသည်။ မာဂုပညာရှိများ ဖြစ်ပါသည်။ မွေးမည့်နေရာနှင့် နေ့ရက်ကိုလည်း အတိအကျ မသိကြပါ။ ကောင်းကင်မှ ကြယ်တစ်စင်းကို ကြည့်ပြီး စမ်းတ၀ါးဝါးဖြင့် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ (မ ၂း၁၁)
Sunday, September 9, 2018
နောက်ဆုံးသောနေ့ရက်ကာလ
 မေး။           ။ ကျမ်းစာထဲတွင် ဘုရားသခင်သည် ဒုတိယအကြိမ် လောကသို့ကြွလာပြီး ကမ္ဘာကြီးကို ဆေးကြောမည်ဟု ပါရှိပါသည်။ ထိုသို့ဆေးကြောပြီးနောက် ဘုရားသခင်သည် ကမ္ဘာသစ်ကို ထပ်မံဖန်ဆင်းဦး မည်လော လူသတ္တ၀ါ တို့ကိုလည်း အသစ်ဖန်ဆင်းဦးမည်လော
ဖြေ။           ။  နောက်ဆုံးသောကာလ နေ့ရက်နှင့်ဆိုင်သော သဘောတရား (Doctrine of Eschatology) နှင့် ဆိုင်ပါသည်။
            ခရစ်တော် ဒုတိယအကြိမ်လောကသို့ ကြွလာခြင်းကို ဂရိလို (Parousia) ဟုခေါ်ပါသည်။ ယေရှုသည် မြေကြီးပေါ်တွင် ရှိစဉ်က ဒုတိယအကြိမ် ကြွလာဦးမည်အကြောင်း ပြောခဲ့သည်။ ပုံပမာ များဖြင့်ပင် ဟောကြားခဲ့သည်။ ကောင်းကင်သို့ တက်ကြွပြီးလျှင် ပြီးခြင်းပင် ကောင်းကင်တမန်များမှ တဆင့် ထပ်မံအတည်ပြု ခဲ့ပြန်သည်။ (တမန် ၁း၁၁နှင့် ဗျာဒိတ် ၃း၁၁) သို့သော် ယခုအဓိက မေးခွန်းမှာ ထိုသို့ ပြန်ကြွလာပါက ကမ္ဘာနှင့်လူသားတို့ကို အသစ်ထပ်မံ ဖန်ဆင်းဦးမည်လော ဟူသော မေးခွန်းဖြစ်၍ ၎င်းကိုသာ အာသီသ ထားပြီး ဖြေဆိုပါမည်။
            ၎င်းမေးခွန်းနှင့် အနီးဆုံးသော ကျမ်းစကားမှာ “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား ရှေးကောင်းကင်နှင့် ရှေးမြေကြီးတို့သည် ရွေ့သွားကြပြီ” ဟူသော ဗျာဒိတ် ၂၁း၁ ပါ ကျမ်းစကားဖြစ်ပါသည်။
             ၎င်းကျမ်းကို ရှင်ယောဟန်ရေးခဲ့ပါသည်။ ကမ္ဘာသစ်ကို ဖန်ဆင်းခြင်းမပြုဘဲ ကမ္ဘာဟောင်းကို အသစ်ပြုပြင်မည်ဟူသော အယူအဆမှာ ဟေဗြဲလူမျိုးတို့ထဲတွင် ရှိနေပါသည်။ ဟေရှာ ၆၅း၁၇ တွင် “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ဟု ရေးထားစေကာမူ အဟောင်းကိုသာ ပြုပြင်ပြီး အသစ်မဖန်ဆင်းဟူသော အယူအဆများကို ဟေဗြဲလူမျိုးတို့က လက်ခံထားပါသည်။ (ဟေရှာ ၆၆း၂၂ နှင့်လည်း နှိုင်းယှဉ်ကြည့်ပါ)
ထာဝရဘုရားသည်အာဒံ၊ဧဝနှစ်ဦးတည်းကိုသာဖန်ဆင်းသလော
