“ဘဏ်” ကို ငွေအပ်၊ ငွေစု၊ ငွေလွှဲသည့် နေရာအဖြစ်နှင့် သိထားကြပါသည်။ သို့ရာတွင် ငွေအပြင် အခြား တန်ဖိုးရှိသော အရာများကို ထိန်းသိမ်းစောင့်ရှောက်ပေးသော ဘဏ်ဝန်ဆောင်မှုမျိုး တွေလည်း ရှိပါသေးသည်။ Safe deposit box ဟုခေါ်ပါသည်။ ဘဏ်တွင်ငွေကြာကြာ စုထားလျှင် အတိုးများများရပါသည်။ မကြာခဏ ထုတ်သုံးနေလျှင်တော့ အတိုးသိပ်မရသည့်အပြင် တချို့ဘဏ်တွေက ပေးကိုမပေးပါ။ ဘဏ်သည် မိမိတန်ဖိုးထားသောအရာများကို လုံခြုံစွာ သိမ်းဆည်းထားနိုင်သော နေရာဖြစ်ပါသည်။
“အမှိုက်ပုံး” ဆိုသည်မှာ စွန့်ပစ်လိုသော ပစ္စည်းများကို ထားသည့်နေရာ ဖြစ်ပါသည်။ သည်အထဲတွင် အညစ်အကြေးတွေလည်း ပါဝင်ပါသည်။ ထိုကြောင့် ပုံးထဲ၌ ကြာရှည်စွာ ထားလို့ မဖြစ်ပါ။ မပုပ်မသိုးမီ အပြီးအပိုင်စွန့်ပစ်လိုက်ဖို့ လိုအပ်ပါသည်။ တချို့အမှိုက်တွေကိုတော့ မီးရှို့၍ ရှင်းပစ်နိုင်ပါသည်။
လူသည် ဘုရားသခင်ဖန်ဆင်းထားသည့် သတ္တ၀ါများအထဲတွင် အသိညာဏ်အကြွယ်ဝဆုံး ဖြစ်ပါသည်။ သို့ရာတွင် လူတော်တော်များများက “ဘဏ်တိုက်” နှင့် ”အမှိုက်ပုံး” ကိုမှားနေကြပါသည်။ ဘာကိုစုပြီး ဘာကိုစွန့်ရမှန်း မသိပါ။ ယနေ့လူတို့ အသေအလဲရှာဖွေ စုဆောင်းနေကြသည့် အရာများကို ကြည့်လျှင် သိနိုင်ပါ၏။ အဘယ်ကြောင့် သည်လိုဖြစ်ရပါ သနည်း။ တန်ဖိုးထားသောအရာ အကြီးအကျယ် လွဲမှားနေသည့်အတွက် ဖြစ်ပါ၏။ တစ်ဦးနှင့်တစ်ဦး အလုအယက် အပြိုင်အဆိုင် စုဆောင်းနေကြပြီး မရမကဖက်တွယ်ထားသော အရာများသည် တကယ်ပင် တန်ဖိုးရှိပါသလား။ တန်ဖိုးကို မည့်သည့် ချိန်ခွင်ဖြင့် တိုင်းတာကြမည်နည်း။