Sunday, January 13, 2019

သူပြောခဲ့သောထိုနေရာ...

               မစ္စတာ အိပ်(ခ်ျ) အင်၊ ဂါစတင်ဆိုသူသည် ကျွန်တော်၏ ယောက္ခမဖြစ်ပါသည်။ အင်္ဂလိပ် ကပြားကြီး တစ်ဦးလည်းဖြစ်သည်။ ဤကမ္ဘာကြီး၌ အတော်ပင် အသက်ရှင်စွာ နေထိုင်ခဲ့ရသူ ဖြစ်၍လည်း အသက် (၈၅)နှစ် ကျမှ ကွယ်လွန်သွားခဲ့ပါသည်။ 
              သို့သော် သူမကွယ်လွန်မီ ထူးခြားလှသော ဖြစ်ရပ်တစ်ခုကို ရင်ဆိုင်ခဲ့ရဖူးသည်။ ၎င်းမှာ အခြား မဟုတ်ပါ။ အသက် (၈၂)နှစ် အရွယ်ကျမှ ခရစ်တော်ထံပါးမှ ထွက်ခွာသွားခြင်းပင် ဖြစ်သည်။
             “ ကားတိုင်ပေါ်မှာ ခရစ်တော်အသေခံရတာဟာ သူ့ဖာသာသူ ဖာရိရှဲတွေနဲ့ အတိုက်အခံ လုပ်ခဲ့လို့ပဲ။ ပြီးတော့ သူအသေခံခြင်းအားဖြင့် တို့များရဲ့ အပြစ်အတွက် ကိုယ်စားဝင်ခံတာ မဖြစ်နိုင်ဘူးကွာ။ အင်း.... ဒါထက်ဆိုးတာက ဟေ့.....။ ခရစ်တော်ဟာ သေခြင်းမှာ ရှင်ပြန်ထမြောက်တယ် ဆိုတာ ငါမယုံတော့ဘူးကွ” ဟု တစ်နေ့တွင် ကြေငြာလိုက် ပါတော့တယ်။
               ကျွန်တော်တို့အားလုံး တုန်လှုပ် ခြောက်ခြားသွားကြသည်။ ကျွန်တော်၏ ရင်တွင်း၌ နာကျည်းမှု၊ ဆို့နှင့်မှုများ ခံစားခဲ့ရပါသည်။


              ထိုနေ့မှစ၍ သူသည် ခရစ်ယာန်မဟုတ်တော့ဟု ကြေငြာသည်။ အရပ်တွင်လည်း တွေ့တွေ့ သမျှကို ပြောသည်။ ဘုရားရှိခိုးကျောင်းတက်ခြင်းမှ ရပ်စဲလိုက်သည်။ အိမ်ထောင် ၀တ်ပြုစည်းဝေးတွင်ပင် လာရောက် မထိုင်တော့ပေ။
              ပထမတွင် သူ့အနေနဲ့ နောက်ပြောင်ကျီစယ် နေသည်ဟု ထင်ခဲ့သည်။ သို့သော် တကယ်ပင် ပြတ်သားစွာ ကျင့်ကြံပြုမူနေသဖြင့် ကျွန်တော်၏ စိတ်၌ အံ့သြခြင်း၊ ထိန့်လန့်ခြင်း တို့က လွှမ်းမိုးသွားသည်။ ဓမ္မဆရာများ အပါအ၀င် မည်သူကမျှ ဖြောင်းဖြ ပြောဆို၍ မရတော့ပေ။

Friday, January 11, 2019

ဓားစာခံ

               ခရစ်စမတ်ပွဲတော်ကို ကျင်းပလျက် နှစ်သစ်သို့ ကူးပြောင်းရာကာလသို့ တစ်ဖန် ရောက်ရှိလာ ကြပါပြီ။ ကုန်လွန်ခဲ့သောနှစ်တွင် မည်သို့သော တိုးတက်ပြောင်းလဲမှုမျိုးကို တွေ့ရှိခဲ့ရပါသနည်း။ အထူးသဖြင့် ခရစ်ယာန်တစ်ဦး အနေဖြင့် ခရစ်တော်၏ မေတ္တာကို ပိုမိုနားလည်လျက် ကျေးဇူးတော်၌ ကြီးထွားသည့် အရာတွင် အတော်ပင် ခရီးရောက်နေပြီလား။ သည်လိုမှမဟုတ် နှစ်တွေသာ ကြာညောင်းသွားသည် ကျွန်တော်တို့သည် ထူးမခြားနားပါပဲ။ မည်သည့်ကျေးဇူးမှလည်း မခံစားရပါလား ဟု ဆိုမည်လော။ ဤသို့ဖြစ်နေပါက လောကသို့ ယေရှုခရစ်တော်ကြွဆင်းလာခြင်း နှင့်ဆိုင်သော ကျေးဇူးတရား အကြောင်းကို ပို၍သိရှိရန် လိုအပ်နေပါပြီ။