မေး။          ။ ထာဝရဘုရားသည် ကမ္ဘာဦးက အာဒံနှင့်ဧဝကိုဖန်ဆင်း၍ သူတို့နှစ်ဦးအားထိမ်းမြားပေးခဲ့ရမှ အစ ပေါက်ဖွားလာကြရာတွင် ၎င်းတို့မွေးဖွားလာသော သားသမီးအချင်းချင်း အိမ်ထောင်ပြု၍ တဆင့် ပွားများလာခြင်းလော ဟူ၍ မရှင်းလင်းပါ။ သိပါရစေ။
ဖြေ။        ။ (O.T Theology) အရ ဖြေပါမည်။
                ကမ္ဘာဦး ၁း၂၇ ကိုကြည့်ပါ။ ထာဝရဘုရားသည် မိမိ၏ပုံသဏ္ဍာန်နဲ့အညီ လူကို ဖန်ဆင်း တော်မူသည်။ လူယောင်္ကျား၊လူမိန်းမတို့ကို တပြိုက်နက်တည်း ဖန်ဆင်းတော်မူပြီးလျှင် “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့၊ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” ဟု ဆိုပြီး သူတို့ကို ကောင်းကြီးပေးခဲ့ ကြောင်း တွေ့ရပါလိမ့်မည်။ ၎င်းမှတ်တမ်းကို P ဟုခေါ်သော ယဇ်ပရောဟိတ်အဖွဲ့က ရေးသားမှတ်တမ်း တင်ခဲ့သည်။ 
              ကမ္ဘာဦး ၂း၈နှင့် ၂း၂၂ကို ကြည့်ပါ။ လူနှင့်လူမိန်းမ (အာဒံနှင့်ဧဝ) ကို တစ်ဦးပြီးမှတစ်ဦး ဖန်ဆင်းခဲ့ရကြောင်း ရေးထားသည်ကို တွေ့ရပါလိမ့်မည်။ ဤဒုတိယမှတ်တမ်းကို ရေးသားသူများအား J ဟုခေါ်သော ပုဂ္ဂိုလ်တစ်စုက ရေးသားခဲ့ပါသည်။ ထာဝရဘုရားအား (Jahweh) ဝါ (Jehovah) ဟူသော အမည်နာမဖြင့် ကျမ်းကို ရေးသားပြုစုခဲ့သူများအား ဤသို့ ခေါ်ကြသည်။
                သို့ကြောင့် လူကို ဖန်ဆင်းခြင်းနှင့် ပတ်သက်၍ မှတ်တမ်းနှစ်ခု ရှိနေပါသည်။ ၎င်းတို့မှာ (ကမ္ဘာ ဦး ၁း၂၆-၃၀နှင့် ၂း၎-၇၊ ၁၈း၂၂) တို့ဖြစ်ပါသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို ရှင်းရမည်ဖြစ်၍ ဤစာစောင်တွင် နေရာရှိမည် မဟုတ်ပါ။ သမ္မာကျမ်း၏ ပထမခြောက်စောင်ကို အဆိုပါ စာပေပညာရှင်များက ရေးသားခဲ့ကြောင်း သုတေသီများက တွေ့ရှိထား ပါသည်။
Friday, August 31, 2018
သမ္မာကျမ်းစာသမိုင်း
ဓမ္မဟောင်းကျမ်း
                  သမ္မာကျမ်းစာထဲမှာ ပထမဆုံး ၃၉ကျမ်းကို ဓမ္မဟောင်းကျမ်းလို့ သိထားကြသည်။ ဓမ္မဟောင်း ကျမ်းကို ဟေဗြဲလို ရေးသားခဲ့တာ ဖြစ်ပြီး ကျမ်းပိုဒ်အနည်းငယ်လောက်ကိုသာ အာရေမစ်နဲ့ ရေးသား ခဲ့ပါတယ်။ ဓမ္မဟောင်းကျမ်းကို အောက်ပါအတိုင်း ကျမ်းဝင်အဖြစ် သတ်မှတ်ထားတာကို တွေ့နိုင်ပါတယ်။
၁။   ယုဒကျမ်းဝင် တနခကျမ်း
   ၁။   ကမ္ဘာဦးကျမ်း
   ၂။.   ထွက်မြောက်ရာကျမ်း            (ပညတ္တိကျမ်း)
