ကမ္ဘာပေါ်ရှိဘာသာတရားတိုင်း၏ ဦးတည်ရည်မှန်းချက်ကတော့ “လူသားတိုင်း မသေချာမရေရာတဲ့ ဘ၀သံသရာကနေ လွတ်မြောက်ခြင်းရရှိဖို့” ဖြစ်ပါတယ်။ ထိုဦးတည်ချက် ဆီသို့ လျှောက်လှမ်း တဲ့အခါ မတူကွဲပြားသော နည်းလမ်းအမျိုးမျိုးဖြင့် သွားကြပါသည်။ အဲဒီ နည်းလမ်းတွေကို “ဘာသာတရား” (Religion) ဆိုပြီး အမည်ပေးကင်ပွန်း တပ်ကြပါတယ်။ ခရစ်ယာန် တစ်ဦးအတွက် ကယ်တင်ခြင်းဟာ “ဘ၀အသက်တာရဲ့ လွတ်မြောက်ခြင်း” ဖြစ်ပါတယ်။
“ကယ်တင်ခြင်း” ခံစားရနိုင်ဖို့ ကျွန်တော်တို့ဘာလုပ်ရမှာလဲ။ ဒီမေးခွန်းကို ဖြေဖို့ဆိုရင် “ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ၊ အခြေအနေ” (Context) ကိုဦးစွာပထမကြည့် ရပါလိမ့်မယ်။ ဒီအတွက် နောက်ထပ်ထွက်ပေါ်လာတဲ့ မေးခွန်းကတော့ “လူသားတစ်ဦးအဖြစ် အသက်ရှင်နေထိုင်နေခြင်း ရဲ့ခရီးပန်းတိုင် (သို့) ရည်မှန်းချက်က ဘာလဲ” ။
“ကယ်တင်ခြင်း” ဆိုတဲ့စကားလုံးဝေါဟာရကို ကျွန်တော်တို့ဘယ်လို အနက်ဖွင့်ဆိုကြမလဲ။ “သေလွန်ပြီးတဲ့အချိန် (သို့) နောင်ဘ၀ရောက်တဲ့အချိန် ကျိန်ခြင်းအမင်္ဂလာ (၀ါ) ငရဲ မကျစေဖို့အရေး ဟာ “ကယ်တင်ခြင်း” လား......... ။
“ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ပြု ရပါမည်နည်း” ဆိုသောမေးခွန်းကို တမန်တော်ကြီးရှင်ပေါလုကတော့ အခုလိုပြန်ဖြေပါတယ်။ “သခင်ယေရှုကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ။ (တမန် ၁၆း၃၁)
ဒီ အဖြေစကားကို ကျွန်တော်တို့ ဘယ်လိုနားလည် ပါသလဲ။ ဘယ်လိုနားလည် ခံယူ သင့်ပါသလဲ။
ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းအမြင် (Old Testament Concept of Salvation)
ကယ်တင်ခြင်း (Salvation) ဆိုတဲ့စကားလုံးနဲ့ ပတ်သက်လို့ ဓမ္မဟောင်းကျမ်းမှာ အခြေအနေ (၃)မျိုး အားဖြင့် ဖော်ပြတာတွေ့ရပါတယ်။
၁။ စစ်ပွဲဆိုင်ရာအခြေအနေမှ ကယ်တင်ခြင်း။
၂။ “ကယ်တင်ခြင်း” နှင့် “ဖြောင့်မတ်ခြင်း” ဆက်စပ်မှု
၃။ အနာဂတ်ကာလဆိုင်ရာ ကယ်တင်ခြင်း တို့ပဲဖြစ်ပါတယ်။
၁။ ဓမ္မဟောင်းကိုလေ့လာတဲ့အခါ ဟီဗရူးဝေါဟာရ Ya Sh'a (to save) ဆိုတဲ့စကားလုံးဟာ Yeshu'ah, yesha, teshu'ah ( Salvation, Security, Safety, ease ) တို့ကနေ ဆင်းသက်လာတဲ့ ဝေါဟာရ ဖြစ်ပြီး “ရန်သူတို့လက်မှ ကယ်လွှတ်ခြင်း” လို့အဓိပ္ပါယ် ရပါတယ်။ “ချည်နှောင်မှု ကင်းခြင်း” “လွတ်လတ်ခြင်း” ဆိုတဲ့အဓိပ္ပါယ် ရှိပါတယ်။ ဓမ္မဟောင်းကျမ်းကို လေ့လာတဲ့ အခါ “ကယ်တင်ခြင်း” ဆိုတဲ့သဘောတရားကို “လွတ်လပ်ခြင်း” ဆိုတဲ့သဘောတရား အယူအဆ ရှိတဲ့ ဝေါဟာရအဖြစ်သာ အဓိက အသုံးပြုတာ တွေ့ရပါတယ်။
