မြဲတည်ကျောက်ကျူး - Rock of Ages Cleft for me
သီချင်းနံပါတ်- ၁၆၇
ဓမ္မသီချင်းစာအုပ်သစ်၌ ပုဒ်ရေ ၁၆၇မြောက် သောသီချင်းသည် “မြဲတည်ကျောက်ကျူး” ဖြစ်ပါသည်။ မြောက်မြားလှစွာသော တပည့်တော်တို့သည် ဤသီချင်းအား လွန်စွာနှစ်သက်၍ ခွန်အား တည်ဆောက်ရန်အတွက် သီဆိုခဲ့ကြသည်။ စုံစမ်းခြင်းရောက်သောကာလများ၌........
“မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ
ခိုပါစေကိုယ်တော် အထဲ...........
နံတော်ထဲက စီးရေ... သွေး
ပြစ်အနာကိုငြိမ်းစေရေ....
ပြစ်ဖြေရှင်း နှလုံးဆေးကြော
ကုန်စင် ကယ်တင်ပါစေသော....”
ဤဓမ္မတေးသည် လဲမသွားစေရန် တိုးညှင်းစွာ အားပေးသော သီချင်းကောင်းတစ်ပုဒ် ဖြစ်ကြောင်း သက်သေခံချက် များစွာရရှိခဲ့ပါသည်။ အရက်သမားတစ်ယောက်ကို ပြောင်းလဲစေခဲ့ဖူးပါသည်။ ရေနစ်သူကို လွတ်မြောက်စေခဲ့ဖူးသည်...... စသည်ဖြင့် ရာဇ၀င်သမိုင်း ရှိခဲ့သည်။
ဤဓမ္မတေး၏ မူလကား ၁၇၇၆ခုနှစ်တွင် ဖြစ်သည်။ နှစ်ပေါင်း ၂၂၀ကြာ ခဲ့ပြီး၊ ဆရာ သြဂတ်စတက်တော့ ပလေဒီ Rev. A. Toplady 1746-1778 ရေးသားခဲ့ပါသည်။ ဆရာသည် ၁၂နှစ်သား မှစ၍ တရားဟောကာ ၁၄နှစ်တွင် ဓမ္မသီချင်းများ စတင်ရေးစပ်သည်။ သူသည် သခင်ယေရှုနှင့် တွေ့၍ လက်တော်နှင့် တို့ခြင်းခံရပြီးလျှင် အပြစ်ကိုပယ်လျက် ၀မ်းမြောက်ဖွယ်သော ဧ၀ံဂေလိတရာကို ဆင်းရဲ ချမ်းသာမရွေး ဟောကြားခြင်းသည် အရေးကြီးသော သာသနာ့တာဝန် ဖြစ်သည်ဟု ယုံကြည်သူ တစ်ဦး ဖြစ်သည်။
တော့ပလေဒီသည် ဤသီချင်း၌ လူသည် ဘုရားသခင်ကို ကနဦးကပင် လိုအပ်ခဲ့ကြောင်း၊ အသက်တာ တစ်လျှောက်လုံးတွင်သာမက ကောင်းကင်နိုင်ငံသို့ ၀င်စား၍ တရားစီရင်တော်မူသည်အထိ လိုအပ်ကြောင်းဖော်ပြ၍ ဆုတောင်းသံဖြင့် အဆုံးသတ်ခဲ့သည်။
၁၇၅၃ခုနှစ်တွင် အင်္ဂလိပ်စစ်တပ်မှ တပ်မှူး မေဂျာ တော့ပလေဒီ၏သား အသက် ၁၆နှစ်ရှိ သြဂတ်စတပ် မန်တေဂူ၊ တော့ပလေဒီသည် မိခင်မုဆိုးမနှင့် (အသက်တစ်နှစ်တွင် ဖခင်ဖြစ်သူ တိုက်ပွဲကျဆုံး) အိုင်ယာလန်ပြည်ရှိ ဆွေမျိုးများထံ သွားရောက်လည်ပတ်သည်။ ကိမန်ဒီရွာ၌ တပည့်တော် တစ်ယောက်က ဆင်းရဲသားများနှင့်အတူ စပါးကျီတစ်ခု၌ စည်းဝေး၍ တရားဟောရာ တော့ပလေဒီ လိုက်သွား၍ နားစွင့်လိုက်လျှင်..........