   ၃။   ၀တ်ပြုရာကျမ်း                           တိုရာ
   ၄။   တောလည်ရာကျမ်း
   ၅။   တရားဟောရာကျမ်း
   ၆။   ယောရှုမှတ်စာ
   ၇။   တရားသူကြီးမှတ်စာ                  ( ကနဦးပရောဖက်ကျမ်းများ)
   ၈။   ဓမ္မရာဇ၀င်ပထမနှင့်ဒုတိယစောင်              နာဗီအင်း
   ၉။   ဓမ္မရာဇ၀င်တတိယနှင့်စတုတ္ထစောင်
   ၁၀။   ဟေရှာယအနာဂတ္တိကျမ်း
   ၁၁။   ယေရမိအနာဂတ္တိကျမ်း
   ၁၂။   ယေဇကျေလအနာဂတ္တိကျမ်း
   ၁၃။   ပရောဖက် ၁၂ပါး          ( နောက်ပိုင်းပရောဖက်ကျမ်းများ)
           ဟောရှေ                                     နာဗီအင်း
           ယောလ
          အာမုတ်
           သြဗတိ
           ယောန
           မိက္ခာ
           နာဟုံ
           ဟဗက္ကုတ်
           ဇေဖနိ 
           ဟဂ္ဂဲ
           ဇာခရိ
           မာလခိ
   ၁၄။   ဆာလံကျမ်း
   ၁၅။   ယောဘ၀တ္ထု
   ၁၆။   သုတ္တံကျမ်း                            ကဗျာ၊အင်္လကာကျမ်းများ
   ၁၇။   ရုသ၀တ္ထု                                     (ခါတုဗင်း)
   ၁၈။   ရှောလမုန်သီချင်း
   ၁၉။  ဒေသနာကျမ်း
   ၂၀။   ယေရမိမြည်တမ်းစကား
   ၂၁။   ဧသတာဝတ္ထု
   ၂၂။   ဒံယေလအနာဂတ္တိကျမ်း
   ၂၃။   ဧဇရ- နေဟမိမှတ်စာ
   ၂၄။   ရာဇ၀င်ချုပ်  ပထမနှင့်ဒုတိယစောင်
Wednesday, August 22, 2018
မြဲတည်ကျောက်၊ ကျွန်ုဖို့ကွဲ........
မြဲတည်ကျောက်ကျူး - Rock of Ages Cleft for me
သီချင်းနံပါတ်-   ၁၆၇
             ဓမ္မသီချင်းစာအုပ်သစ်၌ ပုဒ်ရေ ၁၆၇မြောက် သောသီချင်းသည် “မြဲတည်ကျောက်ကျူး” ဖြစ်ပါသည်။ မြောက်မြားလှစွာသော တပည့်တော်တို့သည် ဤသီချင်းအား လွန်စွာနှစ်သက်၍ ခွန်အား တည်ဆောက်ရန်အတွက် သီဆိုခဲ့ကြသည်။ စုံစမ်းခြင်းရောက်သောကာလများ၌........
                   “မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ
                   ခိုပါစေကိုယ်တော် အထဲ...........
                   နံတော်ထဲက စီးရေ... သွေး
                   ပြစ်အနာကိုငြိမ်းစေရေ....
                  ပြစ်ဖြေရှင်း နှလုံးဆေးကြော
                  ကုန်စင် ကယ်တင်ပါစေသော....”