             ဘုရားသားတော် လူ့ဘ၀ကို ခံယူခဲ့သည်မှာ လောကတွင် မင်းလုပ်အုပ်ချုပ်ရန် မဟုတ်ကြောင်း ကျွန်တော်တို့ သိကြပါသည်။ လူသားများကို အပြစ်မှကယ်တင်ရန် ကြွလာသည်ဆိုခြင်း ကိုလည်း ခရစ်ယာန်တိုင်း နားလည်ထားပါသည်။ သို့သော် သည်မျှလောက်နှင့် ပြီးပြတ်သွားသူက များပါ၏။ မည်သည့်အရာနှင့် တူနေသနည်းဆိုလျှင် အလွန်အဖိုးထိုက်သည့် လက်ဆောင်တစ်ခုကို ရသောအခါ ပျော်ရသည်။ ကျေးဇူးတင်ရန်လည်း သတိရပါသည်။ သို့သော် ပေးသူအနေဖြင့် မည်သည့်အတိုင်းအတာ အထိ စွန့်လွှတ်ခဲ့ရကြောင်းကို တော့ သုံးသပ်ကြည့်ရန် မေ့နေသောအခါ ရှိပါသည်။ အကယ်၍ ပေးသူသည် ရှိသမျှကို ပေးအပ်ခဲ့ရပါလျှင် ထိုကျေးဇူးကို လျော်ကန်စွာ တုံပြန်ရပါမည်။

Thursday, January 10, 2019

ဆယ်ဖို့တစ်ဖို့၏နောက်ခံသမိုင်း (Backgound history of Tithe)

                  ဆယ်ဖို့တစ်ဖို့သည် ရှေးယခင်က စစ်တိုက်၍အောင်နိုင်သည့်အခါတွင် အောင်နိုင်သူ အကြီး အကဲနှင့် ကိုးကွယ်ရာ ဘုရားတို့ကို ပေးသော လက်ဆောင်ပဏ္ဏာပင် ဖြစ်သည်။ ဆယ်ပုံကို ပုံရခြင်းမှာ လက်ဆယ်ချောင်းကို ရည်ညွှန်းခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ပြက္ခဒိန်ပေါ်လာသောအခါ ထိုခေတ်က အသုံးပြုသော ပြက္ခဒိန်အရ (၁၀)လတွင် တစ်လစာကို ပေးရခြင်း ဖြစ်သည်။ ရှေးယခင်က စစ်ရေး၊ စိုက်ပျိုးေ၇းနှင့် မွေးမြူရေးသည် အဓိကလူမှုရေး ဆိုင်ရာလုပ်ငန်း ဖြစ်သည်။ မိမိ၏ လုပ်ငန်းအပေါ် မူတည်ကာ အချိုးကျ ဆယ်ဖို့တစ်ဖို့ ပေးရသည်။ ဣသရေလတို့သည် အီဂျစ်ပြည်၌ ရှိနေစဉ်တွင် သူတို့၏ ထုံးစံများ လျော့ပါးသွားခဲ့သည်။ ခါနန်ပြည်ထဲသို့ မရောက်မီက လေ၀ိလူတို့သည် ဆယ်ဖို့တစ်ဖို့ကို မရရှိခဲ့ ကြပါ။ ဣသရေလတို့ ခါနန်ပြည်ထဲ ရောက်ရှိသောအခါမှသာ လေ၀ိသားတို့သည် ဆယ်ဖို့တစ်ဖို့ကို ခံစားရသည်။ ခါနန်ပြည် ရောက်သည့်အခါမှသာ ပူဇော်သက္ကာများကို စတင်ပူဇော်ခဲ့ကြပြီး၊ ပူဇော်ပွဲများလည်း စနစ်တကျဖြစ်လာသည်။ ဣသရေလတို့ ဘာဘီလုံနှင့် အာရှုရိတို့၏ လက်ထဲသို့ ရောက်ရှိသွားသောအခါ သူတို့၏ ထုံးစံများလည်း လျော့နည်းသွားသည်။ ထိုနောက် နေဟမိတို့လက်ထက် တိုင်းပြည်သို့ ပြန်လာချိန်တွင် လူအားလုံးတို့သည် ဆယ်ဖို့တစ်ဖို့ မပေးကြပါ။ 