“သင်တို့သည် အထက်ကဝေးလျက် ရှိသော်လည်း......
ယခုမှာ........ ခရစ်တော်၌ ဖြစ်၍.....
အသွေးတော်အားဖြင့်.........
အနီးသို့ရောက်လေပြီ....... (ဧဖက် ၂း၁၃)
ဟူသော ကျမ်းချက်ကို ကြားရလေသည်။ တော့ပလေဒီသည် ယခင်က ကယ်တင်ခြင်းကို ပဓာနမထားသော်လည်း ရိုးသားသော တရားဟောချက်သည် သူ့နှလုံးသားကို ထိခိုက်၍ အဆုံး၌ အဖိုးတန်လှသော ဤသီချင်းကို ရေးစပ်ဖို့ရန် နှိုးဆော်မှု ရလေသည်။ ဤသို့ဖြင့် ”မြဲတည်ကျောက်၊ ကျွန်ုပ်ဖို့ကွဲ” ဓမ္မတေး မွေးဖွားခဲ့ရခြင်းဖြစ် ပါသည်။
အရက်မူးလျက်ရှိသောသူ...........
အ၀တ်အစား နွမ်းပါးလျက်ရှိသောသူ တစ်ယောက်သည် ခမ်းနားထည်ဝါသော ဘုရားရှိခိုကျောင်း ထဲသို့ ၀င်သွားလေသည်။ ဘုရားရှိခိုးနေခိုက် သီချင်းဒုတိယအပိုဒ် ဆိုသည့်အဆုံးတွင် တရားဟောပလ္လင်နား တိုင်အောင် သူလျှောက်သွားရာ ပရိသတ်က အံ့သြနေကြသည်။
မတားဆီးနိုင်ခင် ခုံတန်းမှာသူလဲကျ၍ အိပ်ပျော်လေတော့သည်။ ထိုအခါ.... သင်းထောက် တစ်ယောက်က ဘုရားရှိခိုးကျောင်း အပြင်ဖက်သို့ သူ့ကိုထုတ်ပစ်မည် ပြုရာ........
ဆရာက......
“နေပါစေ...... ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို နှောက်ယှက်တာမှ မဟုတ်တာ၊ ဘုရားသခင် ပို့လိုက်တာ ဖြစ်မှာပါ။ သူနိုးလာတဲ့အခါ..... ကောင်းတဲ့တရားစကားကို ကြားချင်ကြားရလိမ့် မယ်။ နေပါစေ.....” ဟုပြောသဖြင့် ဒီအတိုင်း ထားကြလေသည်။
တကယ်လည်း မကြာခင် သူနိုးလာခဲ့သည်။ သူနိုးလာချိန်၌ ပရိပ်သတ်သည် ထ၍ ဓမ္မတေးတပုဒ်ကို သီဆိုနေကြပါသည်။ “မြဲတည်ကျောက်၊ ကျွန်ုပ်ဖို့ကွဲ” ဖြစ်ပါသည်။
“မျက်ရည်များ အစဉ်ယိုစေ.......
စိတ်အားကြီး မလျော့မရွေ့.......
ဤမျှပင် အပြစ်မလွတ်......
ကိုယ်တော်သာ သနားကယ်ချွတ်.....
လက်တော်၌ အဖိုးမပါ............
တိုင်တော်ရင်းသာ ချဉ်းကပ်ပါ..........