                  ဤဓမ္မတေးသည် လဲမသွားစေရန် တိုးညှင်းစွာ အားပေးသော သီချင်းကောင်းတစ်ပုဒ် ဖြစ်ကြောင်း သက်သေခံချက် များစွာရရှိခဲ့ပါသည်။ အရက်သမားတစ်ယောက်ကို ပြောင်းလဲစေခဲ့ဖူးပါသည်။ ရေနစ်သူကို လွတ်မြောက်စေခဲ့ဖူးသည်...... စသည်ဖြင့် ရာဇ၀င်သမိုင်း ရှိခဲ့သည်။
               ဤဓမ္မတေး၏ မူလကား ၁၇၇၆ခုနှစ်တွင် ဖြစ်သည်။ နှစ်ပေါင်း ၂၂၀ကြာ ခဲ့ပြီး၊ ဆရာ သြဂတ်စတက်တော့ ပလေဒီ Rev. A. Toplady  1746-1778 ရေးသားခဲ့ပါသည်။ ဆရာသည် ၁၂နှစ်သား မှစ၍ တရားဟောကာ ၁၄နှစ်တွင် ဓမ္မသီချင်းများ စတင်ရေးစပ်သည်။ သူသည် သခင်ယေရှုနှင့် တွေ့၍ လက်တော်နှင့် တို့ခြင်းခံရပြီးလျှင် အပြစ်ကိုပယ်လျက် ၀မ်းမြောက်ဖွယ်သော ဧ၀ံဂေလိတရာကို ဆင်းရဲ ချမ်းသာမရွေး ဟောကြားခြင်းသည် အရေးကြီးသော သာသနာ့တာဝန် ဖြစ်သည်ဟု ယုံကြည်သူ တစ်ဦး ဖြစ်သည်။
            တော့ပလေဒီသည် ဤသီချင်း၌ လူသည် ဘုရားသခင်ကို ကနဦးကပင် လိုအပ်ခဲ့ကြောင်း၊ အသက်တာ တစ်လျှောက်လုံးတွင်သာမက ကောင်းကင်နိုင်ငံသို့ ၀င်စား၍ တရားစီရင်တော်မူသည်အထိ လိုအပ်ကြောင်းဖော်ပြ၍ ဆုတောင်းသံဖြင့် အဆုံးသတ်ခဲ့သည်။
တပည့်တော်ချစ်ခြင်းသည်.....
တပည့်တော်အချင်းချင်း ချစ်ခြင်းကျူး -    Blest Be the Tie that Binds
သီချင်းနံပါတ်-   ၃၆၆
           စည်းဝေးကြီးများ၏နိဂုံးတွင် ဤဓမ္မသီချင်းကို အသုံးများ ခဲ့ပါသည်။ ဓမ္မသဘင်များ ပြီးဆုံးခါနီးတွင် မခွဲမခွာကြမီ ဤဓမ္မသီချင်းကို သီဆိုကြသောအခါ စိတ်နှလုံးတွင် မမြင်ရသော တွယ်တာမှု တစ်ခုခုက အမှန်တကယ်ပင် ချည်နှောင်ခြင်း သံယောဇဉ်ကို ဖြစ်စေပါသည်။
             တပည့်တော်ချစ်ခြင်းသည်
            ညီအစ်ကိုချင်း၌တည်
           ထက်ဘုံ၌ကဲ့သို့တည်း........