                 ထိုကြောင့် လေ၀ိသားတို့သည် လယ်လုပ်နေကြရသည်။ ထိုနောက် နေဟမိသည် ဗိမ္မာန်တော် တည်ဆောက်ရန်နှင့် လေ၀ိသားများကိုပေးရန် တိုက်တွန်းခဲ့သည်။ (နေဟမိ ၁၂း၄၄၊ ၁၃း၁၀)။ ဆယ်ဖို့တစ်ဖို့သည် ဣသရေလတို့၏ ၀တ်ပြုကိုးကွယ်ခြင်းတွင် အဓိကဖြစ်လာသည်။ ဘုရားကို ပူဇော်ရာတွင် ဆယ်ဖို့တစ်ဖို့ကို ပူဇော်လာခဲ့ကြပြီး၊ ထိုအရာသည် ဘုရားနှင့်သာ သက်ဆိုင်သည်ဟု ပြောဆိုလာခဲ့ ကြသည်။ ဆယ်ဖို့တစ်ဖို့ မပေးသူသည် ဘုရားသခင်၏ဥစ္စာကို လုယူသူဟု ပြောဆိုခဲ့သည်။ (မာလခိ ၃း၈-၉)။ ဟေဇကိမင်းကြီးသည် ဗိမ္မာန်တော်တွင် ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သက္ကာတို့ကို ခွဲခြားစီရင်ရန် တာဝန်များကို ခွဲခန့်စေသည်။ (၂ရာ ၁း၁၀-၁၁)

ယဉ်ကျေးမှုကိုဆန်းစစ်ခြင်း

   နိဒါန်း

                 ယဉ်ကျေးမှုဟုဆိုရာတွင် လူမျိုး တစ်မျိုး၏ ရိုးရာဝတ်စားဆင်ယင်မှု၊ ဘာသာစကား၊ ဓလေ့ ထုံးစံများ၊ အသက်ရှင်ပုံ၊ တွေးခေါ်ပုံ၊ အိမ်ဆောက်ပုံ၊ ပွဲကျင်းပပုံ၊ ထွန်ယက်စိုက်ပျိုးခြင်း၊ ၀ါသနာ၊ အစား အသောက်၊ စိတ်နေစိတ်ထား၊ ဘာသာတရား၊ နာမည်ပေးခြင်း၊ ဆိုရိုးစကားများနှင့် နေ့စဉ်နေထိုင် အသက်ရှင်ပုံ စသည်တို့ကို ခေါ်ပါသည်။ ထိုကြောင့် ယဉ်ကျေးမှုသည် အလွန်ကျယ်ပြန့်လှ ပါသည်။ လူတစ်ဦး၏ ဘ၀တစ်ခုလုံးနှင့် သက်ဆိုင်ပါသည်။ ယဉ်ကျေးမှုသည် ယဉ်ကျေးသိမ့်မွေ့ခြင်း၊ ပညာရှိခြင်း၊ အလိမ္မာရှိခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းတို့နှင့်လည်း ဆိုင်ပါသည်။ လူတစ်ဦး၏ အသက်ရှင်မှု တွေးခေါ်မှု တို့ကို ကြည့်၍ ယဉ်ကျေးသည် မယဉ်ကျေးသည်ကို ဆုံးဖြတ်ကြပါသည်။ ထိုကြောင့် ယဉ်ကျေးမှုသည် အတွင်း သဏ္ဍန်၊ အပြင် သဏ္ဍန် နှစ်ခုစလုံးနှင့် ဆက်နွယ်မှုရှိပါသည်။ ထိုကြောင့် အလွန်ကျယ်ပြန့်လှသော ယဉ်ကျေးမှု အကြောင်းများထဲမှ စိတ်နှင့်ဆိုင်သော ယဉ်ကျေးမှုအကြောင်းကို ဤဆောင်းပါးတွင် ရေးသား သွားပါမည်။





