မေး။ ။ ကျမ်းစာထဲတွင် ဘုရားသခင်သည် ဒုတိယအကြိမ် လောကသို့ကြွလာပြီး ကမ္ဘာကြီးကို ဆေးကြောမည်ဟု ပါရှိပါသည်။ ထိုသို့ဆေးကြောပြီးနောက် ဘုရားသခင်သည် ကမ္ဘာသစ်ကို ထပ်မံဖန်ဆင်းဦး မည်လော လူသတ္တ၀ါ တို့ကိုလည်း အသစ်ဖန်ဆင်းဦးမည်လော
ဖြေ။ ။ နောက်ဆုံးသောကာလ နေ့ရက်နှင့်ဆိုင်သော သဘောတရား (Doctrine of Eschatology) နှင့် ဆိုင်ပါသည်။
ခရစ်တော် ဒုတိယအကြိမ်လောကသို့ ကြွလာခြင်းကို ဂရိလို (Parousia) ဟုခေါ်ပါသည်။ ယေရှုသည် မြေကြီးပေါ်တွင် ရှိစဉ်က ဒုတိယအကြိမ် ကြွလာဦးမည်အကြောင်း ပြောခဲ့သည်။ ပုံပမာ များဖြင့်ပင် ဟောကြားခဲ့သည်။ ကောင်းကင်သို့ တက်ကြွပြီးလျှင် ပြီးခြင်းပင် ကောင်းကင်တမန်များမှ တဆင့် ထပ်မံအတည်ပြု ခဲ့ပြန်သည်။ (တမန် ၁း၁၁နှင့် ဗျာဒိတ် ၃း၁၁) သို့သော် ယခုအဓိက မေးခွန်းမှာ ထိုသို့ ပြန်ကြွလာပါက ကမ္ဘာနှင့်လူသားတို့ကို အသစ်ထပ်မံ ဖန်ဆင်းဦးမည်လော ဟူသော မေးခွန်းဖြစ်၍ ၎င်းကိုသာ အာသီသ ထားပြီး ဖြေဆိုပါမည်။
၎င်းမေးခွန်းနှင့် အနီးဆုံးသော ကျမ်းစကားမှာ “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား ရှေးကောင်းကင်နှင့် ရှေးမြေကြီးတို့သည် ရွေ့သွားကြပြီ” ဟူသော ဗျာဒိတ် ၂၁း၁ ပါ ကျမ်းစကားဖြစ်ပါသည်။
၎င်းကျမ်းကို ရှင်ယောဟန်ရေးခဲ့ပါသည်။ ကမ္ဘာသစ်ကို ဖန်ဆင်းခြင်းမပြုဘဲ ကမ္ဘာဟောင်းကို အသစ်ပြုပြင်မည်ဟူသော အယူအဆမှာ ဟေဗြဲလူမျိုးတို့ထဲတွင် ရှိနေပါသည်။ ဟေရှာ ၆၅း၁၇ တွင် “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ဟု ရေးထားစေကာမူ အဟောင်းကိုသာ ပြုပြင်ပြီး အသစ်မဖန်ဆင်းဟူသော အယူအဆများကို ဟေဗြဲလူမျိုးတို့က လက်ခံထားပါသည်။ (ဟေရှာ ၆၆း၂၂ နှင့်လည်း နှိုင်းယှဉ်ကြည့်ပါ)