ဆင်းရဲနွမ်းပါသူများ အနေဖြင့် သူတို့အပေါ်ဖိနှိပ် ညှင်းဆဲနေ သူတွေရဲ့ လက်က လွတ်မြောက် ခြင်း၊ ဣသရေလလူမျိုး များအနေဖြင့် ကျွန်ခံရာ အီဂျစ်ပြည်မှလွတ်မြောက်ခြင်း စတဲ့ ကျပ်တည်းတဲ့အခြေအနေကနေ လွတ်မြောက်ခြင်းသဘော (လွတ်လပ်ခြင်း) ကိုရည်ညွှန်း တာ တွေ့ရပါတယ်။ “အောင်မြင်ခြင်း(Victory) ၊ “ကယ်နုတ်ခြင်း” (Deliverance) ဆိုတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။ ကယ်တင်ခြင်းဆိုင်ရာ ဓမ္မဟောင်းကျမ်းအမြင်ဟာ “စစ်ပွဲမှာအောင်မြင်ခြင်း” “တိုက်ပွဲအတွင်း ရန်သူလက်မှ ကယ်လွှတ်ခြင်း” စတဲ့ သဘောတရားတွေ လွှမ်းမိုးနေတာတွေ့ရပြီး ပုံဆောင် ခိုင်းနှိုင်းမှုတွေဖြစ်တဲ့ “ကယ်တင်သောရဲတိုက် (၂ရာ ၂၂း၅၁)” “ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံး (ဟေရှာယ ၅၉း၁၇)” “ကယ်တင်ရာမြင်းရထားတော် (ဟဗက္ကုတ် ၃း၈)” “ကယ်တင်တော် မူခြင်းဒိုင်းလွှား (၂ရာ ၂၂း၃၆) (ဆာလံ ၁၈း၃၅)” “ကယ်တင်သောဦးချို (၂ရာ ၂၂း၃) (ဆာလံ ၁၈း၂)” စသည်တို့ဟာ ဓမ္မဟောင်းကျမ်းဆိုင်ရာ ကယ်တင်ခြင်းအမြင်ကို ထင်ဟပ်စေပါသည်။
ဓမ္မဟောင်းအမြင်မှာ “ကယ်တင်ခြင်း” ဆိုရာတွင် တိုက်ပွဲမှာအောင်မြင်ခြင်းမက “ရန်သူများ၏ ဘေးအန္တရာယ်ပြုခြင်းမှ လုံခြုံစွာနေရခြင်း” ဆိုတဲ့လေးနက်မှု ရှိပါတယ်။ ဒီသဘော တရားကို ဟေရှာယ (၂၆း၁-၂) မှာ.......။ “ထိုကာလ၌ ယုဒပြည်မှာသီချင်းဆိုလတံ့သော စကားဟူမူကား ငါတို့၌ ခိုင်ခံ့သောမြို့ရှိ၏။ ကယ်တင်ခြင်းကျေးဇူးကို ပြအိုး၊ ရင်တားအရာ၌ စီရင်ခန့်ထား တော်မူလိမ့်မည်။ တံခါးတို့ကို ဖွင့်ကြလော့။ သစ္စာစောင့်၍ ဖြောင့်မတ်သောသူ ၀င်ပါစေ” ။
“သင်၏ပြည်၌ အနိုင်အထက်ပြုခြင်းအသံ ကိုနောက်တစ်ဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူဖျက်ဆီးခြင်း မရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်း ဟူ၍လည်းကောင်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်း ဟူ၍လည်းကောင်း သမုတ်ရလိမ့်မည်”။ ဟေရှာယ (၆၀း၁၈) ။ ဒါကြောင့်စစ်ပွဲ ဆိုင်ရာကယ်တင်ခြင်း လို့ ပြောတဲ့အခါ ဣသရေလလူမျိုးများအနေဖြင့် ဖိနှိပ်ညှင်းဆဲသူအမျိုးမျိုးနဲ့တကွ၊ ရန်သူလက်မှ လွတ်မြောက်ခြင်း၊ တိုက်ပွဲမှာရန်သူများကို ချေမှုန်းအောင်မြင်ခြင်း တို့အပြင် “ရန်သူများရဲ့ ဒုက္ခပေးနှောင့်ယှက်မှုမှ ဘေးကင်းလုံခြုံ စွာနေနိုင်ခြင်း” ဟူသောအဓိပ္ပာယ်ရှိပါတယ်။