                စိတ်သည်ဘ၀တစ်ခုလုံး၏ပြတင်းပေါက်


            လူသားတို့၏ အမူအရာ၊ အပြုအမူ၊ အပြောအဆိုများ ၀တ်စားနေထိုင်ပုံစံသည် အမူအကျင့်အားလုံးတို့သည် တစ်ထွာခန့်ရှိသော စိတ်၏ထိန်းချုပ်မှု၊ မောင်းနှင့်မှုကြောင့် ဖြစ်ပါသည်။ ထို့ အပြင် လူသားတို့၏ အမြော်အမြင်၊ ဥာဏ်ပညာ၊ အရည်အသွေးတို့သည်လည်း စိတ်၏ အရည်အသွေး တစ်ရပ်ဖြစ်ပါသည်။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ရိုင်းစိုင်းမှုတို့သည်လည်း စိတ်၏ စီမံမှုကြောင့်ဖြစ်သည်။
                အမြင်ကျယ်ခြင်းနှင့် အမြင်ကျဉ်းမြောင်းခြင်း တို့သည်လည်း စိတ်နှင့် သက်ဆိုင်လျက်ရှိ ပါသည်။ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် နောက်ကျကျန်ခြင်း တို့သည်လည်း စိတ်နှလုံး၏ စွမ်းဆောင်ရည်ကြောင့် ဖြစ်သည်။ ဘာသာတရားနှင့် ပတ်သက်၍ ယုံကြည်ခြင်းနှင့် ရင့်ကျက်မှုတို့သည် စိတ်ကြောင့်ပင် ဖြစ်သည်။ ထိုကြောင့် စိတ်သည် လူတစ်ဦး၏ ဘ၀တစ်ခုလုံးကို ထိန်းချုပ်သောအရာ ဖြစ်သည်။ ကောင်းသည်ဟု ရှုမြင်ပါက အရာအားလုံးသည် အကောင်းဖြစ်သွားပြီး မကောင်းဟု ဆုံးဖြတ်ပါက အန္တရာယ်များသွား ပါသည်။ ထိုအပြင် လူတစ်ဦးသည် စိတ်ချမ်းသာစွာ နေထိုင်ပါက ကောင်းသောအရာကို လုပ်ဆောင်နိုင်ပြီး စိတ်ဆင်းရဲပါက အရာအားလုံးကို ဆုံးရှုံးနိုင်ပါသည်။ စိတ်သည် လူတစ်ဦးကို ဖျက်ဆီးနိုင်သကဲ့သို့ လူတစ်ဦးကို ကောင်းမွန်စွာ တည်ဆောက်နိုင်သည်။ ထိုကြောင့်စိတ်သည် လူဘ၀တစ်ခုလုံးအတွက် ပြတင်းပေါက်ပင် ဖြစ်သည်။