         ဂျွန်ဖောဆက် John Fawsett 1740-1817 ၏ လက်ယာဖြစ်သော ဤသီချင်းကို ဓမ္မသီချင်း၏ ပုဒ်ရေ ၃၆၆အဖြစ် တွေ့မြင်ရပါသည်။ အင်္ဂလိပ်ဓမ္မသီချင်းစာအုပ်၌ ပုဒ်ရေ ၄၇၆တွင် Blest be the Tic that Binds ဟု ဖော်ပြပါသည်။ ဆယ့်ရှစ်ရာစုတွင် ဆရာဂျွန်ဖောဆက်သည် အင်္ဂလန်ပြည်၏ ကျေးလက်ဖြစ်သော ရောက်ရှားရွာ၏ သင်းအုပ်ဖြစ်ခဲ့သည်။
          ဂျွန်ဖောဆက်၏ မွေးသက္ကရာဇ်ကို ၁၇၃၉ဟူ၍ မူကွဲလည်းတွေ့ရပါသည်။ သူသည်ဆင်းရဲသော မိသားစုမှ မွေးဖွားလာသူဖြစ်ပြီး ၀ှိုက်ဖီးလ်၏ တရားကြောင့် စိတ်ပြောင်းလဲလာခဲ့သူ ဖြစ်ပါသည်။ အသက်၁၆နှစ်တွင် ပြောင်းလဲ၍ ၂၆နှစ်တွင် အမှုတော်ဆောင်ဖြစ်လာကာ ရောက်ရှားရွာတွင် သင်းအုပ် လုပ်ခဲ့ပါသည်။
           သူသင်းအုပ်လုပ်သော အသင်းတော်တွင် ဆင်းရဲသောသူများ ပါဝင်ဖွဲ့စည်းထားသဖြင့် ဆရာ့ကို လစာ ကောင်းကောင်းမထောက်ပံ့နိုင်ပေ။ ပေါင် ၅၀ခန့်မျှသော လစာနှင့်ကြိုးစား အမှုထမ်းရာ သင်းဝင်သူ များစွာ၏ ချစ်ခင်မှုကို ရရှိပေသည်။
အို...ငါဝိညာဉ်နောက်နောက်မမေ့..........
မေတ္တာတော်အောက်မေ့ကျူး-    O thou my Soul forget me more
သီချင်းနံပါတ်.......... ၂၆၃
          ဤသီချင်းကို မူလက ဟိန္ဒူစာနှင့် ကရစ်ရှနပ် အမည်ရှိသော ဟိန္ဒူတစ်ပည့်တော် တစ်ယောက် ရေးသည်။ ကရစ်ရှနပ် တပည့်တော်ဖြစ်ရသည့် အကြောင်းမှာ တစ်နေ့သ၌ လက်သမားလုပ်၍ လက်မောင်း ကျိုးသဖြင့် ဓမ္မဆရာကယ်ရီ၏ လက်ထောက် ဆရာသောမကို ခေါ်ယူ၍ကုသလျှင် ဆရာသောမသည် အခွင့် အားလျော်စွာ ဧ၀ံဂေလိတရားတော်ကို သူ့အား ဟောပြောလေသည်။ ကရစ်ရှနပ်စိတ်တွင် ထိုဆရာ တရားတော် အမြစ်စွဲ၍ စဉ်းစားလေလေဖြစ်သည်။
         မယား၊သမီးပေါင်း သုံးယောက်တို့လည်း ထိုအတူသဘောကျ သောကြောင့် ၁၈၀၀ပြည့်၊ ဒီဇင်ဘာ ၂၂ရက်နေ့တွင် ဆရာကယ်ရီထံမှာ နှစ်ခြင်းမင်္ဂလာကို တောင်းလေသည်။
          ကရစ်ရှနပ်၊ညီ၊ မယားနှင့် သမီးတို့ ဟိန္ဒူဇတ်ကိုစွန့်၍ ခရစ်ယာန် ရေနှစ်ခြင်းမင်္ဂလာ ခံမည်ကို ဆီရင်ပူမြို့သူ၊မြို့သား လူအများတို့ ကြားသိကြလျှင် လူနှစ်ထောင် ထကြွသောင်းကျန်း၍ ကရစ်ရှနပ် အိမ်သို့သွားရောက်လျက်သူနှင့်သူ့ညီအစ်ကိုတို့ကို ဆွဲထုတ်ပြီးလျှင် ရာဇ၀တ်တရားသူကြီးမင်းရှေ့ အပ်ကြသော်လည်းချက်ချင်းလွှတ်ခွင့် ရကြလေသည်။