နှစ်ခြင်းသာသနာ မြန်မာပြည်သို့ရောက်လာခါစတွင် ဓမ္မသီချင်းများကို အသုံးမပြုကြပေ။ ဆရာ ယုဒသန်ဦးဆောင်သော သာသနာပြုသူတို့၏ လက်ထဲတွင် မြန်မာဘာသာ ဓမ္မသီချင်းများမရှိနိုင် သည့်အပြင် ဆရာယုဒသန်သည် ကိုယ်တိုင်ကလည်း သီချင်းကို အသံအနေအသံထားနှင့် သီဆိုသင်ကြားပေးဖို့ အားနည်းနေသောကြောင့်ဟု ဆိုပါသည်။
တချို့ကတော့ ဆရာယုဒသန်သည် အသံမတည့်၊ သီချင်းမဆိုတတ်ဟု ပြောကြပါသည်။ မြန်မာ လူမျိုးကလည်း ဘုရားရှိခိုးရာတွင် သီချင်းမဆိုသင့် ....... ဟု အယူသည်း အစွဲကြီးကျန်နေတာကိုလည်း ဖြစ်နိုင်ပါသည်။ ထိုအယူသည်းမှုသည် မြန်မာပြည်မှာသာမက အင်္ဂလန်မှာလည်း ရှိခဲ့ဖူးသဖြင့် အင်္ဂလိပ်တို့ သည် ဆာလံသီချင်းကိုသာ အချိန်ကြာမြင့်စွာ သီဆိုခဲ့ကြရသည်ဟု ဆိုပါသည်။
၁၈၆၉ခုနှစ် မှတ်တမ်းတစ်စောင်တွင် ဆရာကြီးမေဆင် Rev. Francis Mason မော်လမြို့သို့ ဆိုက်ရောက်လာခါစ အချိန်တွင် ခရစ်ယာန်တပည့်တော်များ၊ မြန်မာ၊ ကရင်တို့သည် ဓမ္မသီချင်းမဆိုဘဲ ဘုရားရှိခိုးလျှင် အစတွင်ပင် ........ “သုံးပါးပေါင်း တစ်ဆူတည်းဖြစ်တော်မူ သော ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော် ဘုရားကို ရှိခိုးပါ၏” ဟူ၍ ရွတ်ဆိုကြသည်ဟု ဆိုသည်။ ဤအစီအစဉ်ကို ဆရာယုဒသန်က စီမံခဲ့ပြီးနောက် တဖြည်းဖြည်းဓမ္မသီချင်းဆိုသော အလေ့အကျင့်ကို တည်ဆောက်ယူ ခဲ့ရသည်ဟု ဆိုပါသည်။
ဓမ္မသီချင်းကို သီဆိုခြင်းအမှုသည် ဆရာကတ္တားနှင့် ဆရာဟင်းကောက်တို့၏ မိသားစုများ ရောက်လာမှ ပို၍ဖွံ့ဖြိုး လာသည်။ ထိုဆရာတို့၏ ဇနီးသည်တို့သည် အလွန်သီချင်းဆိုတတ်၍ အသံလည်း ကောင်းသည်။ ၀ါသနာပါ၍ သူတပါးကိုလည်း သင်ကြားပေးဖို့ စေတနာရှိသည်။ သူတို့၏ ကြိုးစားမှုဖြင့် မြန်မာဓမ္မသီချင်း၏ သြဇာသည် ယုံကြည်သူများအပေါ်လွှမ်းမိုး၍ သီချင်းအားဖြင့် ဂုဏ်တော်ချီးမွမ်းဖို့ရန် အတွက် ပျော်မွေ့နှစ်သက်လာကြသည်။