Monday, December 10, 2018

မဖိတ်ခေါ်ထားသည့် ဧည့်သည်များ

              အိမ်တွင်မွေးနေ့ပွဲ၊ ခရစ်စမတ်ပွဲ .... စသည်တို့ကို ကျင်းပသောအခါ ခင်မင် ရင်းနှီးသူများကို ဖိတ်ကြားကြပါသည်။ သူစိမ်းတစ်ရံစာတွေကိုတော့ ဖိတ်ခေါ်လေ့မရှိပါ။ သို့ရာတွင် တစ်ခါတလေမှာ သူတို့ လည်းပါလာ တတ်ပါသည်။ ထို့အပြင် အလွန်ရင်းနှီးသည့် သူငယ်ချင်းနှင့် ဆွေမျိုးများက မဖိတ်ခေါ်ပဲ ရောက်လာကြပါသေးသည်။ သည်လိုရောက်လာသည့် အခါမျိုးတွင် ၀မ်းသာပီတိ ဖြစ်ရပါသည်။
             ကြီးကျယ်ခမ်းနားသော ပွဲများကို ဖိတ်စာမပါလျှင် သွားလို့မရပါ။ယခုလို ပြုရသည်မှာ လုံခြုံရေးအတွက် သာမက ထိုင်ခုံကို အတိအကျ ထားရှိသောကြောင့် ဖြစ်ပါသည်။ သည်လိုပွဲတွေကို မတက်ရောက်နိုင်သည့်အခါ အချိန်မီ အကြောင်းကြားရပါသည်။ ထိုအခါမျိုးတွင် RSVP ဟု ရေးထားပါသည်။ ပြင်သစ်လို “ကျေးဇူးပြု၍ အကြောင်းပြန်ပါ” ဟု ဆိုလိုပါ၏။
                 လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်က မထင်ရှားသည့် တောမြို့လေး တစ်မြို့တွင် မွေးနေ့
ပွဲငယ်လေးတစ်ခုကျင်းပခဲ့ပါသည်။ ဘုရင်တကာတို့၏ ဘုရင် မွေးဖွားသော်လည်း အခမ်းအနားကို နန်းတော်တွင် မဟုတ်ဘဲ နွားတင်းကုပ်တွင် ကျင်းပပါသည်။ မွေးနေ့ရှင်၏ မိဘတွေက ဆင်းရဲသောကြောင့် မည်သည့် အစားအသောက်နှင့်မျှ ဧည့်ခံကျွေးမွေးနိုင်ခြင်း မရှိပါ။ ဖိတ်ခေါ်ခြင်း ခံရသောသူတွေကလည်း အနည်းငယ်သာ ရှိပြီး လယ်ကွင်းထဲက သိုးထိန်းတွေ ဖြစ်ပါ၏။ အခြားမည်သူ့ကို အသိမပေးပါ။ သို့ရာတွင် မဖိတ်ခေါ်ပဲ ရောက်ရှိသူများ ရှိပါသည်။ အချိန်မီတော့ မဟုတ်ပါ။ မိုင်တစ်ထောင်ကျော် ဝေးသောအရပ်မှ လာရသည့်အတွက် သုံးလမှ တစ်နှစ်အထိကြာနိုင်သည်ဟု ခန့်မှန်းကြပါသည်။ မာဂုပညာရှိများ ဖြစ်ပါသည်။ မွေးမည့်နေရာနှင့် နေ့ရက်ကိုလည်း အတိအကျ မသိကြပါ။ ကောင်းကင်မှ ကြယ်တစ်စင်းကို ကြည့်ပြီး စမ်းတ၀ါးဝါးဖြင့် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ (မ ၂း၁၁)

Sunday, September 9, 2018

နောက်ဆုံးသောနေ့ရက်ကာလ

 မေး။           ။ ကျမ်းစာထဲတွင် ဘုရားသခင်သည် ဒုတိယအကြိမ် လောကသို့ကြွလာပြီး ကမ္ဘာကြီးကို ဆေးကြောမည်ဟု ပါရှိပါသည်။ ထိုသို့ဆေးကြောပြီးနောက် ဘုရားသခင်သည် ကမ္ဘာသစ်ကို ထပ်မံဖန်ဆင်းဦး မည်လော လူသတ္တ၀ါ တို့ကိုလည်း အသစ်ဖန်ဆင်းဦးမည်လော

ဖြေ။           ။  နောက်ဆုံးသောကာလ နေ့ရက်နှင့်ဆိုင်သော သဘောတရား (Doctrine of Eschatology) နှင့် ဆိုင်ပါသည်။
            ခရစ်တော် ဒုတိယအကြိမ်လောကသို့ ကြွလာခြင်းကို ဂရိလို (Parousia) ဟုခေါ်ပါသည်။ ယေရှုသည် မြေကြီးပေါ်တွင် ရှိစဉ်က ဒုတိယအကြိမ် ကြွလာဦးမည်အကြောင်း ပြောခဲ့သည်။ ပုံပမာ များဖြင့်ပင် ဟောကြားခဲ့သည်။ ကောင်းကင်သို့ တက်ကြွပြီးလျှင် ပြီးခြင်းပင် ကောင်းကင်တမန်များမှ တဆင့် ထပ်မံအတည်ပြု ခဲ့ပြန်သည်။ (တမန် ၁း၁၁နှင့် ဗျာဒိတ် ၃း၁၁) သို့သော် ယခုအဓိက မေးခွန်းမှာ ထိုသို့ ပြန်ကြွလာပါက ကမ္ဘာနှင့်လူသားတို့ကို အသစ်ထပ်မံ ဖန်ဆင်းဦးမည်လော ဟူသော မေးခွန်းဖြစ်၍ ၎င်းကိုသာ အာသီသ ထားပြီး ဖြေဆိုပါမည်။