အရက်မူးနေသူသည် လန့်နိုးကာ ပရိသတ်ကို ထကြည့်ပြီးလျှင် မိမိမျက်နှာက် လက်နှင့်ဖုံးလျက် ထိုင်လေသည်။ ယခင်က ကြားဖူးခဲ့သော တရားတို့ကိုလည်း အပြင်းအထန် သတိရ၍ ချက်ချင်းခံစား ရကာ မျက်ရည်ကျလျက်နေသည်ကို တရားဟောဆရာက မြင်ရလေသည်။
ကျောင်းအပြင်သို့ ဆွဲမထုတ်ဘဲ သည်းခံသည့် ခရစ်ယာန်တို့၏ သည်းခံခြင်းဖြင့်သာ အနိုင်နိုင် ကယ်တင်ခြင်းခံခဲ့ ရသောသူ။ “မြဲတည်ကျောက်၊ ကျွန်ုပ်ဖို့ကွဲ.....” ဓမ္မတေးကို ကြားလျက် ပြောင်းလဲခဲ့သူ သည် ထိုကျောင်း၌ တပည့်တော်ဖြစ်ရုံမက အားကိုးအားထားပြုရသော အသင်းထောက် တစ်ပါးပင် ဖြစ်လာခဲ့ပါသည်။
သင်္ဘောတစ်စီး ရုတ်တရက် မီးလောင်ပေါက်ကွဲသဖြင့် လူများ ရေထဲသို့ ခုန်ချ ကူးခတ် ရလေသည်။ ဇနီးမောင်နှံ နှစ်ယောက်တွင် ခင်ပွန်းသည်သာ အသက်ကယ်အကျီကို ၀တ်ဆင်ခွင့်ရ လေသည်။ ဇနီးသည် မရတော့သဖြင့် ခင်ပွန်း၏ ပုခုံးကိုမှီကာ ကူးခတ်နေရသည်။ ကြာလာသောအခါ အင်အားယုတ်လျော့ သဖြင့်.......
“ကျွန်မ မတတ်နိုင်တော့ဘူး။ မောင်...... လက်ပန်းကျနေပြီ”
“နေပါဦး...... ခင်၊ အသက်ကယ် သမ္ဗာန်တွေ ရောက်လာတော့မှာပါ”
“မရတော့ဘူးမောင်........ ဘယ်လိုမှ မတတ်နိုင်တော့ဘူး....”
“ဟေ့...... တို့နှစ်ယောက် သီချင်းသည်တွေပဲကွ.....။ သီချင်းဆိုရင်း သေကြရအောင်။ မြဲတည် ကျောက်ကို ဆိုကြစို့.......”
“ဟုတ်ကဲ့ရှင်......”
သူတို့နှစ်ယောက်သည် လက်ပန်းကျလှပြီးဖြစ်၍ နောက်ဆုံး အင်အားဖြင့် မြဲတည်ကျောက်ကို သီဆိုကြလေသည်။ သူတို့နှစ်ယောက် အားနည်းလှစွာ သံပြိုင် သီဆိုနေကြသည်ကို ကြားရသော အနီးအပါးမှ ရေကူးနေသူများကလည်း ကြား၍၀ိုင်းဆိုကြလေသည်။ ဓမ္မတေးသီဆိုနေသူ ဒုက္ခသည်များကို လှိုင်းတံပိုးသည် နစ်မြုပ်အောင် ရိုက်ပုတ်နိုင်စွမ်း မရှိပါ။
သူတို့၌ အားအင်သစ်ရရှိ၍ အချိန်ကို ဆွဲထားနိုင်သဖြင့် ကယ်ဆယ်မည့် သမ္ဗာန်များ ရောက်ရှိ လာကာ အသက်ချမ်းသာခွင့် ရရှိကြလေသည်။
ဝိတိုရိယဘုရင်မ၏ ကြင်ယာတော် အယ်လ်ဘတ်မင်းသားကြီး အနိစ္စ ရောက်ခါနီးတွင် ဤ သီချင်းကို သီဆိုခဲ့ပြီးနောက်........
“ဤသီချင်းကြောင့် မဟုတ်ဘဲ.....
ရတနာ၊ ဂုဏ်ဒြပ် စသည်တို့၌သာ ကျွန်ုပ်ပျော်မွေ့အားကိုး နေခဲ့လျှင်....... ဒီအချိန်မှာ ကျွန်ုပ်ဟာ ၀မ်းနည်းဖွယ် လူမွဲ ဖြစ်ရာရောက်မှာပဲ..... ” ဟု ၀န်ခံခဲ့ဖူးလေသည်။
“ထွက်သက်၊ ၀င်သက် ရှုစဉ်တွင်
မျက်စိသေလျက် စုတေလျှင်.......
မြင့်ရွှေဘုံသို့ ပြန်တက်ကြွ
ဖြူ ပလ္လင်တော် မြင်ရမှ.......
မြဲတည်ကျောက် ကျွန်ုပ်ဖို့ကွဲ
ခိုပါစေ ကိုယ်တော်အထဲ.........”
ဆရာကြီးတော့ပလေဒီကို ကျေးဇူးတင်ကြရပါမည်။
ဆရာဆိုး
No comments:
Post a Comment