            ၎င်းမေးခွန်းနှင့် အနီးဆုံးသော ကျမ်းစကားမှာ “ကောင်းကင်သစ်နှင့် မြေကြီးသစ်ကိုလည်း ငါမြင်၏။ အဘယ်သို့နည်းဟူမူကား ရှေးကောင်းကင်နှင့် ရှေးမြေကြီးတို့သည် ရွေ့သွားကြပြီ” ဟူသော ဗျာဒိတ် ၂၁း၁ ပါ ကျမ်းစကားဖြစ်ပါသည်။
             ၎င်းကျမ်းကို ရှင်ယောဟန်ရေးခဲ့ပါသည်။ ကမ္ဘာသစ်ကို ဖန်ဆင်းခြင်းမပြုဘဲ ကမ္ဘာဟောင်းကို အသစ်ပြုပြင်မည်ဟူသော အယူအဆမှာ ဟေဗြဲလူမျိုးတို့ထဲတွင် ရှိနေပါသည်။ ဟေရှာ ၆၅း၁၇ တွင် “မိုးကောင်းကင်သစ်နှင့် မြေကြီးသစ်” ဟု ရေးထားစေကာမူ အဟောင်းကိုသာ ပြုပြင်ပြီး အသစ်မဖန်ဆင်းဟူသော အယူအဆများကို ဟေဗြဲလူမျိုးတို့က လက်ခံထားပါသည်။ (ဟေရှာ ၆၆း၂၂ နှင့်လည်း နှိုင်းယှဉ်ကြည့်ပါ)

ထာဝရဘုရားသည်အာဒံ၊ဧဝနှစ်ဦးတည်းကိုသာဖန်ဆင်းသလော

မေး။          ။ ထာဝရဘုရားသည် ကမ္ဘာဦးက အာဒံနှင့်ဧဝကိုဖန်ဆင်း၍ သူတို့နှစ်ဦးအားထိမ်းမြားပေးခဲ့ရမှ အစ ပေါက်ဖွားလာကြရာတွင် ၎င်းတို့မွေးဖွားလာသော သားသမီးအချင်းချင်း အိမ်ထောင်ပြု၍ တဆင့် ပွားများလာခြင်းလော ဟူ၍ မရှင်းလင်းပါ။ သိပါရစေ။

ဖြေ။        ။ (O.T Theology) အရ ဖြေပါမည်။
                ကမ္ဘာဦး ၁း၂၇ ကိုကြည့်ပါ။ ထာဝရဘုရားသည် မိမိ၏ပုံသဏ္ဍာန်နဲ့အညီ လူကို ဖန်ဆင်း တော်မူသည်။ လူယောင်္ကျား၊လူမိန်းမတို့ကို တပြိုက်နက်တည်း ဖန်ဆင်းတော်မူပြီးလျှင် “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့၊ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့” ဟု ဆိုပြီး သူတို့ကို ကောင်းကြီးပေးခဲ့ ကြောင်း တွေ့ရပါလိမ့်မည်။ ၎င်းမှတ်တမ်းကို P ဟုခေါ်သော ယဇ်ပရောဟိတ်အဖွဲ့က ရေးသားမှတ်တမ်း တင်ခဲ့သည်။ 
              ကမ္ဘာဦး ၂း၈နှင့် ၂း၂၂ကို ကြည့်ပါ။ လူနှင့်လူမိန်းမ (အာဒံနှင့်ဧဝ) ကို တစ်ဦးပြီးမှတစ်ဦး ဖန်ဆင်းခဲ့ရကြောင်း ရေးထားသည်ကို တွေ့ရပါလိမ့်မည်။ ဤဒုတိယမှတ်တမ်းကို ရေးသားသူများအား J ဟုခေါ်သော ပုဂ္ဂိုလ်တစ်စုက ရေးသားခဲ့ပါသည်။ ထာဝရဘုရားအား (Jahweh) ဝါ (Jehovah) ဟူသော အမည်နာမဖြင့် ကျမ်းကို ရေးသားပြုစုခဲ့သူများအား ဤသို့ ခေါ်ကြသည်။


                သို့ကြောင့် လူကို ဖန်ဆင်းခြင်းနှင့် ပတ်သက်၍ မှတ်တမ်းနှစ်ခု ရှိနေပါသည်။ ၎င်းတို့မှာ (ကမ္ဘာ ဦး ၁း၂၆-၃၀နှင့် ၂း၎-၇၊ ၁၈း၂၂) တို့ဖြစ်ပါသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို ရှင်းရမည်ဖြစ်၍ ဤစာစောင်တွင် နေရာရှိမည် မဟုတ်ပါ။ သမ္မာကျမ်း၏ ပထမခြောက်စောင်ကို အဆိုပါ စာပေပညာရှင်များက ရေးသားခဲ့ကြောင်း သုတေသီများက တွေ့ရှိထား ပါသည်။